အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရန်အတွက် မွတ်စလင်နိုင်ငံအချင်းချင်း ကုန်သွယ်ရာ၌ ရွှေ၊ ကုန်စည်ချင်းဖလှယ်သည့်စနစ်နှင့် ဒီဂျစ်တယ်ငွေကြေးများကို ပြောင်းလဲသုံးစွဲရန် မူစလင်နိုင်ငံများထိပ်သီး အစည်းအဝေးပွဲ၌ ဆွေးနွေးခဲ့

အီရန်၊ မလေးရှား၊ တူရကီနှင့် ကာတာနိုင်ငံတို့သည် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကိုကျော်လွှားနိုင်ရန်အတွက် မွတ်စလင်နိုင်ငံအချင်းချင်း ကုန်သွယ်မှုကိစ္စများ၌ အမေရိကန်ဒေါ် လာအစား ရွှေဖြင့်ပေးချေမှုများ၊ ကုန်စည်ချင်းအပြန်အလှန်ဖလှယ်မှု စနစ်များအပါအဝင် အခြားနည်းလမ်းများကို အသုံးပြုရန် စဉ်းစားနေသည်ဟု မလေးရှားနိုင်ငံ ကွာလာလာမ်ပူမြို့၌ ကျင်းပခဲ့ သည့် မွတ်စလင်နိုင်ငံများ ထိပ်သီးအစည်းအဝေးပွဲအပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၁) ရက်(စနေနေ့) တွင် မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မလေးရှားဝန်ကြီးချုပ်က ပြောကြားရာ၌ လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ထားပြီး အမေရိကန်၏ မဟာမိတ် ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘာရိန်းနှင့်အီဂျစ်နိုင်ငံများသည်လည်းကာတာနိုင်ငံအပေါ်၌ စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ထားကြောင်း၊ အင်အားကြီးနိုင်ငံများသည် နိုင်ငံငယ်များအပေါ်၌ တဖက်သတ်အရေးယူပိတ်ဆို့မှုများ ပြုလုပ်လေ့ရှိရာ မလေးရှားနိုင်ငံအပါအဝင် အခြားသော မွတ်စလင်နိုင်ငံများအနေဖြင့် အရေးယူပိတ်ဆို့မှုများ အချိန်မရွေးကြုံတွေ့နိုင်ကြောင်းကိုကြိုတင်စဉ်းစားထားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မွတ်စလင်နိုင်ငံအချင်းချင်း ကုန်သွယ်ရေးကိစ္စများ၌ အပြန်အလှန်ပေးချေမှုများပြုလုပ်ရာတွင် အမေရိကန်ဒေါ်လာအစား ရွှေ ၊ ကုန်စည်ချင်းဖလှယ်သည့်စနစ်နှင့် အခြားသောသင့်တော်သည့် နည်းလမ်းများအား အမြန်ဆုံး အသုံးပြုရေးကို အစည်းအဝေးတက်ရောက်လာသည့် နိုင်ငံများက ဆွေးနွေးခဲ့ကြသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ မွတ်စလင်နိုင်ငံများ ထိပ်သီးအစည်းအဝေးပွဲတွင် မလေးရှားဝန်ကြီးချုပ်၊ အီရန် သမ္မတနှင့် တူရကီသမ္မတတို့သည် မွတ်စလင်နိုင်ငံများအားလုံး သုံးစွဲနိုင်မည့် ဒီဂျစ်တယ်ဘုံငွေကြေးတစ်ရပ် အမြန်ဆုံးတီထွင် အသုံးပြုနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြပြီး ဒီဂျစ်တယ်ဘုံငွေကြေးအကောင်အထည်ဖော်နိုင်ရေးအတွက် မွတ်စလင်နိုင်ငံအသီးသီးမှ ဗဟိုဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှုများ အမြန်ဆုံးပြုလုပ်ရန် သဘောတူခဲ့သည်ဟု သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့မှ (၂၁) ရက်နေ့အထိ ကွာလာလာမ်ပူမြို့၌ (၄)ရက်ကြာ ကျင်းပခဲ့သည့် မွတ်စလင်နိုင်ငံများထိပ်သီးအစည်းအဝေးပွဲသို့ မွတ်စလင်နိုင်ငံ(၂၀)ခန့်မှ ကိုယ်စားလှယ်(၄၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ မလေးရှားနိုင်ငံသည် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တွင်ပါဝင်သောအဖွဲ့ဝင် နိုင်ငံ (၅၇) နိုင်ငံတို့ကိုဖိတ်ကြားခဲ့သော်လည်း ဆော်ဒီအာရေဗျနှင့် ပါကစ္စတန်နိုင်ငံအပါအဝင် မွတ်စလင်နိုင်ငံ (၃၀) ကျော်တို့က တက်ရောက်ခဲ့ခြင်းမရှိကြောင်း၊ အဆိုပါအစည်းအဝေးတွင် ရခိုင်ပြည်နယ်နှင့်ဆက်စပ်နေသော ဒုက္ခသည်ပြဿနာ၊ တရုတ်နိုင်ငံရှိ အူဟာမွတ်စလင်ပြဿနာ၊ ပါလက်စတိုင်းပြဿနာနှင့် ကတ်ရှ်မီးယားပြဿနာများအပါအဝင် မွတ်စလင်များအပေါ် ထိခိုက်နေသည့် ပြဿနာများအပေါ် အဓိကထားဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါ ထိပ်သီးအစည်းအဝေးပွဲတွင် မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က မွတ်စလင်နိုင်ငံမဟုတ်သော နိုင်ငံများတွင်နေထိုင်နေရသည့် မွတ်စလင်များအတွက် မိမိတို့ကစိုးရိမ်ပူပန်မိသည်ဟု ပြောကြားခဲ့ကြောင်းwww.channelnewsasia.comအင်တာနက် website တွင် ဖော်ပြပါရှိပါသည် ။