အိန္ဒိယနိုင်ငံရှိမြို့ကြီးများ၌ နိုင်ငံသားဥပဒေပြင်ဆင်ချက် ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး လူ (၃) ဦးထပ်မံသေဆုံးခဲ့

အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ လက်ခ်နောင်မြို့၊ တောင်ပိုင်းရှိမန်ဂလိုမြို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများ၌ နိုင်ငံသားဥပဒေ ပြင်ဆင်ချက် ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက် (ကြာသပတေး) နေ့တွင် ဖြစ်ပွားသော ဆန္ဒပြပွဲအတွင်း၌ ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် လူ(၃) ဦးထပ်မံသေဆုံးခဲ့သည့်အတွက် ယခုအခါနိုင်ငံသား ဥပဒေဆန့်ကျင်ရေးပြပွဲများကာလအတွင်း သေဆုံးခဲ့သူအရေအတွက်မှာ (၉) ဦးခန့်ရှိသွားပြီဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၉ ) ရက် (ကြာသပတေးနေ့) ၌ မန်ဂလိုမြို့တွင် ဆန္ဒပြသူများအားရဲတပ်ဖွဲ့မှ ဖြိုခွင်းစဉ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ရသည့်အတွက် လူ (၂) ဦးသေဆုံး၍ (၄) ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူအိန္ဒိယနိုင်ငံ၌ လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်သည့် အူတာပရာဒက်ရှ်ပြည်နယ်၏ မြို့တော်လက်ခ်နောင်တွင် ဆန္ဒပြသူများအားရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်လူစုခွဲခဲ့သည့်အတွက် လူ (၁) ဦးသေဆုံးခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီနှင့် အခြားမြို့ကြီးများ၌ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သော်လည်း အကြမ်းဖက်နှိမ်နင်းခံရခြင်းများ မရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ (၂၀) ရက်(သောကြာနေ့) တွင်လည်း လက်ခ်နောင်မြို့၌ ဆန္ဒပြပွဲများဆက်လက်ဖြစ်ပေါ်ခဲ့ပြီးရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ တုတ်များအသုံးပြု၍ ဖြိုခွဲခဲ့ရသည်ဟု သိရှိရကြောင်း၊ အိန္ဒိယအာဏာပိုင်များသည် ယခုအခါလူဦးရေသန်း (၂၀၀) ခန့်နေထိုင်သော အူတာပရာဒက်ရှ်ပြည်နယ်တွင် မိုဘိုင်းဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားကြောင်း၊ ထို့ပြင်အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီရှိ အချို့နေရာများတွင်လည်း မိုဘိုင်းဖုန်းလိုင်းများကို ခေတ္တဖြတ်တောက်ထားကြောင်း၊  ဆန္ဒပြပွဲများဖြစ်ပေါ်နေသော မြို့ကြီးများတွင် ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ ပိတ်ထားရပြီး ရဲတပ်ဖွဲ့သည်ဆန္ဒပြပွဲတွင် ပါဝင်သည့် လူရာပေါင်းများစွာကိုထိန်းသိမ်းထားကြောင်းဖြင့် www.channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။