တောင်ငူမြို့၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း၌ ဦးစီးအရာရှိ (စုံစမ်းရေး) မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်

တောင်ငူမြို့၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း၌ ဦးစီးအရာရှိ (စုံစမ်းရေး) မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း၌ ၁၈-၁၁-၂၀၁၉ ရက်နေ့ (၀၈၃၀) အချိန်တွင် ဦးစီးအရာရှိ(စုံစမ်းရေး) မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပြုလုပ်ခဲ့ကြောင်း၊ အခမ်းအနားတွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချူပ် ဦးသိန်းနိုင်ထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးရုံး ညွှန်ကြားရေးမှူး ဦးအောင်သန်းတိုး၊ စုံစမ်းစစ်ဆေးမှု အတတ် ပညာသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဦးဝင်းဦး၊ ဦးစီးဌာနချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး များဖြစ်သည့် ဦးကျော်လွင် (လေ့ကျင့်ရေးဌာန)၊ ဦးမောင်မောင်မြင့် (စစ်ဆေးရေးဌာန)၊ ဦးညိုဝင်း (စုံစမ်းရေးနှင့်ငွေကြေးဆိုင်ရာဌာန)၊ ဦးအောင်မင်းဦး (မှုခင်းရေးရာဌာန)၊ ဦးလှိုင်းနန္ဒအောင် (သတင်းနှင့်နည်းပညာဌာန)၊ ဦးထွန်းထွန်းဦး (ဉပဒေနှင့် အကျိုးဆောင်ဌာန)၊ ဒေါ်ခင်ဝေ (ငွေစာရင်းဌာန) နှင့် ဖိတ်ကြားထားသည့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ သင်တန်းအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း(၅၀) ဦး ခန့်တက်ရောက်ခဲ့ပါသည်။

အဆိုပါ ဦးစီးအရာရှိ မွမ်းမံသင်တန်းသို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ သင်တန်းသား (၂၀)ဦး၊ သင်တန်းသူ(၂)ဦးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သင်တန်းသား (၃)ဦး စုစုပေါင်း (၂၅)ဦးတို့ တက်ရောက်လျက်ရှိပြီး သင်တန်းကာလ ရက်သတ္တပတ် (၈) ပတ်ကြာမြင့်မည်ဖြစ်ပါသည်။

တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့်လုပ်ဆောင်လျက်ရှိသော အာဖရိကနိုင်ငံများအနေဖြင့် တရုတ်ယွမ်ငွေအား နိုင်ငံခြားအရန်ငွေကြေးအဖြစ် ထားရှိသွားရန် စီးပွားရေးပညာရှင်များက တိုက်တွန်းခဲ့

တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့်လုပ်ဆောင်လျက်ရှိသော အာဖရိကနိုင်ငံများအနေဖြင့်  တရုတ်ယွမ်ငွေအား နိုင်ငံခြားအရန်ငွေကြေးအဖြစ် ထားရှိသွားရန် စီးပွားရေးပညာရှင်များက တိုက်တွန်းခဲ့

          တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့်လုပ်ဆောင်လျက်ရှိသော အာဖရိကနိုင်ငံများအနေဖြင့်တရုတ်ယွမ်ငွေအား နိုင်ငံခြားအရန်ငွေကြေးအဖြစ်ထားရှိ၍ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်သွားရန် အာဖရိကခြေစိုက်စီးပွားရေးပညာရှင်များက ယခုရက်ပိုင်းအတွင်း တိုက်တွန်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

          ကင်ညာနိုင်ငံ၊  နိုင်ရိုဘီမြို့ အခြေစိုက်စီးပွားရေးပညာရှင် ဘာနက်အေအီကိုက Business Daily သတင်းဌာနနှင့် တွေ့ဆုံခန်းတွင် ပြောကြားရာ၌ အာဖရိကနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံသုံးယွမ်ငွေအား နိုင်ငံခြားအရန်ငွေကြေးအဖြစ် အသုံးပြုခြင်းဖြင့် အာဖရိကနိုင်ငံများတွင် ကမ္ဘာ့စီးပွားရေး ဈေးကွက်အတွင်း ကုန်သွယ်မှုအခွင့်အလမ်းများ ပိုမိုဖြစ်ပေါ်လာစေပြီးရင်းနှီးမြှုပ်နှံမှု အသစ်များပြုလုပ်ရန် ပိုမိုဆွဲဆောင်လာနိုင်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည်စီးပွားရေးအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံနှင့် အာဖရိကနိုင်ငံများအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေနိုင်သည့်အတွက် တရုတ်နိုင်ငံသုံးယွမ်ငွေကြေးကို နိုင်ငံခြားအရန်ငွေကြေးအဖြစ် အသုံးပြုနိုင်ရန် အာဖရိကနိုင်ငံများအကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးဆုံးဖြတ်ချက်ချမှတ်သင့်ကြောင်း၊ အာဖရိကနိုင်ငံများအတွင်း စီးပွားရေးလုပ်ငန်းများတွင် ယွမ်ငွေကိုသုံးပြုခြင်းအားဖြင့် နိုင်ငံတကာနှင့်ကုန်သွယ်ရေးတွင် ပိုမိုအဆင်ပြေစေပြီး အာဖရိကတိုက်၏ နိုင်ငံခြားကုန်သွယ်မှုအား တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မြှင့်တင်ပေးနိုင်မည်ဖြစ်ကာ ဒေသတွင်းနိုင်ငံများ၏ နိုင်ငံခြားကုန်သွယ်မှုများ၊ ကုမ္ပဏီများ၊ အစိုးရလုပ်ငန်းများ၌ပါ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်စေလိမ့်မည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ဗြိတိန်နိုင်ငံသုံး ပေါင်ငွေ၊ ယူရိုငွေ၊ အမေရိကန်ဒေါ်လာနှင့် ဂျပန်ယန်းငွေတို့သည်နိုင်ငံတကာသုံးငွေကြေးများအဖြစ် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) ကအသိအမှတ်ပြုထားပြီး ၂၀၁၆ခုနှစ်တွင် တရုတ်နိုင်ငံမှ ပူးပေါင်းပါဝင်လာခဲ့ပြီးနောက် တရုတ်ယွမ်ငွေသည်လည်းနိုင်ငံတကာအသိအမှတ်ပြု ငွေကြေးတစ်ခု ဖြစ်လာခဲ့ကြောင်း၊ ထို့ပြင် တရုတ်ယွမ်ငွေသည် ကမ္ဘာတစ်ဝန်းငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်ရာတွင် တည်ငြိမ်မှုအသင့်အတင့်ရှိသည့်ငွေကြေးဖြစ်ခြင်းကြောင့် အာဖရိကနိုင်ငံများအနေဖြင့် ယွမ်ငွေကိုနိုင်ငံခြားအရန်ငွေကြေးအဖြစ် အသုံးပြုလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အာဖရိကနိုင်ငံများသို့ ချေးငွေများ၊ကုန်သွယ်ရေးနှင့်ထောက်ပံ့ပေးအပ်ငွေများ ပေးအပ်မှု ပိုမိုများပြားလာပြီး အာဖရိကနိုင်ငံများအနေဖြင့် ယွမ်ငွေကို အရန်ငွေကြေးအဖြစ် အသုံးပြုမည်ဆိုပါက ကမ္ဘာ့ပေါ်ရှိနိုင်ငံအများအပြားနှင့်ငွေပေးချေးမှုများ ပြုလုပ်ရာတွင်လည်း ပိုမိုလွယ်ကူလာလိမ့်မည်ဖြစ်သည်ဟုစီးပွားရေးပညာရှင်များက သုံးသပ်လျက်ရှိ​ကြောင်း www.punchng.com အင်တာနက်website တွင်ဖော်ပြပါရှိပါသည်။

တရုတ်အစိုးရသည် တပ်မတော်အတွင်းတပ်မတော်သားများအတွက် ပေးအပ်မည့်ဆုကြေးကို တရုတ်နိုင်ငံမှ တရားဝင်ထုတ်ဝေမည့် ဒီဂျစ်တယ်ငွေကြေးဖြင့် ပေးအပ်သွားရန် စီစဉ်လျက်ရှိ

တရုတ်အစိုးရသည် တပ်မတော်အတွင်းတပ်မတော်သားများအတွက် ပေးအပ်မည့်ဆုကြေးကို တရုတ်နိုင်ငံမှ တရားဝင်ထုတ်ဝေမည့် ဒီဂျစ်တယ်ငွေကြေးဖြင့် ပေးအပ်သွားရန် စီစဉ်လျက်ရှိ

          တရုတ်အစိုးရသည် တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားစေရေးအတွက် ထူးချွန်သည့် တပ်မတော်သားများအပေါ် ပေးအပ်မည့်ဆုကြေးကို တရုတ်နိုင်ငံမှ တရားဝင်ထုတ်ဝေမည့် ဒီဂျစ်တယ်ငွေကြေးဖြင့်် ပေးအပ်သွားရန်စီစဉ်လျက်ရှိသည်ဟု တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပိုင်သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။ 

          တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ထုတ်ဝေသည့် သတင်းစာတွင် ရေးသားဖော်ပြထားချက်များအရ တရုတ်အစိုးရသည် တပ်မတော်အတွင်း တာဝန်ဝတ္တရားများ အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် တပ်ဖွဲ့ဝင်များ၊ လုပ်ငန်းခွင်နှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များတွင် ထူးချွန်သည့် တပ်ဖွဲ့ဝင်များအား ဆုကြေးများပေးအပ်ရာတွင် တရုတ်နိုင်ငံမှ ထုတ်ဝေရန် စီစဉ်ထားသော ဒီဂျစ်တယ်ငွေကြေးများကို အသုံးပြုရန် အကြံပြုရေးသားထားသည်ဟု သိရှိရပါသည်။ 

          တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အတွင်း၌  ဒီဂျစ်တယ်ငွေကြေးဖြင့် ဆုကြေးပေးအပ်မည့်အစီအစဉ်သည် လွန်ခဲ့သည့်ရက်သတ္တပတ်များအတွင်း ကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအစည်းအဝေး၌ တရုတ်သမ္မတရှီကျင့်ပင်၏ ဒီဂျစ်တယ်ငွေကြေးနှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် ပြောဆိုမှုများထွက်ပေါ်ပြီးနောက်တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်အကောင်အထည်ပေါ်လာပါက တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာပေါ်၌ ပထမဆုံးဒီဂျစ်တယ်ငွေကြေးဖြင့် တပ်ဖွဲ့ဝင်များအပေါ် ဆုကြေးပေးအပ်သည့် နိုင်ငံတစ်ခုဖြစ်လာမည်ဖြစ်သည်ဟုသိရှိရပါသည်။ 

          တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ကိုယ်ပိုင် ဒီဂျစ်တယ်ငွေကြေးကိုလာမည့် ၂၀၂၀ နှစ်ဦးပိုင်းတွင် စတင်ထုတ်လုပ်သုံးစွဲနိုင်ရန် စီစဉ်လျက်ရှိပြီး အီလက်ထရွန်းနစ်ငွေပေးချေမှုပုံစံ(DCEP) အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကာAlipayနှင့် WeChat Pay တို့မှတစ်ဆင့် တရုတ်ဗဟိုဘဏ်၏ လက်အောက်ခံဘဏ်များဖြစ်သော ကူးသန်းရောင်းဝယ်မှုဘဏ်များနှင့် အခြားငွေပေးချေမှုဆိုင်ရာကွန်ရက်များအတွင်း အသုံးပြုသွားဖွယ်ရှိကြောင်း၊ ယခုအခါ တရုတ်နိုင်ငံအနေဖြင့် ဒီဂျစ်တယ်ငွေကြေးအားအသုံးပြု၍ ငွေပေးချေမှုပြုလုပ်နိုင်သည့် စနစ်တစ်ခုလုံးနှင့် ချိတ်ဆက်လုပ် ဆောင်မည့်ကွန်ယက်စနစ်များအား အသင့်လုပ်ဆောင်ထားပြီးဖြစ်ရာလာမည့်ကာလများအတွင်း စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အဆိုပါ ဒီဂျစ်တယ်ငွေကြေးကို နိုင်ငံအတွင်းသုံးစွဲနေသည့် ငွေသားစက္ကူများနေရာတွင် လုံးလုံးလျားလျားအစားထိုးသုံးစွဲသွားမည် မဟုတ်ဘဲ စမ်းသပ်သုံးစွဲမှုတစ်ရပ်အနေဖြင့်သာ ကနဦးလုပ်ဆောင်သွားရန်ရည်ရွယ်ထားသည်ဟု သိရှိရကြောင်း www.scmp.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသည့် မွတ်စလင်ဒုက္ခသည်ပြဿနာမှာ တရုတ်နိုင်ငံတွင်ဖြစ်ပေါ်နေသည့် အူဟာမွတ်စလင်များပြဿနာထက် ပိုမိုကြီးမားသည်ဟု မလေးရှားဝန်ကြီးချုပ်မဟာသီယာမိုဟာမက်ကပြောကြားခဲ့

ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသည့် မွတ်စလင်ဒုက္ခသည်ပြဿနာမှာ တရုတ်နိုင်ငံတွင်ဖြစ်ပေါ်နေသည့် အူဟာမွတ်စလင်များပြဿနာထက် ပိုမိုကြီးမားသည်ဟု မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ပြောကြားခဲ့

တရုတ်နိုင်ငံစင်ကျန်ပြည်နယ်တွင် အူဟာနွယ်ဖွားမွတ်စလင်ဦးရေ (၁.၅) သန်းခန့်မှာအစ္စလာမ်မစ်အစွန်းရောက် ပြဿနာကို ထိန်းချုပ်နိုင်ရန်အတွက်ဟူသော တရုတ်အစိုးရ၏ အကြောင်းပြချက်ဖြင့် ပြန်လည်ပညာပေးရေးစခန်းများတွင် ထိန်းသိမ်းခံထားကြောင်း၊ သို့သော် မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်ကမူ ရခိုင်ပြည်နယ်အရေးနှင့် ဆက်စပ်နေသည့် မွတ်စလင်ဒုက္ခသည်ပြဿနာကို အူဟာမွတ်စလင်များ ပြဿနာထက် ပိုမိုကြီးမားသောပြဿနာအဖြစ်သတ်မှတ်ထားသည်ဟု အင်္ဂလန်နိုင်ငံအခြေစိုက် Financial Times သတင်းဌာနက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက် (ဗုဒ္ဓဟူးနေ့) တွင် ရေးသားဖော်ပြခဲ့ကြောင်း၊ မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် စီးပွားဖက်နိုင်ငံဖြစ်သောကြောင့် အူဟာမွတ်စလင်များအရေးကိစ္စနှင့်ပတ်သက်၍ တရုတ်အစိုးရအပေါ် ပြစ်တင်ဝေဖန်ခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မွတ်စလင်ဒုက္ခသည်များအရေးကိုသာ အလေးအနက်ထားပြောကြားနေသည်ဟူသော စွပ်စွဲချက်များထွက်ပေါ်နေသည့်အတွက် မဟာသီယာမိုဟာမက်က ယခုကဲ့သို့ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မဟာသီယာမိုဟာမက်က ပြောကြားရာ၌ စင်ကျန်ပြည်နယ်တွင် ရောက်ရှိနေသည့် မလေးရှားနိုင်ငံသားအများအပြားရှိကြောင်း၊ သို့သော် ၎င်းတို့ထံမှ အူဟာမွတ်စလင်များအပေါ် တရုတ်အာဏာပိုင်များ၏ ဖိနှိပ်ညှင်းပန်းမှုသတင်းများနှင့် အူဟာမွတ်စလင်များ နေရပ်ဒေသကို စွန့်ခွာထွက်ပြေးရသည့်သတင်းများအား မကြားသိရကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စတွင်မူ ဒေသခံမွတ်စလင်များမှာ ၎င်းတို့၏ နေရပ်ဒေသကို စွန့်ခွာ၍ အခြားနိုင်ငံသို့ နှင်ထုတ်ခြင်းခံရသည့် အသွင်ဆောင်နေသောကြောင့် အဆိုပါပြဿနာသည် အူဟာမျိုးနွယ်များ တရုတ်နိုင်ငံ၌ ရင်ဆိုင်နေရသည့် ပြဿနာထက်ပိုမိုကြီးမားသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ရခိုင်ပြည်နယ်မှ ထွက်ပြေးသွားသော မွတ်စလင်ဒုက္ခသည်များ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းနှင့်ပတ်သက်၍ မလေးရှားအစိုးရထံ၌ ခိုင်လုံသောသက်သေအထောက်အထားများ ရှိ/မရှိကို Financial Times သတင်းဌာနက မေးမြန်းရာတွင် မဟာသီယာမိုဟာမက်က ကုလသမဂ္ဂအဖွဲ့ကိုယ်တိုင်က ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အတည်ပြုထားပြီးဖြစ်သောကြောင့် မလေးရှားအစိုးရအနေဖြင့် မွတ်စလင် ဒုက္ခသည်များဘက်မှ ရပ်တည်ပေးရခြင်းဖြစ်သည်ဟု တုံ့ပြန်ဖြေကြားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

ထိုင်းနိုင်ငံသုံးဘတ်ငွေတန်ဖိုးအားကောင်းနေခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် ထိုင်းနိုင်ငံဗဟိုဘဏ်ကဘဏ်တိုးနှုန်းလျှော့ချခဲ့ပြီးနောက်တွင်ထိုင်းဘတ်ငွေတန်ဖိုး ကျဆင်းသွားခဲ့

ထိုင်းနိုင်ငံသုံးဘတ်ငွေတန်ဖိုး အားကောင်းနေခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် ထိုင်းနိုင်ငံဗဟိုဘဏ်က ဘဏ်တိုးနှုန်းလျှော့ချခဲ့ပြီးနောက်တွင် ထိုင်းဘတ်ငွေတန်ဖိုး ကျဆင်းသွားခဲ့

          ထိုင်းနိုင်ငံသုံးဘတ်ငွေတန်ဖိုးသည် ၂၀၁၉ ခုနှစ်အတွင်း၌ ၉.၂% အထိမြင့်တက်ခဲ့ပြီးအာရှငွေကြေးများအနက် အားအကောင်းဆုံးငွေကြေးအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ ဘတ်ငွေတန်ဖိုးအားကောင်းနေခြင်းကြောင့် ထိုင်းနိုင်ငံ၏ ပို့ကုန်ကဏ္ဍနှင့် ကမ္ဘာလှည့်ခရီးသွားကဏ္ဍတွင်ဝင်ငွေလျော့နည်းမှုများဖြစ်ပေါ်လာနိုင်သည့်အတွက် ထိုင်းဗဟိုဘဏ်သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်(ဗုဒ္ဓဟူးနေ့) တွင် ဘဏ်တိုးနှုန်းအား လက်ရှိသတ်မှတ်ထားသည့် ၁.၅% မှ ၁.၂၅% သို့လျှော့ချခဲ့ကြောင်း၊ ယခုသတ်မှတ်ခဲ့သည့် ဘဏ်တိုးနှုန်းသည် (၉) နှစ်တာကာလအတွင်း အနိမ့်ဆုံးဘဏ်တိုးနှုန်းဖြစ်ပြီး ထိုင်းဗဟိုဘဏ်အနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် လျှော့ချခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ထိုင်းဗဟိုဘဏ်၏ ၂၀၁၉ ခုနှစ်အတွင်းပထမအကြိမ်မြောက် ဘဏ်တိုးနှုန်းလျှော့ချခြင်းမှာ လွန်ခဲ့သည့် ဩဂုတ်လအတွင်း၌ဖြစ်ပြီး ၁.၇၅% မှ ၁.၅% သို့ လျှော့ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          ထိုင်းဗဟိုဘဏ်က ဘဏ်တိုးနှုန်းလျှော့ချပြီးနောက်တွင် အာရှဈေးကွက်အတွင်း၌ ထိုင်းဘတ်ငွေတန်ဖိုးမှာ ၀.၆၃% ကျဆင်းပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်(ကြာသပတေနေ့)နံနက်ပိုင်း၌ အမေရိကန်တစ်ဒေါ်လာလျှင် ထိုင်းနိုင်ငံသုံးဘတ်ငွေ (၃၀.၃၄) ဘတ်လဲလှယ်မှုနှုန်း၌ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါလဲလှယ်မှုနှုန်းသည် ရက်သတ္တပတ်(၃)ပတ်အတွင်းထိုင်းဘတ်ငွေတန်ဖိုးအနိမ့်ဆုံးအနေအထားဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့မှာ အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့

ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့မှာ အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့

          အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲ ကြောင့် နှစ်ဖက်ဆုံးရှုံးမှုပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာရှိကြောင်း၊ ယခုရက်ပိုင်းအတွင်း နှစ်နိုင်ငံ အစိုးရများမှ ထုတ်ပြန်သည့် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များအရ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ (၉) လတာကာလအတွင်း အမေရိကန်ကုန်စည်များ တရုတ်နိုင်ငံသို့ တင်ပို့မှု ပမာဏမှာ ယမန်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၅.၅% (ကာလတန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၄.၅ ဘီလီယံ)ကျဆင်းခဲ့ပြီး တရုတ်ကုန်စည်များ အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်လာမှုပမာဏမှာလည်း ၁၃.၅% (ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံ) ခန့် ကျဆင်းခဲ့သည်ဟုသိရှိရကြောင်း သိရှိရပါသည်။

          လက်ရှိအနေအထားအရ ကုန်သွယ်ရေးစစ်ပွဲတွင် တရုတ်နိုင်ငံက ဆုံးရှုံးမှုပိုမိုများပြားလျက်ရှိသော်လည်း ကုန်သွယ်ရေးစစ်ပွဲကာလရှည်ကြာမည်ဆိုပါက တရုတ်ပြည်သူများအနေဖြင့် အမေရိကန် ကုန်စည်များအစား ဥရောပတိုက်အပါအဝင် အခြားဒေသများမှ ကုန်စည်များကို အစားထိုးပြောင်းလဲသုံးစွဲဖွယ်ရှိသောကြောင့် အမေရိကန်ပြည်ထောင်စု၏ ပို့ကုန်ကဏ္ဍတွင်လည်း ယခုထက်ပို၍ ဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်သည်ဟု သိရှိရကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော တောင်ကိုရီးယားစီးပွားရေးလုပ်ငန်း (၁၀၀) ခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လုပ်ငန်းများပြောင်းရွှေ့ရန် စဉ်းစားလျက်ရှိ

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော တောင်ကိုရီးယား စီးပွားရေးလုပ်ငန်း (၁၀၀) ခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လုပ်ငန်းများ ပြောင်းရွှေ့ရန် စဉ်းစားလျက်ရှိ

မြန်မာနိုင်ငံ၌ စက်မှုလုပ်ငန်းများအတွက် သင့်လျော်သည့် သဘာဝဝန်းကျင်ဖန်တီးပေးမှုများ မရှိသောကြောင့် မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည့် တောင်ကိုရီးယားလုပ်ငန်း (၁၀၀) ခန့်သည် ၎င်းတို့၏လုပ်ငန်းများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြောင်းရွှေ့ရန်စီစဉ်နေသည်ဟု ဘင်္ဂလားဒေ့ရှ်စီးပွားရေးဇုန် အာဏာပိုင် အဖွဲ့ ( BEZA) က ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ(၄) ရက်(တနင်္လာနေ့) တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

BEZA မှထုတ်ပြန်သည့်ကြေညာချက်အရ The Korea Industrial Complex Co.Ltd (KIC) သည် ၂၀၁၃ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံအတွင်းရှိ ပဲခူးတိုင်းနှင့်မွန်ပြည်နယ်တို့တွင် စက်မှုဇုန် (၂) ခုတည်ထောင်၍ လုပ်ငန်းများဆောင်ရွက်ခဲ့သော်လည်း လျှပ်စစ်မီး၊ ရေရရှိမှုအခက်အခဲနှင့် အခြေခံအဆောက်အဦလိုအပ်ချက်ဆိုင်ရာပြဿနာများကြောင့် မြန်မာနိုင်ငံတွင် လုပ်ငန်းများရပ်ဆိုင်းကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စက်မှုဇုန်လာရောက်တည်ထောင်ရန် စီစဉ်နေကြောင်း၊ KIC နှင့်အတူ တောင်ကိုရီးယားကုမ္ပဏီ (၁၀၀) ခန့်ပါဝင်လာမည်ဖြစ်ကြောင်း၊ KICသည် မြေဧက (၄၀၀) ခန့်တွင် ကနဦးရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာသန်း (၅၀၀) ခန့်မတည်၍ အထည်ချုပ်စက်ရုံများ၊ သားရေစက်ရုံများ အပါအဝင် စက်ရုံအများအပြားကို တည်ဆောက်ဖွင့်လှစ်သွားမည်ဟု သိရှိရပါသည်။

BEZA ၏ ကြေညာချက်တွင် ဆက်လက်ဖော်ပြထားရာ၌ KIC၏ အမှုဆောင်အရာရှိချုပ် ဘေဟိုချိုသည် ဘင်္ဂလားဒေ့ရှ်အစိုးရထံမှ ခွင့်ပြုချက်ရရှိသည်နှင့်တစ်ပြိုင်နက် လုပ်ငန်းများစတင်ရန် စီစဉ်နေပြီဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များအနေဖြင့် တောင်ကိုရီးယား စက်မှုဇုန်စဉ်ဆက် မပြတ်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့်ပံ့ပိုးမှုများကို ပြုလုပ်ပေးရန် ကတိပြုခဲ့ပြီးဖြစ်ကြောင်း၊ တောင်ကိုရီးယားစက်မှုဇုန် အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပါက တရုတ်၊ဂျပန် နှင့် အိန္ဒိယနိုင်ငံတို့သည်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ လာရောက် ဖွင့်လှစ်ကြလိမ့်မည်ဟု ရေးသားထားကြောင်း www.bdnews24.comအင်တာနက်website တွင်ဖော်ပြပါရှိပါသည်။

ဥရောပတိုက်၌ Libra ဒီဂျစ်တယ်ငွေကြေးကို တားမြစ်ပိတ်ပင်ရန်အတွက် ပြင်သစ်နိုင်ငံဦးဆောင်သည့် ဥရောပနိုင်ငံ (၅) နိုင်ငံတို့က စတင်လှုပ်ရှားလျက်ရှိ

ဥရောပတိုက်၌ Libra ဒီဂျစ်တယ်ငွေကြေးကို တားမြစ်ပိတ်ပင်ရန်အတွက် ပြင်သစ်နိုင်ငံဦးဆောင်သည့် ဥရောပနိုင်ငံ (၅) နိုင်ငံတို့က စတင်လှုပ်ရှားလျက်ရှိ

ဥရောပတိုက်တွင် Facebook မှထုတ်ဝေသည့် Libra ဒီဂျစ်တယ်ငွေကြေးကို တားမြစ်ပိတ်ပင်ရန်အတွက် ပြင်သစ်နိုင်ငံဦးဆောင်၍ ဂျာမနီ ၊ အီတလီ ၊ စပိန်နှင့် နယ်သာလန်နိုင်ငံတို့ပါဝင်သောဥရောပထိပ်သီးစီးပွားရေးအင်အားကြီးမဟာမိတ် (၅) နိုင်ငံတို့က လှုပ်ရှားမှုများ စတင်ပြုလုပ်လျက်ရှိကြောင်း၊ Libra ဒီဂျစ်တယ်ငွေကြေးဆန့်ကျင်ရေး မဟာမိတ်အဖွဲ့သည် ဥရောပတိုက်၏ ငွေကြေးဈေးကွက် အတွင်း၌ Libraငွေကြေးကို လုံးဝသုံးစွဲခွင့်မပြုရန် ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး ပြင်သစ်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက Libra ငွေကြေးကို သုံးစွဲခွင့်ပြုလျှင် နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့်ငွေကြေးမူဝါဒထိန်းချုပ်နိုင်မှုတို့ကို ဆုံးရှုံးသွားလိမ့်မည်ဟု ယခုရက်ပိုင်းအတွင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။          

လက်ရှိအချိန်၌ ဥရောပနိုင်ငံများတွင် Libraငွေကြေးကိစ္စနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးမှုများ ကျယ်ပြန့်စွာဖြစ်ပေါ်နေပြီးလွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း ဥရောပသမဂ္ဂ၏ စီးပွားရေး၌ အဓိကကျသော ပြင်သစ်နှင့်ဂျာမနီနှစ်နိုင်ငံ ပူးတွဲထုတ်ပြန်သည့် ကြေညာချက်၌လည်း Libra ငွေကြေးကို သုံးစွဲခွင့်ပေးပါက ငွေကြေးခဝါချသူများနှင့် အကြမ်းဖက်သမားများအား ငွေကြေးထောက်ပံ့နေသူများကို ခြေရာခံနိုင်တော့မည် မဟုတ်သည့်အတွက် Facebook ၏ Libraငွေကြေးကို ဥရောပတိုက်တွင် လုံးဝသုံးစွဲခွင့်မပေးရန် ဖော်ပြထားကြောင်း၊ Facebookကို ကမ္ဘာ့တစ်ဝန်းရှိလူပေါင်း (၂.၅) ဘီလီယံခန့်က သုံးစွဲလျက်ရှိကြောင်း သိရှိရပါသည်။

ဥရောပနိုင်ငံများရှိ ဗဟိုဘဏ်များသည် ဗဟိုဘဏ်များက ကျောထောက်နောက်ခံပြုထားသည့် ဒီဂျစ်တယ်ငွေကြေးများကို ထုတ်ဝေရန် စီစဉ်နေပြီး Libra ကဲ့သို့သော ပြင်ပအဖွဲ့အစည်းများမှ ထုတ်ဝေသည့် ဒီဂျစ်တယ်ငွေကြေးများကို မူတားမြစ်ပိတ်ပင်ရန် စဉ်းစားလျက်ရှိကြောင်း၊ ဥရောပနိုင်ငံများနည်းတူ အမေရိကန်ပြည်ထောင်စုတွင်လည်း Libra ငွေကြေးကို ထုတ်ဝေခွင့်မပေးရန်အတွက် တောင်းဆိုမှုများ ဖြစ်ပေါ်နေပြီး အမေရိကန်ကွန်ဂရက် လွှတ်တော်၌ Facebook CEO မက်ဇူကာဗက်အားခေါ်ယူ၍ အသေးစိတ်စိစစ်မေးမြန်းရန် စီစဉ်နေကြောင်း www.all-stocks.net အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။