တောင်ကိုရီးယားအစိုးရသည် ဒီဂျစ်တယ်ငွေကြေးရောင်းဝယ်လွှဲပြောင်းမှုများအပေါ်၌ အခွန်ကောက်ခံ သွားရန်စီစဉ်လျက်ရှိမှု

တောင်ကိုရီးယားအစိုးရသည် ဒီဂျစ်တယ်ငွေကြေးရောင်းဝယ် လွှဲပြောင်းမှုများအပေါ်၌ အမြတ်ခွန်ကောက်ခံသွားရန် စီစဉ်ထားသည်ဟု တောင်ကိုရီးယားနိုင်ငံစီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနကယခုရက်ပိုင်းအတွင်းထုတ်ပြန်ကြေညာခဲ့ကြောင်းသိရှိရပါသည်။

          တောင်ကိုရီးယားနိုင်ငံ၏ ပြည်ထဲရေးရာနှင့် တရားစီရင်ရေးကော်မတီသည် “တိကျသော ဘဏ္ဍာရေးလွှဲပြောင်းမှုဆိုင်ရာသတင်းအချက်အလက်များအပေါ်အစီရင်ခံတင်ပြခြင်းနှင့်အသုံးချခြင်း”ခေါင်းစဉ်ဖြင့်ရေးဆွဲထားသော ဥပဒေမူကြမ်းကိုလွန်ခဲ့သည့် နိုဝင်ဘာလအတွင်း၌ အတည်ပြု ခဲ့ကြောင်း၊ အဆိုပါဥပဒေမူကြမ်းသည်ပိုင်ဆိုင်မှုများ(virtual asset) နှင့်ပတ်သက်၍ ရောင်းဝယ် လွှဲပြောင်းရာတွင် ပွင့်လင်းမြင်သာမှုရှိပြီး ပိုမိုအားကောင်းစေရန် ရည်ရွယ်၍ ရေးဆွဲထားသော ဥပဒေဖြစ်ကြောင်း၊ ယင်းဥပဒေမူကြမ်းတွင် bitcoinနှင့် ethereum ကဲ့သို့သော ဒီဂျစ်တယ် ငွေကြေးများကို virtual asset များအဖြစ်သတ်မှတ်ပြဌာန်းခဲ့ပြီး virtual asset များ ရောင်းဝယ် လွှဲပြောင်းခြင်းမှ ဖြစ်ပေါ်လာသည့် အကျိုးအမြတ်များအပေါ် အခွန်ကောက်ခံနိုင်ရန် ဦးစားပေး ရေးဆွဲထားခြင်းဖြစ်ကာ ယင်းဥပဒေကိုအတည်ပြုခဲ့သည့် နိုဝင်ဘာလမှစ၍ အချိန်ကာလ တစ်နှစ် ပြည့်မြောက်မည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ၌ စတင်အာဏာသက်ရောက်သွားမည်ဟုသိရှိရပါသည်။

          တောင်ကိုရီးယားနိုင်ငံစီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြေညာချက်အရအစိုးရသည် လာမည့် ၂၀၂၀ ခုနှစ် တွင် bitcoinနှင့်  ethereumကဲ့သို့သော virtual asset များ ရောင်းဝယ် လွှဲပြောင်းခြင်းမှ အမြတ်ခွန်ကောက်ခံနိုင်ရန် လက်ရှိပြဌာန်းထားသော နိုင်ငံ၏ ဝင်ငွေခွန်ဥပဒေ ကိုလည်းပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဝန်ကြီးဌာနသည် virtual asset များ အပေါ်အခွန်စည်းကြပ်ရေးနှင့် လာမည့်နှစ်တွင် အခွန်အခဥပဒေကို ပြင်ဆင်နိုင်ရေး တို့အတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟုသိရှိရကြောင်းဖြင့် www.pulsenews.co.kr အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။