အမေရိကန်ဗဟိုဘဏ်အစည်းအဝေး၌ ဘဏ်တိုးနှုန်းထပ်မံလျှော့ချခဲ့ပြီးနောက် ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာခဲ့

          ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက် (ဗုဒ္ဓဟူးနေ့) တွင်ပြီးဆုံးခဲ့သည့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေး၌ ဘဏ်တိုးနှုန်းကိုလက်ရှိသတ်မှတ်ထားသည့် ၂.၀%  မှ ၁.၇၅% သို့ လျှော့ချရန်ဆုံးဖြတ်ခဲ့ကြောင်း၊ ဗဟိုဘဏ်၏ ယခုဘဏ်တိုးနှုန်းလျှော့ချမှုသည် ၂၀၁၉ ခုနှစ်အတွင်း (၃) ကြိမ်မြောက်လျှော့ချခြင်းဖြစ်ကြောင်း၊ အစည်းအဝေးအပြီးတွင် အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌဂျရိုမီပါဝဲလ်က သတင်းထောက်များကို ပြောကြားရာ၌ ဗဟိုဘဏ်အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးနှေးကွေးမှုကိုဖြေရှင်းနိုင်ရန်အတွက် ငွေကြေးမူဝါဒကို အတက်နိုင်ဆုံးထပ်မံဖြေလျော့ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ၂၀၁၉ ခုနှစ်လက်ကျန်ကာလများတွင် ဘဏ်တိုးနှုန်းထပ်မံလျှော့ချရန် အစီအစဉ်မရှိတော့ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

          အမေရိကန်ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းလျှော့ချမှုဂယက်ကြောင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက်(ကြာသပတေးနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၀.၃% မြင့်တက်ခဲ့ပြီးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၄၉၉.၀၆) သို့ရောက်ရှိခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ ၀.၂% ကျဆင်းခဲ့ပြီး အညွှန်းကိန်းအမှတ် ၉၇.၄၂၇ သို့ ရောက်ရှိခဲ့ကြောင်း www. cnbc.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။