ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသည့် မွတ်စလင်ဒုက္ခသည်ပြဿနာမှာ တရုတ်နိုင်ငံတွင်ဖြစ်ပေါ်နေသည့် အူဟာမွတ်စလင်များပြဿနာထက် ပိုမိုကြီးမားသည်ဟု မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ပြောကြားခဲ့

တရုတ်နိုင်ငံစင်ကျန်ပြည်နယ်တွင် အူဟာနွယ်ဖွားမွတ်စလင်ဦးရေ (၁.၅) သန်းခန့်မှာအစ္စလာမ်မစ်အစွန်းရောက် ပြဿနာကို ထိန်းချုပ်နိုင်ရန်အတွက်ဟူသော တရုတ်အစိုးရ၏ အကြောင်းပြချက်ဖြင့် ပြန်လည်ပညာပေးရေးစခန်းများတွင် ထိန်းသိမ်းခံထားကြောင်း၊ သို့သော် မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်ကမူ ရခိုင်ပြည်နယ်အရေးနှင့် ဆက်စပ်နေသည့် မွတ်စလင်ဒုက္ခသည်ပြဿနာကို အူဟာမွတ်စလင်များ ပြဿနာထက် ပိုမိုကြီးမားသောပြဿနာအဖြစ်သတ်မှတ်ထားသည်ဟု အင်္ဂလန်နိုင်ငံအခြေစိုက် Financial Times သတင်းဌာနက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက် (ဗုဒ္ဓဟူးနေ့) တွင် ရေးသားဖော်ပြခဲ့ကြောင်း၊ မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် စီးပွားဖက်နိုင်ငံဖြစ်သောကြောင့် အူဟာမွတ်စလင်များအရေးကိစ္စနှင့်ပတ်သက်၍ တရုတ်အစိုးရအပေါ် ပြစ်တင်ဝေဖန်ခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မွတ်စလင်ဒုက္ခသည်များအရေးကိုသာ အလေးအနက်ထားပြောကြားနေသည်ဟူသော စွပ်စွဲချက်များထွက်ပေါ်နေသည့်အတွက် မဟာသီယာမိုဟာမက်က ယခုကဲ့သို့ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မဟာသီယာမိုဟာမက်က ပြောကြားရာ၌ စင်ကျန်ပြည်နယ်တွင် ရောက်ရှိနေသည့် မလေးရှားနိုင်ငံသားအများအပြားရှိကြောင်း၊ သို့သော် ၎င်းတို့ထံမှ အူဟာမွတ်စလင်များအပေါ် တရုတ်အာဏာပိုင်များ၏ ဖိနှိပ်ညှင်းပန်းမှုသတင်းများနှင့် အူဟာမွတ်စလင်များ နေရပ်ဒေသကို စွန့်ခွာထွက်ပြေးရသည့်သတင်းများအား မကြားသိရကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စတွင်မူ ဒေသခံမွတ်စလင်များမှာ ၎င်းတို့၏ နေရပ်ဒေသကို စွန့်ခွာ၍ အခြားနိုင်ငံသို့ နှင်ထုတ်ခြင်းခံရသည့် အသွင်ဆောင်နေသောကြောင့် အဆိုပါပြဿနာသည် အူဟာမျိုးနွယ်များ တရုတ်နိုင်ငံ၌ ရင်ဆိုင်နေရသည့် ပြဿနာထက်ပိုမိုကြီးမားသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ရခိုင်ပြည်နယ်မှ ထွက်ပြေးသွားသော မွတ်စလင်ဒုက္ခသည်များ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းနှင့်ပတ်သက်၍ မလေးရှားအစိုးရထံ၌ ခိုင်လုံသောသက်သေအထောက်အထားများ ရှိ/မရှိကို Financial Times သတင်းဌာနက မေးမြန်းရာတွင် မဟာသီယာမိုဟာမက်က ကုလသမဂ္ဂအဖွဲ့ကိုယ်တိုင်က ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အတည်ပြုထားပြီးဖြစ်သောကြောင့် မလေးရှားအစိုးရအနေဖြင့် မွတ်စလင် ဒုက္ခသည်များဘက်မှ ရပ်တည်ပေးရခြင်းဖြစ်သည်ဟု တုံ့ပြန်ဖြေကြားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။