ဂျာမနီနိုင်ငံအနေဖြင့် ဟွာဝေးကုမ္ပဏီအပေါ် ပိတ်ပင်မှုများ ပြုလုပ်လာမည်ဆိုပါက တရုတ်နိုင်ငံအနေဖြင့်  ဂျာမနီကားကုမ္ပဏီများအပေါ် လက်တုံ့ပြန်သွားမည်ဟု တရုတ်အစိုးရက သတိပေးပြောကြားခဲ့

ဂျာမနီနိုင်ငံအနေဖြင့် အမေရိကန်အစိုးရ၏ ဖိအားပေးမှုများကြောင့် တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်သော ဟွာဝေးကုမ္ပဏီ၏ 5G network နှင့် ပတ်သက်၍  ပိတ်ပင်မှုများ ပြုလုပ်လာမည်ဆိုပါက တရုတ်နိုင်ငံအနေဖြင့် ဂျာမနီကားကုမ္ပဏီများအပေါ် လက်တုန့်ပြန်မှုများ ပြုလုပ်သွားမည်ဟု ဂျာမနီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ယခုရက်ပိုင်းအတွင်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

အမေရိကန်အစိုးရသည် တရုတ်နိုင်ငံဟွာဝေးကုမ္ပဏီ၏ ဆက်သွယ်ရေးနည်းပညာပစ္စည်းများမှာခိုးယူထောက်လှမ်းခြင်းနှင့် ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ်နိုင်သည်ဖြစ်၍ ဂျာမနီနိုင်ငံ၌ ဟွာဝေးကုမ္ပဏီအပေါ် ပိတ်ပင်တားမြစ်မှုများပြုလုပ်ရန် ဂျာမနီအစိုးရအား ဖိအားပေးတောင်းဆိုမှုများပြုလုပ်ထားပြီး ဂျာမနီအစိုးရအနေဖြင့် ဟွာဝေးအပေါ် ပိတ်ပင်မှုများမပြုလုပ်ပါက အရေးကြီးသတင်းအချက်အလက် မျှဝေမှုများလုပ်ဆောင်ခြင်းကို ရုတ်သိမ်းမည်ဟု အမေရိကန်အစိုးရကအသိပေးပြောကြားထားကြောင်း၊ ထို့ပြင် လွန်ခဲ့သည့် နိုဝင်ဘာလအတွင်း ဂျာမနီနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ်အန်ဂျလာမာကယ်၏ အာဏာရခရစ္စတီယံဒီမိုကရက်တစ်ယူနီယံပါတီမှ လွှတ်တော်အမတ်အချို့သည် ဂျာမနီနိုင်ငံ၌ 5G network တပ်ဆင်ရာတွင် တရုတ်နိုင်ငံ၏ ဟွာဝေးကုမ္ပဏီအ‌ပေါ် ပိတ်ပင်မှုများပြုလုပ်ရန် အဆိုတင်သွင်းခဲ့ကြသည်ဟု သိရှိရပါသည်။

ဂျာမနီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဝူခန်းက ပြောကြားရာ၌ ဂျာမနီအစိုးရအနေဖြင့် ဟွာဝေးကုမ္ပဏီအပေါ် ပိတ်ပင်ရန် ဆုံးဖြတ်မည်ဆိုပါက တန်ပြန်အကျိုးဆက်များဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းတရုတ်နိုင်ငံ၌ မော်တော်ယာဉ်အစီးရေစုစုပေါင်း ၂၈ သန်းခန့် ရောင်းချခဲ့ရာတွင် ဂျာမနီနိုင်ငံထုတ် မော်တော်ယာဉ် အစီးရေ(၇)သန်းခန့်ရောင်းချနိုင်ခဲ့ သည်ကိုသတိပြုစေလိုကြောင်း၊ တရုတ်နိုင်ငံသည် ကိုယ်တိုင်ကား ထုတ်လုပ်နိုင်သည့် အခြေအနေရှိသည်ဖြစ်ရာ ဂျာမနီထုတ်မော်တော်ယာဉ်များမှာ လုံခြုံမှုမရှိဟူ၍ ကြေညာလိုက်မည် ဆိုပါက ဂျာမနီမော်တော်ယာဉ် ကုမ္ပဏီများအတွက် အခက်တွေ့နိုင်သည် ဟုပြောကြားခဲ့ကြောင်း www.indiatimes.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။