အိုပက်အဖွဲ့ကရေနံထုတ်လုပ်မှုကို ဆက်လက်လျှော့ချထားရန် စီစဉ်နေခြင်းနှင့် အမေရိကန်ပြည်ထောင်စုရေနံအရန်သိုလှောင်မှု လျော့နည်းနေခြင်းတို့ကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန် ဒေါ်လာ (၆၀) အထက်သို့ရောက်ရှိခဲ့

အိုပက်အဖွဲ့ကရေနံထုတ်လုပ်မှုကို ဆက်လက်လျှော့ချထားရန်စီစဉ်နေခြင်းနှင့် အမေရိကန်ပြည် ထောင်စု ရေနံအရန်သိုလှောင်မှု လျော့နည်းနေခြင်းတို့ကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာခရစ်စမတ်ပွဲတော် အကြိုကာလဈေးကွက်မပိတ်မီအချိန်၌ တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၀) အထက် သို့ ရောက်ရှိခဲ့ကြောင်းသိရှိရပါသည်။

ရုရှားနိုင်ငံစွမ်းအင်ဝန်ကြီး အလက်ဇန္ဒားနိုဘတ်သည် ၂၀၁၉ ခုနစ်၊ ဒီဇင်ဘာလ (၂၃) ရက် နေ့တွင် သတင်းထောက်များနှင့်တွေ့ဆုံရာ၌ အိုပက်အဖွဲ့၊ ရုရှားနိုင်ငံနှင့် အိုပက်အဖွဲ့ဝင် မဟုတ် သောရေနံထုတ်လုပ်သည့် အခြားနိုင်ငံများသည် ဈေးကွက်၏အခြေအနေအရ ရေနံထုတ်လုပ်မှုကို ဆက်လက်လျှော့ချထားရန် စီစဉ်နေသည်ဟု ပြောကြားခဲ့ကြောင်း၊ အိုပက်အဖွဲ့နှင့်ရုရှားအပါအဝင် ရေနံထုတ်လုပ်သည့် အခြားနိုင်ငံများသည် နေ့စဉ်ထုတ်လုပ်နေသည့် ရေနံပမာဏအနက်မှစည် ပေါင်း (၂.၁) သန်းခန့်ကို ၂၀၁၇ ခုနှစ်မှစတင်၍ လျှော့ချထုတ်လုပ်လျက်ရှိပြီး ယင်းအစီအစဉ်ကို ၂၀၂၀ ခုနှစ်၊ မတ်လကုန်အထိ ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း၊ အဆိုပါလျှော့ချမှုပမာဏမှာ ကမ္ဘာတစ်ဝန်းတစ်နေ့တာ ရေနံဝယ်လိုအားပမာဏ၏ ၂% ခန့်ရှိကြောင်း၊ ထို့ ကြောင့် ဈေးကွက်အတွင်းရေနံလိုအပ်ချက် ဖြစ်ပေါ်လာမည့်အပေါ်စိုးရိမ်ပူပန်မှုများကြောင့် ရေနံဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထို့ပြင် ရိုက်တာသတင်းဌာနမှ ရေနံဈေးကွက်အတွင်းရရှိသည့် သတင်းအချက်အလက်များ၌ အမေရိကန်ပြည်ထောင်စု၏ ရေနံအရန်သိုလှောင်မှုပမာဏမှာရတ်သတ္တပတ်(၂) ပတ်ဆက်တိုက်ကျဆင်းခဲ့ပြီး လက်ရှိအချိန်၌ သတ်မှတ်ထားသည့် ပမာဏအောက်စည်ပေါင်း (၁.၇) သန်းခန့် လျော့နည်းနေကြောင်း ဖော်ပြထားခြင်းသည်လည်း ရေနံဈေးနှုန်းများကို မြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက် (အင်္ဂါနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ရေနံဈေးကွက်၌ ရေနံစိမ်းဈေးနှုန်းများမှာ ၀.၁ % မြင့်တက်ခဲ့ပြီး WTI ရေနံစိမ်းတစ်စည်၏ ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၆၀.၅၁) သို့လည်းကောင်း၊ ဘရန့်ရေနံစိမ်းတစ်စည်၏ ဈေးနှုန်းမှာတစ်စည်လျှင်အမေရိကန်ဒေါ်လာ(၆၆.၄၄) သို့ရောက်ရှိခဲ့ကြောင်းအထက်www.bloomberg.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။