လာမည့် ၂၀၂၀ ခုနှစ်တွင် ထိုင်းလေကြောင်းလိုင်းများအတွက် အခက်အခဲများ ပိုမိုကြုံတွေ့ရဖွယ်ရှိသည်ဟု Thai AirAsia လေကြောင်းလိုင်းကပြောကြားခဲ့

လာမည့် ၂၀၂၀ ခုနှစ်တွင် ထိုင်းလေကြောင်းလိုင်းများအတွက် စိန်ခေါ်မှုအခက်အခဲများပိုမိုကြုံတွေ့ရဖွယ်ရှိသည်ဟု Thai AirAsia လေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ်က ပြောကြားခဲ့ကြောင်း၊ Thai AirAsia လေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ် ဆန်တီဆွတ်ကလောင်ချိုင်ယာက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်(တနင်္လာနေ့)တွင် ပြောကြားရာ၌ ထိုင်းဘတ်ငွေတန်ဖိုး အားကောင်းခြင်း၊ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်မြင့်မားခြင်းအခွန်ပေးဆောင်ရမှုကြီးမြင့်ခြင်းနှင့် ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှု လျော့နည်းလာခြင်းတို့ကြောင့် လာမည့် ၂၀၂၀ ခုနှစ်တွင် ထိုင်းလေကြောင်းလိုင်းများမှာ စိန်ခေါ်မှုအခက်အခဲများကို ပိုမိုကြုံတွေ့ဖွယ်ရှိကြောင်း၊ ထိုင်းအစိုးရအနေဖြင့် ထိုင်းဘတ်ငွေတန်ဖိုးကို အားပျော့အောင် လုပ်ဆောင်ပေးမည်ဆိုပါက ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာပြီး လေကြောင်းလိုင်းလုပ်ငန်းများလည်း အခြေအနေကောင်းမွန်လာမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုနည်းပါးခြင်းကြောင့် ကြုံတွေ့နေရသည့် အကြပ်အတည်းများကိုကျော်လွှားနိုင်ရေးအတွက် ထိုင်းလေကြောင်းလိုင်းလုပ်ငန်းများအနေဖြင့် ကုန်ကျစရိတ်များကိုထိန်းချုပ်ခြင်း၊ ဝင်ငွေရရှိနိုင်ခြေရှိမည့် အခြားနည်းလမ်းများဖန်တီးခြင်း၊ လေကြောင်းခရီးစဉ်များအားစိစစ်ပျံသန်းခြင်းတို့ကို အဓိကထားလုပ်ဆောင်သွားရမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Bangkok Airways လေကြောင်းလိုင်း၏ ညွှန်ကြားရေးမှူး ကာဆာမာသက်စ်ဆန်နာသီရိကပြောကြားရာ၌ လက်ရှိအချိန်တွင် ထိုင်းလေကြောင်းလိုင်းများအတွက် အဓိကအားထားရသည့် ဩစတြေးလျ နှင့် ဥရောပနိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွားများသည် ထိုင်းနိုင်ငံနှင့်နှိုင်းယှဉ်ပါကကုန်ကျစရိတ်သက်သာ၍ ဆွဲဆောင်မှုအများအပြားရှိသော ဗီယက်နမ်၊ ဖိလစ်ပိုင် နှင့် အင်ဒိုနီးရှားနိုင်ငံများသို့ သွားရောက်လည်ပတ်လျက်ရှိသောကြောင့် ယခု ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုနည်းပါးသွားသည့် ဂယက်ကိုကြုံတွေ့နေရကြောင်း၊ ထို့ပြင် လာမည့် ၂၀၂၀ ခုနှစ်တွင်လည်း ဂျပန်နိုင်ငံ၌ကျင်းပမည့် အိုလံပစ် အားကစားပြိုင်ပွဲ၊ အာရပ်စော်ဘွားများပြည်ထောင်စုဒူဘိုင်းမြို့၌ကျင်းပမည့် ကုန်စည်ပြပွဲတို့ကြောင့် လာမည့် ၂၀၂၀ ခုနှစ်တွင် ထိုင်းလေကြောင်းလိုင်းလုပ်ငန်းများမှာ အခက်အခဲများကြုံတွေ့ရလိမ့်မည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကဏ္ဍအနေဖြင့် အခြားသောနိုင်ငံများနှင့် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိရန်အတွက် အစိုးရကဦးဆောင်၍ နိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုအသစ်အဆန်းများကိုဖန်တီးအကောင်အထည်ဖော် ဆောင်ရွက်ပေးသင့်သည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

လက်ရှိအချိန်တွင် ထိုင်းအစိုးရသည် လေယာဉ်ဆီအသုံးပြုမှုအပေါ် တစ်လီတာလျှင် ထိုင်းဘတ်ငွေ(၄.၇၂၆)ဘတ် အခွန်သတ်မှတ်နေခြင်းသည် လေကြောင်းလိုင်းလုပ်ငန်းများတွက် လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်ကို ကြီးမြင့်စေကြောင်း၊ ထို့ကြောင့် ထိုင်းလေကြောင်းလိုင်းလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန် ထိုင်းအစိုးရအနေဖြင့် သတ်မှတ်ထားသည့် အခွန်နှုန်းထားကို ပြန်လည်စဉ်းစားပေးပါရန် ကာဆာမာသက်စ်ဆန်နာသီရိက ဆက်လက်ပြောကြားခဲ့ကြောင်း www.bangkokpost.com အင် တာနက် website တွင်ဖော်ပြပါရှိပါသည်။