ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံလုပ်ငန်းအား အမေရိကန်အစိုးရမှအရေးယူပိတ်ဆို့မှုချမှတ်ခဲ့ပြီးနောက် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများ အနည်းငယ်မြင့်တက်ခဲ့မှု

ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံလုပ်ငန်းအား အမေရိကန်အစိုးရမှအရေးယူပိတ်ဆို့မှုချမှတ်ခဲ့ပြီးနောက် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများ အနည်းငယ်မြင့်တက်ခဲ့မှု

အမေရိကန်အစိုးရသည် ဗင်နီဇွဲလားနိုင်ငံ၌အစိုးရအပြောင်းအလဲဖြစ်ပေါ်ရန် လိုလားလျက် ရှိပြီး လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း ဗင်နီဇွဲလားသမ္မတမာဒူရို၏ အတိုက်အခံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂျူအန်ကွိုက်ဒို( ၃၆နှစ် ) အားကြားဖြတ်သမ္မတအဖြစ် အမေရိကန်အစိုးရကကြေညာ ခဲ့ပြီးနောက် အမေရိကန် – ဗင်နီဇွဲလားနှစ်နိုင်ငံဆက်ဆံရေး မပြေလည်မှုများဖြစ်ပေါ်ခဲ့ရာ အမေရိ ကန်အစိုးရသည် ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံလုပ်ငန်းအားအရေးယူပိတ်ဆို့မှု ပြုလုပ်ခဲ့သည့်အတွက် ကမ္ဘာ့ဈေးကွက်အတွင်းရေနံဈေးနှုန်းမှာ အနည်ငယ်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်အစိုးရသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၈) ရက်နေ့မှစ၍ ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံလုပ်ငန်း Petroleos de Venezuela SA (PDVSA)အား အရေးယူပိတ်ဆို့မှုများချမှတ်လိုက်ရာ အဆိုပါအရေးယူပိတ်ဆို့မှုသည် ဗင်နီဇွဲလားနိုင်ငံမှရေနံတင်သွင်းနေသော အမေရိကန် ရေနံချက်လုပ်ငန်းများနှင့် ဗင်နီဇွဲလားနိုင်ငံတို့အကြား ရေနံဝယ်ယူခြင်းဆိုင်ရာ ငွေပေးချေလွှဲပြောင်းမှုများကို ကန့်သတ်ပိတ်ဆို့လိုက်ခြင်းပင်ဖြစ်ကြောင်း၊ အဆိုပါအရေးယူပိတ်ဆို့မှုအရ ဗင်နီဇွဲလားရေနံအသုံးပြုလျက်ရှိသော အမေရိကန်ရေနံချက်လုပ်ငန်းများသည် ဗင်နီဇွဲလားရေနံများကို ဝယ်ယူနိုင်မည်ဖြစ်သော်လည်း ဝယ်ယူမှုအတွက်ငွေပေးချေသည့်ဘဏ် စာရင်းများကိုပိတ်ပင် ထား မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဗင်နီဇွဲလားနိုင်ငံပိုင်ရေနံလုပ်ငန်း PDVSA သည်အမေရိကန်ပြည်ထောင်စုသို့ ရေနံတင်ပို့မှုအားရပ်ဆိုင်းသွားဖွယ်ရှိခြင်းနှင့်အတူ ဗင်နီဇွဲလားရေနံ အသုံးပြုလျက်ရှိသော အမေရိကန်ရေနံချက်လုပ်ငန်းများအတွက် ရေနံလိုအပ်ချက်များ ဖြစ်ပေါ်လာဖွယ်ရှိခြင်းကို အကြောင်းပြု၍ ရေနံဈေးနှုန်းမှာ အနည်းငယ်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၃၀) ရက်(ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ မတ်လအတွက် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၄% မြင့်တက်ခဲ့ပြီး တစ်စည် လျှင် အမေရိကန်ဒေါ်လာ(၅၃.၅၄)ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့် ရေနံစိမ်းကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းမှာ ၀.၆% မြင့်တက်ခဲ့ပြီးတစ်စည်လျှင် အမေရိကန် ဒေါ်လာ(၆၁.၆၉)ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်းဖြင့် reuters သတင်းဌာနက ထုတ်လွှင့်ခဲ့ပါသည်။

(မှတ်ချက်။ ဗင်နီဇွဲလားနိုင်ငံပိုင်ရေနံလုပ်ငန်း PDVSA သည် အမေရိကန်ပြည်ထောင်စုသို့ နေ့စဉ် ရေနံစည်ပေါင်း (၅)သိန်းခန့်တင်ပို့လျက်ရှိရာ အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုကြောင့် ဗင်နီဇွဲလားနိုင်ငံ၏ အမေရိကန်ပြည်ထောင်စုသို့ ရေနံတင်ပို့မှုအပေါ် ဆိုးကျိုးသက်ရောက်မည်ဖြစ်သော်လည်း ဗင်နီဇွဲလားနိုင်ငံမှ ကမ္ဘာ့ဈေးကွက်အတွင်းနေ့စဉ်ရေနံတင်ပို့မှုအပေါ် သက်ရောက်မှုတစ်စုံတစ်ရာရှိမည်မဟုတ်ကြောင်း၊ ဗင်နီဇွဲလားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုသို့ ရေနံတင်ပို့ခြင်းကြောင့် ရရှိသောဝင်ငွေပမာဏမှာ ပြည်ပသို့ရေနံတင်ပို့ရာမှ ရရှိသောစုစုပေါင်းဝင်ငွေပမာဏ၏ ၇၅% ခန့်ရှိကြောင်း၊ အမေရိကန်အစိုးရ၏အရေးယူပိတ်ဆို့မှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ရန်အတွက် ဗင်နီဇွဲလားနိုင်ငံသည် ရေနံများကိုဈေးနှုန်းအများအပြားလျှော့ချ၍ (discount) ဖြင့် ရုရှား၊ တရုတ်၊ အိန္ဒိယစသည့်နိုင်ငံများသို့ တိုးမြှင့်တင်ပို့ကာ တိုင်းပြည်ဝင်ငွေလျော့ကျမည့် အခြေအနေကိုကာကွယ်သွားဖွယ်ရှိသည်ဟုဈေးကွက်သုတေသီများကခန့်မှန်းထားကြကြောင်းသိရှိရပါသည်။)

အမေရိကန်အစိုးရသည် တရုတ်နိုင်ငံအခြေစိုက်နည်းပညာကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေးကုမ္ပဏီ၏ ဘဏ္ဍာရေးမှူးဖြစ်သူအား နည်းပညာခိုးယူမှုစွဲချက်အပါအဝင် စွဲချက်အများအပြားဖြင့် တရားစွဲဆိုခဲ့မှု

အမေရိကန်အစိုးရသည် တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေးကုမ္ပဏီ၏ဘဏ္ဍာရေးမှူးဖြစ်သူအား နည်းပညာခိုးယူမှုစွဲချက်အပါအဝင် စွဲချက်အများအပြားဖြင့်တရားစွဲဆိုခဲ့မှု

လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကနေဒါနိုင်ငံတွင်ဖမ်းဆီးခဲ့ပြီး နေအိမ်အကျယ်ချုပ်ဖြင့်ထားရှိထားသည့် တရုတ်နိုင်ငံအခြေစိုက်နည်းပညာကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေးကုမ္မဏီတည်ထောင်သူ၏သမီးဖြစ်သူ ဟွာဝေးကုမ္ပဏီ၏ဘဏ္ဍာရေးဆိုင်ရာအုပ်ချုပ်ရေးမှူး မန်ဝမ်ကျိုး အား အီရန်နိုင်ငံအပေါ်ချမှတ်ထားသည့် အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်ခဲ့မှုများနှင့် နည်းပညာခိုးယူမှုများအပါအဝင် စွဲချက်(၁၃)ချက်ဖြင့်  အမေရိကန်ပြည်ထောင်စုတရားရေးဌာနက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်(တနင်္လာ) နေ့တွင် တရားစွဲတင်ခဲ့သည်ဟုသိရှိရပါသည်။

ထို့ပြင်အဆိုပါကိစ္စရပ်များ၌ ပါဝင်ပတ်သက်ခဲ့သည့် ဟွာဝေးကုမ္ပဏီမှပူးပေါင်းပါဝင်သူ (၂) ဦးကိုလည်း အမေရိကန်ပြည်ထောင်စုရှိဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် T-Mobile ထံမှ စက်ရုပ်နည်းပညာခိုးယူမှုစွဲချက် (၁၀) ချက်ဖြင့်တရားစွဲဆိုခဲ့ကြောင်း၊ ဟွာဝေးကုမ္ပဏီသည် အမေရိကန်ကုမ္ပဏီများနှင့်ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများအကြား မမှန်မကန်ဆောင်ရွက်မှုများ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပြီး T-Mobile ထံမှ ဉာဏပိုင်းဆိုင်ရာနည်းပညာရပ်များကိုခိုးယူကာ ကမ္ဘာ့ဈေးကွက်အတွင်း အသာစီးရရှိအောင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဟွာဝေးကုမ္ပဏီအပေါ် တရားစွဲဆိုမှုများနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၏ စွပ်စွဲချက်များအပေါ် ဟွာဝေး ကုမ္ပဏီကငြင်းဆန်ထားကြောင်း၊ အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ တရုတ်နှင့်ကနေဒါနိုင်ငံတို့ အကြား ဆက်ဆံရေးတင်းမာမှုများဖြစ်ပေါ်လျက်ရှိကာ မန်ဝမ်ကျိုးအဖမ်းခံခဲ့ရချိန်မှစ၍ လက်တုံ့ပြန်သည့်အနေဖြင့် အဆိုပါကာလများအတွင်း တရုတ်နိုင်ငံသည် ကနေဒါနိုင်ငံသားနှစ်ဦးကို ထိန်းသိမ်းခဲ့မှုများအပါအဝင် ကနေဒါနိုင်ငံအပေါ်ဖိအားပေးမှုများပိုမိုပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာတင်းမုမှုများ ကြီးထွားနေချိန်တွင် ယခုကဲ့သို့ တရုတ်ကုမ္ပဏီကြီးတစ်ခုကို အမေရိကန်ပြည်ထောင်စုမှ တရားစွဲဆိုခဲ့ခြင်းနှင့်ပတ်သက်၍ အမေရိကန်နှင့်တရုတ်နိုင်ငံတို့အကြား တင်းမာမှုများကိုတိုးမြှင့်ဖြစ်ပေါ်စေခဲ့ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည်  အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၏ ယုတ္တိမရှိသောဖိနှိပ်မှုများသာဖြစ်သည်ဟု ပြစ်တင်ဝေဖန်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်ကုမ္ပဏီများအပေါ် ဖိနှိပ်နေမှုများကိုအမြန်ဆုံးရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ထို့ပြင်တရုတ်နိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံပိုင်ကုမ္ပဏီများအပေါ် တရားနည်းလမ်းကျစွာ စောင့်ရှောက်ပေးလိမ့်မည်ဟု  ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက် (အင်္ဂါနေ့) တွင်ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စုခေတ္တရှေ့နေချုပ် မက်သရူးဝစ်တာကာက ပြောကြားရာ၌ အမေရိကန်ပြည်ထောင်စုနေအနေဖြင့် ယခုကဲ့သို့တရားစွဲဆိုခြင်းသည် တရုတ်ကုမ္ပဏီအပေါ်သာစွဲဆိုခြင်းဖြစ်ပြီး တရုတ်အစိုးရမှ ကြားဝင်ပတ်သက်မှုများမပြုလုပ်ရန်နှင့် အမေရိကန် ပြည်ထောင်စုအတွင်း ဥပဒေချိုးဖောက်သည့် တရုတ်ကုမ္ပဏီများအနေဖြင့် နိုင်ငံသားများလိုက်နာသည့် ဥပဒေအတိုင်းအမေရိကန်ပြည်ထောင်စုမှ ပြဌာန်းထားသည့် တရားဥပဒေများနှင့်အညီ ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အမေရိကန်အစိုးရသည် ကနေဒါ နိုင်ငံတွင် နေအိမ်အကျယ်ချုပ်ဖြင့်ထားရှိထားသည့် မန်ဝမ်ကျိုးအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့နောက်ဆုံးထားကာ အမေရိကန်ပြည်ထောင်စုသို့လွှဲပြောင်းပေးရန် တောင်းဆိုထားသည်ဟုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ရည်ညွှန်း www.channelnewsasia.com

အမေရိကန်ဗဟိုဘဏ်အစည်းအဝေးအတွင်းဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းအား ရပ်ဆိုင်းထားဖွယ်ရှိသည်ဟူသော သတင်းများထွက်ပေါ်ပြီးနောက် တရုတ်ယွမ်တန်ဖိုးမှာ (၆) လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

အမေရိကန်ဗဟိုဘဏ်အစည်းအဝေးအတွင်း ဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းအား ရပ်ဆိုင်းထားဖွယ်ရှိသည်ဟူသော သတင်းများထွက်ပေါ်ပြီးနောက် တရုတ်ယွမ်တန်ဖိုးမှာ (၆) လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

အမေရိကန်ဗဟိုဘဏ်သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်(အင်္ဂါနေ့) မှစတင်ကာ (၃၀)ရက်(ဗုဒ္ဓဟူးနေ့) အထိ(၂) ရက်ကြာအစည်းအဝေးကျင်းပမည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံသူများသည် ဗဟိုဘဏ်အစည်းအဝေးရလဒ်ကိုစောင့်ဆိုင်းလျက်ရှိပြီး အဆိုပါဗဟိုဘဏ်အစည်းအဝေး၌ အမေရိကန် ဗဟိုဘဏ်သည် ဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းအား ရပ်ဆိုင်းထားဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့ပြီး နောက် အမေရိကန်ဒေါ်လာတန်ဖိုးအားပျော့ကာ တရုတ်ယွမ်ငွေတန်ဖိုးမြင့်တက်ခဲ့ပြီး (၆) လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

အလားတူ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၃၀) ရက်နေ့နှင့် (၃၁) ရက်နေ့တို့တွင် အမေရိကန်နှင့်တရုတ်ကုန်သွယ်ရေးဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ရာ ဆွေးနွေးမှုအခြေအနေအပေါ် ရင်းနှီးမြှုပ်နှံသူ များက စောင့်ကြည့်လျက်ရှိစဉ်ကာလအတွင်း ယွမ်ငွေတန်ဖိုးတည်ငြိမ်စေရန်ရည်ရွယ်၍ ဇန်နဝါရီလ (၂၈)ရက်(တနင်္လာနေ့) တွင် တရုတ်နိုင်ငံပိုင်အချို့သောဘဏ်ကြီးများသည် ပြည်တွင်းငွေကြေး​ဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာရောင်းချမှုများ ပြုလုပ်ပေးလျက်ရှိခြင်းသည်လည်း တရုတ် ယွမ်ငွေတန်ဖိုးကိုမြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက္(တနင်္လာနေ့) တွင် တရုတ်ဗဟိုဘဏ်သည် ရည်ညွှန်းငွေလဲလှယ်မှုနှုန်းအား အမေရိကန် တစ်ဒေါ်လာလျှင် (၆.၇၄၂၄)ယွမ်လဲလှယ်မှုနှုန်း သတ်မှတ်ခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုး အားပျော့နေခြင်းနှင့် တရုတ်နိုင်ငံပြည်တွင်းဘဏ်ကြီးများက ပြည်တွင်းငွေကြေးဈေးကွက် အတွင်း သို့ အမေရိကန်ဒေါ်လာ ရောင်းချပေးမှုများကြောင့် တရုတ်ပြည်တွင်းငွေကြေးဈေးကွက်၌ အမေရိကန် တစ်ဒေါ်လာလျှင် (၆.၇၂၂၅) ယွမ်လဲလှယ်မှုနှုန်း၌ ဖြစ်ပေါ်ခဲ့ရာအဆိုပါနှုန်းထားများအရ တရုတ်ယွမ်ငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ၀.၇% မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်း(၆) လတာကာလအတွင်း ယွမ်ငွေတန်ဖိုး အမြင့်ဆုံးအနေအထားပင်ဖြစ်သည်ဟု သိရှိရပါသည်။

ရည်ညွှန်း www.brecorder.com

ဂျပန်နိုင်ငံရှိ မီဒီယာလုပ်ငန်းနှင့်ဆေးဝါးလုပ်ငန်းများထံသို့ ဆိုက်ယာနိုက်ဟုယူဆရသောအမှုန့်များ လိမ်းကျံထားသည့်ခြိမ်းခြောက်စာများ ရောက်ရှိခဲ့မှု

ဂျပန်နိုင်ငံရှိ မီဒီယာလုပ်ငန်းနှင့်ဆေးဝါးလုပ်ငန်းများထံသို့ ဆိုက်ယာနိုက်ဟုယူဆရသောအမှုန့်များ လိမ်းကျံထားသည့်ခြိမ်းခြောက်စာများ ရောက်ရှိခဲ့မှု

ဂျပန်နိုင်ငံရှိ သတင်းစာထုတ်ဝေရေးလုပ်ငန်းနှင့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများစုစု ပေါင်း ကုမ္ပဏီ (၉) ခုထံသို့ ဆိုက်ယာနိုင်ဟုယူဆရသောအမှုန့်များလိမ်းကျံထားသည့် ခြိမ်းခြောက်ငွေတောင်းစာများ ရောက်ရှိခဲ့သည်ဟုသိရှိရကြောင်း၊ အဆိုပါစာများသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၅) ရက် (သောကြာနေ့) တွင် ဆေးဝါးလုပ်ငန်း(၇)ခု၊ မိုင်နီချီသတင်းစာထုတ်ဝေရေးလုပ်ငန်း (၁) ခုနှင့် စားသောက်ကုန် လုပ်ငန်း (၁) ခုစုစုပေါင်းကုမ္ပဏီ (၉) ခုတို့ထံသို့ အမည်နာမအမျိုးမျိုးဖြင့် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစာများသည် A4 ဆိုက်အရွယ်အစားဖြစ်ပြီး ကိုရီးယားဝမ်ငွေ ၃၅ သန်း(အမေရိကန်ဒေါ်လာ ၃၁၃၀၀) တန်ဖိုးရှိ bitcoin ပမာဏကို လာမည့်ဖေဖော်ဝါရီလ (၂၂) နေ့ နောက်ဆုံးထားကာပေးပို့ရမည်ဖြစ်ကြောင်းနှင့် မပေးပါကပိုတက်ဆီယမ်ဆိုက်ယာနိုက်ပါဝင်သော အစားအသောက်နှင့်ဆေးဝါးတုများ ထုတ်လုပ်ကာဈေးကွက်အတွင်း ဖြန့်ဝေသွားမည်ဟု ရေးသားဖော်ပြထားကြောင်းသိရှိရပါသည်။

မိုင်နီချီသတင်းစာထုတ်ဝေရေးလုပ်ငန်းသည် ၎င်းရရှိသည့် ခြိမ်းခြောက်စာအားရဲတပ်ဖွဲ့သို့ သွားရောက်ပေးအပ်ခဲ့ပြီးစုံစမ်းစစ်ဆေးမှုများကိုရဲတပ်ဖွဲ့နှင့်အတူပူးပေါင်းလုပ်ဆောင်သွားမည်ဟုသိရှိရကြောင်း၊ အဆိုပါစာများအားလူသတ်မှုအမြောက်အများကျူးလွန်မှုဖြင့် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ဂျပန်အစိုးရကသေဒဏ်စီရင်ခဲ့သည့် အုမ်ရှင်န်ရီကျို (အမည်ရင်း – ချီကျိုမာဆူမိုတို) ဦးဆောင်သည့် ဘာသာရေးဂိုဏ်းအဖွဲ့ဝင်ဟောင်းများ၏ အမည်အမျိုးမျိုးဖြင့် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊  လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်တွင်လည်းတိုကျိုနှင့်အိုဆာကာရှိ အချို့သောဆေးဝါးကုမ္ပဏီများသို့ ယခုကဲ့သို့သောခြိမ်းခြောက်စာများရောက်ရှိခဲ့သည်ဟုသိရှိရပါသည်။

မှတ်ချက်။   ။ လက်ရှိအချိန်တွင် bitcoin တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၃၄၁၀) ဒေါ်လာဈေးနှုန်း၌ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။

ရည်ညွှန်း www.japantimes.co.jp

တူရကီနိုင်ငံသည် တောင်အာရှဒေသအတွင်း မတည်ငြိမ်မှုများဖြစ်ပေါ်စေရန်ရည်ရွယ်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိအစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်း(JIB) နှင့် ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့ (ARSA) တို့အား ငွေကြေးနှင့်လက်နက်များကူညီထောက်ပံ့ပေးနေမှုများကို တိုးချဲ့ပြုလုပ်ရန်စီစဉ်လျက်ရှိမှု

တူရကီနိုင်ငံသည် တောင်အာရှဒေသအတွင်း မတည်ငြိမ်မှုများဖြစ်ပေါ်စေရန်ရည်ရွယ်၍   ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိအစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်း(JIB)နှင့်  ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့ (ARSA)တို့အား ငွေကြေးနှင့်လက်နက်များကူညီထောက်ပံ့ပေးနေမှုများကို တိုးချဲ့ပြုလုပ်ရန်စီစဉ် လျက်ရှိမှု

တူရကီသမ္မတရီစပ်တေရစ်အာဒိုဂန်ဦးဆောင်သည့် တရားမျှတရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (AKP) သည် တောင်အာရှဒေသအတွင်းမတည်ငြိမ်မှုများ ဖြစ်ပေါ်စေရန်ရည်ရွယ်၍ ဘာသာ ရေးစစ်ပွဲ (ဂျီဟက်) တိုးချဲ့လုပ်ဆောင်နိုင်စေရန်စစ်သွေးကြွအဖွဲ့များဖြစ်သည့် ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်း (Jamaat e Islami Bangladesh-JIB) နှင့် ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့(Arakan Rohingya Salvation Army-ARSA) တို့အား ငွေကြေးနှင့်လက်နက်များ ကူညီထောက်ပံ့ပေးနေမှုများကို တိုးချဲ့ပြုလုပ်ရန်စီစဉ်လျက်ရှိသည်ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာကျွမ်းကျင်သူ အမေရိကန်ပြည်ထောင်စုအခြေစိုက် အကြီးတန်း ထောက်လှမ်းရေးသုတေသီ အက်ဘ်ဟာရှန်ကာ၏ သုံးသပ်ပြောကြားချက်အရသိရှိရပါသည်။

တူရကီသမ္မတအာဒိုဂန်သည် ၎င်း၏ရည်မှန်းချက်ဖြစ်သည့် မွတ်စလင်ကမ္ဘာအတွင်း အင်အားကြီးနိုင်ငံဖြစ်ရမည်ဟူသော မူဝါဒတစ်စိတ်တစ်ပိုင်းအဖြစ်  Jamaat e Islami(JI) သောင်းကျန်းသူ အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နေရုံသာမက ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့ (ARSA) အဖွဲ့ဝင်များအတွက်ပါ ငွေကြေးနှင့်အခြားလိုအပ်သည့်ကူညီထောက်ပံ့မှုများကိုလည်း တိုးမြှင့်လုပ်ဆောင် ပေးရန်စီစဉ်လျက်ရှိခြင်းဖြစ်ကြောင်း၊ တူရကီနိုင်ငံသည် မွတ်စလင်ညီနှောင်အဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်ရေးနှင့်ပတ်သက်၍ ခိုင်မာစွာရပ်တည်ပေးလျက်ရှိပြီး အဆိုပါသမ္မတအာဒိုဂန် ဦးဆောင်သည့် AKP ပါတီ၏ အစ္စလာမ်အခြေပြုမူဝါဒတိုးတက်ရေးအစီအစဉ်တွင်  JI အဖွဲ့အနေ ဖြင့် သိသာထင်ရှားသည့်အခန်းကဏ္ဍမှပါဝင် လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ထို့ပြင်ကမ္ဘာလုံး ဆိုင်ရာ အစ္စလာမ်ဘာသာရေးတွင် တူရကီနိုင်ငံမှဦးဆောင်ဦးရွက်ပြုနိုင်ရန် JI အဖွဲ့မှထောက်ခံပေး မှုများပြုလုပ်လျက်ရှိကာမွတ်စလင်ကမ္ဘာ၏ ခေါင်းဆောင်တစ်ဦးအဖြစ်သတ်မှတ်ထားကြကြောင်း၊ ထို့ကြောင့်အနာဂါတ်တွင်တူရကီနိုင်ငံမှ AKP အစ္စလာမ်မစ်ပါတီသည် ပါကစ္စတန်နှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ရှိ JI အဖွဲ့နှင့်ဆက်နွယ်လျက်ရှိသည့်အဖွဲ့အစည်းများနှင့် အခြားသောအစ္စလာမ်အရေး လှုပ်ရှားမှုများအပါအဝင် မြောက်အမေရိကအတွင်းအစ္စလာမ်မစ်အဖွဲ့အစည်းများအတွက်ပါ အဓိက ဦးဆောင်ဦးရွက်ပြုသည့် အခန်းကဏ္ဍတွင်ပါဝင်လာနိုင်သည်ဟုသိရှိရပါသည်။

ထို့ပြင် တူရကီနိုင်ငံမှ အကူအညီပေးရေးအဖွဲ့အစည်းများသည် ၂၀၁၇ ခုနှစ်မှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများအတွင်း နေထိုင်လျက်ရှိသော ဘင်္ဂါလီကလေးငယ်(၃)သိန်းတို့၏ ပညာသင်ကြားရေးကိုအကြောင်းပြုကာ တူရကီနိုင်ငံ၏အထောက်အပံ့ဖြင့် ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် အစ္စလာမ်ဘာသာရေးဆိုင်ရာမူလတန်းကျောင်း (Maqtab) များကိုဖွင့်လှစ်ပေးခဲ့ကြောင်း၊ အဆိုပါ အစ္စလာမ်ဘာသာရေးကျောင်းများမှတစ်ဆင့် ဘာသာရေးမုန်းတီးမှုဝါဒနှင့် ဘာသာရေးစစ်ပွဲ(ဂျီဟက်ဝါဒ) များအား အနာဂါတ်ကာလတွင် ဂျီဟက်ဝါဒသို့ ဦးတည်နိုင်ရေးအတွက် ဘင်္ဂါလီကလေးငယ်များ၏ စိတ်အတွင်းသို့ အယူဝါဒသွတ်သွင်းခြင်းများ ကိုလုပ်ဆောင်လျက်ရှိကြကြောင်း၊ အဆိုပါဘာသာရေးကျောင်းများတွင် တူရကီနိုင်ငံမှ သင်ကြားရေး ဆရာများသည် ဘင်္ဂါလီကလေးငယ်များအား နာကြည်းမုန်းတီးမှုများအမြစ်တွယ်စေရန် အစ္စလာမ် ဘာသာရေးအားတိုက်ခိုက်ခံရမှုဖြစ်စဉ်များနှင့်ပတ်သက်၍  ဘာသာရေးဆိုင်ရာ ဇာတ်လမ်း/ပုံပြင် များကဲ့သို့ပြောဆိုကာ ဘင်္ဂါလီကလေးငယ်များအား လိမ္မာပါးနပ်စွာဖြင့်  အယူဝါဒများရိုက်သွင်းသင်ကြားပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် အဆိုပါကိစ္စရပ်များ နှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ပူပန်လျက်ရှိပြီး ဘင်္ဂါလီဒုက္ခသည်စခန်းများအတွင်း နိုင်ငံတကာ NGO အဖွဲ့အစည်းများ၏လှုပ်ရှားသွားလာမှုများကို အထူးသတိထားစောင့်ကြည့်နေရခြင်းဖြစ် ကြောင်း၊ အဓိကအားဖြင့် မြန်မာနိုင်ငံအပေါ်မုန်းတီးမှုများဖြစ်ပေါ်စေရန် မြန်မာအာဏာပိုင်များအား အလ္လာ၏ရန်သူများအဖြစ် ဥပမာပေးခိုင်းနှိုင်းကာသင်ကြားပေးလျက်ရှိပြီး အစ္စလာမ်ဘာသာ အားဆန့်ကျင်နေမှုများရှုံးနိမ့်သွားသောအခါမှသာ ဘင်္ဂါလီများအနေဖြင့်ဘိုးစဉ်ဘောင်ဆက်နေထိုင်လာခဲ့သည့် မြန်မာနိုင်ငံသို့ပြန်လည်သွားရောက်နေထိုင်နိုင်လိမ့်မည်ဟူသော အယူဝါဒများစွဲထင်စေရန်သင်ကြားပေးလျက်ရှိကြကြောင်း၊ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီကလေးငယ်များ၏ပညာသင်ကြားရေးသည် အဓိကပြဿနာတစ်ရပ်ဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒုက္ခသည်စခန်းများမှ ကလေးငယ်များအတွက် တရားဝင်ပညာသင်ကြားရေးကိုပိတ်ပင်ထားခြင်းကြောင့် ယခုကဲ့သို့ ဘင်္ဂါလီကလေးငယ်များအနေဖြင့် အဆိုပါအယူဝါဒများသွတ်သွင်းခံနေရခြင်းဖြစ်သည်ဟုသိရှိရကြောင်း သိရှိရပါသည်။

ရည်ညွှန်း www.weeklyblitz.net

တရုတ်အစိုးရသည် အာဆီယံနိုင်ငံများအကြား တရုတ်ယွမ်ငွေသုံးစွဲမှုပိုမိုတွင်ကျယ်လာအောင်လုပ်ဆောင် သွားရန်စီစဉ်လျက်ရှိမှု

တရုတ်အစိုးရသည် အာဆီယံနိုင်ငံများအကြား တရုတ်ယွမ်ငွေသုံးစွဲမှု ပိုမိုတွင်ကျယ်လာအောင်လုပ်ဆောင်သွားရန်စီစဉ်လျက်ရှိမှု

တရုတ်အစိုးရသည် နိုင်ငံတကာကုန်သွယ်ရေးကဏ္ဍတွင် တရုတ်ယွမ်ငွေ အသုံးပြုမှုမြင့်တက်လာစေရန် အားထုတ်ကြိုးပမ်းသည့်အနေဖြင့် အာဆီယံနိုင်ငံများအကြား တရုတ်ယွမ်ငွေသုံးစွဲမှုပိုမိုတွင်ကျယ်လာအောင် လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်း၊ ယခုရက်ပိုင်းအတွင်း တရုတ်ဗဟိုဘဏ်က ထုတ်ပြန်သည့်ကြေညာချက်အရ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီပြည်နယ်သည်တရုတ် – ဗီယက်နမ်နှစ်နိုင်ငံ နယ်စပ်ပြည်နယ်ဖြစ်ရာ ကမ္ဘာပေါ်၌ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများနှင့်စီးပွားရေး၊ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် အဆိုပါကွမ်ရှီပြည်နယ်အား အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့်ဘဏ္ဍာရေးမုခ်ဝအဖြစ် (၅) နှစ်စီမံကိန်းရေးဆွဲကာ ပုံဖော်တည်ဆောက်သွားရန် တရုတ်အစိုးရကဆုံးဖြတ်ထားကြောင်း၊  အဆိုပါ(၅)နှစ်စီမံကိန်း၏ အဓိကရည်မှန်းချက်တစ်ခုမှာ တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများအကြား တရုတ်ယွမ်ငွေအသုံးပြုမှုအား ပိုမိုတွင်ကျယ်လာအောင် လုပ်ဆောင်ရန်ဖြစ်ကြောင်း၊ အဆိုပါရည်မှန်းချက်အရ ကုန်သွယ်ရေးငွေပေးချေမှုများ၊ ငွေကြေးလွှဲပြောင်းမှုများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ဘဏ္ဍာရေးကိစ္စများကို တရုတ်ယွမ်ငွေဖြင့်လုပ်ဆောင်နိုင်ရန် စီမံသွားမည်ဖြစ် ကြောင်း၊ သို့ဖြစ်ရာ တရုတ်အစိုးရသည် အာဆီယံနိုင်ငံများနှင့် ကုန်ပစ္စည်းကူးသန်းရောင်းဝယ်ရေးကိစ္စများတွင် တရုတ်ယွမ်ငွေကိုအသုံးပြုရန် တိုက်တွန်းစည်းရုံးမှုများပြုလုပ်သွားမည် ဖြစ်ပြီး အာဆီယံဒေသအတွင်းရှိ စီမံကိန်းများအတွက် ယွမ်ငွေဖြင့် ချေးငွေထုတ်ပေးခြင်း၊ ပြည်ပ ယွမ်ငွေကြေးဈေးကွက်ဖော်ဆောင်ခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖြစ်ထွန်းလာစေရန် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရှိရပါသည်။

ယွမ်ငွေအသုံးပြုမှုတွင်ကျယ်စေရေး ရည်မှန်းချက်ပါဝင်သည့် အဆိုပါ (၅) နှစ်စီမံကိန်း ကာလမှာ ယခု ၂၀၁၉ ခုနှစ်မှ စတင်ကာ ၂၀၂၃ ခုနှစ်အထိဖြစ်ပြီး တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ တရုတ်ဗဟိုဘဏ်၊ ငွေကြေးလဲလှယ်ရေးဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့(State Administration of Foreign Exchange) နှင့်တရုတ်ငွေတိုက်စာချုပ်စောင့်ကြည့်ရေး အဖွဲ့(Security Watchdog) တို့သည် တရုတ်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုသိရှိရပါသည်။

ရည်ညွှန်း www.thestar.com.my

အမေရိကန်နှင့်ဗင်နီဇွဲလားနိုင်ငံတို့၏ နိုင်ငံရေးတင်းမာမှုများကိုအကြောင်းပြု၍ ကမ္ဘာ့ရေနံဈေးနှုန်းများ ၁% ခန့်မြင့်တက်ခဲ့မှု

အမေရိကန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့၏ နိုင်ငံရေးတင်းမာမှုများကိုအကြောင်းပြု၍ ကမ္ဘာ့ရေနံဈေးနှုန်းများ ၁% ခန့်မြင့်တက်ခဲ့မှု

ဗင်နီဇွဲလားသမ္မတနီကိုလပ်စ်မာဒူရို၏ အတိုက်အခံခေါင်းဆောင် ဂျူအန်ကွိုက်ဒိုအား ဗင်နီဇွဲလားနိုင်ငံ၏ ကြားဖြတ်သမ္မတအဖြစ်အသိအမှတ်ပြုကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် အစိုးရက လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အမေရိကန်နှင့်ဗင်နီဇွဲလား နိုင်ငံတို့အကြား နိုင်ငံရေးတင်းမာ မှုများဖြစ်ပေါ်လာခြင်းကိုအကြောင်းပြု၍ ကမ္ဘာ့ရေနံဈေးနှုန်းများ ၁% ခန့်မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

သမ္မတဒေါ်နယ်ထရန့်အစိုးရက ဂျူအန်ကွိုက်ဒိုအား ဗင်နီဇွဲလားနိုင်ငံ၏ကြားဖြတ်သမ္မတအဖြစ် တရားဝင်အသိအမှတ်ပြုကြောင်းကြေညာခဲ့ပြီးနောက် ဗင်နီဇွဲလားသမ္မတမာဒူရိုကလည်း အမေရိကန် ပြည်ထောင်စုနှင့် သံတမန်ဆက်ဆံရေးဖြတ်တောက်ပစ်မည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ အမေရိကန်သံတမန် များသည်လည်း(၇၂) နာရီအတွင်း နိုင်ငံအတွင်းမှထွက်ခွာသွားရန်နှင့် အမေရိကန်နိုင်ငံရှိ ဗင်နီဇွဲလားသံရုံးအားပိတ်သိမ်းကာ သံတမန်ဝန်ထမ်းများအနေဖြင့် ဗင်နီဇွဲလားနိုင်ငံသို့ပြန်လည် လာရောက်ရမည်ဟုကြေညာခဲ့ကြောင်း၊ အလားတူဗင်နီဇွဲလားနိုင်ငံရှိ အမေရိကန်သံတမန် ဝန်ထမ်းများအနေဖြင့် ဗင်နီဇွဲလားနိုင်ငံမှထွက်ခွာလာကြရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်မှုများပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် ဗင်နီဇွဲလားနိုင်ငံ၏ ရေနံ၊ ရွှေနှင့်အခြားသောကဏ္ဍများအပေါ် အရေးယူပိတ်ဆို့မှုများပြုလုပ်သွားရန် အသင့်အနေအထားရှိ သည်ဟု အမေရိကန်အစိုးရအဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း၊ အမေရိကန်အစိုးရသည် အီရန်ရေနံများအပေါ်တွင်လည်း အရေးယူပိတ်ဆို့မှုများ ချမှတ်ထားပြီးဖြစ်သကဲ့သို့ ယခုအခါ ဗင်နီဇွဲလားနိုင်ငံ၏ ရေနံကဏ္ဍအပေါ်အရေးယူပိတ်ဆို့မှုများ ထပ်မံပြုလုပ်သွားမည်ဆိုပါက ဈေးကွက်အတွင်းရေနံလိုအပ်ချက်များ ဖြစ်ပေါ်လာနိုင်သည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်လာခြင်းနှင့်အတူ ကမ္ဘာ့ရေနံဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် အိုပက်အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ဝင်မဟုတ်သောနိုင်ငံများအနေဖြင့် ဈေးကွက်အတွင်း ရောင်းလိုအားနှင့်ဝယ်လိုအားပမာဏကို ထိန်းညှိနိုင်ရန် အလေးထားလုပ်ဆောင်သွားမည်ဖြစ်ရာ ဈေးကွက်အတွင်း ရေနံပိုလျှံမှုများ ကြာရှည်ဖြစ်ပေါ်နေပါက တစ်နေ့လျှင်ရေနံစည်ပေါင်း (၁.၂) သန်း လျှော့ချထုတ်လုပ်မည်ဟူ၍ လက်ရှိသဘောတူထားသည့်ပမာထက်ပို၍ လျှော့ချထုတ်လုပ်သွားမည့် အစီအစဉ်ကို လုပ်ဆောင်သွားမည်ဟု အိုပက်အဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် မိုဟာမက်ဘာကင်ဒိုက ရိုက်တာသတင်းဌာနသို့ ယခုရက်ပိုင်းအတွင်း ပြောကြားခဲ့ခြင်းသည်လည်း ရေနံဈေးနှုန်းများကို မြင့်တက်စေသည့်အခြားသောအချက်တစ်ခုဖြစ်ကြောင်းသိရှိ ရပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်(စနေနေ့) တွင် နယူးယောက်ဈေးကွက်၌ မတ်လအတွင်း WTI ရေနံစိမ်းတစစည်၏ ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၁.၀၅% မြင့်တက်ကာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၃.၆၉)ဒေါ်လာဖြင့်လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်း ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၉%မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၁.၆၄)ဒေါ်လာ   ဖြင့်လည်းကောင်း အသီးသီးဈေးပိတ်သွားခဲ့ကြောင်း သိရှိရပါသည်။

မှတ်ချက်။   ။ ဗင်နီဇွဲလားနိုင်ငံ၏ နေ့စဉ်ရေနံထုတ်လုပ်မှုပမာဏမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နေ့လျှင် စည်ပေါင်း (၁.၅၁၁) သန်းခန့်ရှိခဲ့ကြောင်း၊ အမေရိကန်အစိုးရက ဗင်နီဇွဲလားရေနံများအပေါ် အရေးယူပိတ်ဆို့မှုများပြုလုပ်သွားမည်ဆိုပါက ယခု ၂၀၁၉ ခုနှစ်အတွင်း ဗင်နီဇွဲလားနိုင်ငံ နေ့စဉ်ရေနံထုတ်လုပ်မှုပမာဏမှာ တစ်နေ့လျှင် စည်ပေါင်း (၃) သိန်းမှ (၅) သိန်းဝန်းကျင်ခန့်ကျဆင်း သွားနိုင်သည်ဟု ဈေးကွက်လေ့လာသူများက ခန့်မှန်းထားကြကြောင်းကို reuters သတင်းဌာနက ထုတ်လွှင့်ခဲ့ကြောင်းသိရှိရပါသည်။

လာမည့်ရက်ပိုင်းအတွင်းကျင်းပတော့မည့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေးမတိုင်မီတွင် အမေရိကန် ဒေါ်လာတန်ဖိုးကျဆင်းကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာ (၇) လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

လာမည့်ရက်ပိုင်းအတွင်းကျင်းပတော့မည့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေးမတိုင်မီတွင် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာ (၇) လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်(အင်္ဂါနေ့)နှင့် (၃၀)ရက်(ဗုဒ္ဓဟူးနေ့)တို့တွင် အမေရိကန် ဗဟိုဘဏ်အစည်းအဝေး ကျင်းပမည်ဖြစ်ပြီး ယင်းကာလမတိုင်မီတွင် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းကာကမ္ဘာ့ ရွှေဈေးနှုန်းမှာ(၇)လတာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်ဗဟိုဘဏ်အနေဖြင့် ဘဏ်တိုးနှုန်းတိုးမြှင့်ရန် ကြိုတင်သတ်မှတ်ထားခြင်းမျိုး မရှိသကဲ့သို့ ဗဟိုဘဏ်ကော်မတီဝင်များအနေဖြင့် ဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းအား အလျင်စလိုပြုလုပ်လိုခြင်း မရှိဘဲ အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာ့စီးပွားရေးအခြေအနေအပေါ် စောင့်ကြည့်ဆန်းစစ်သွားမည် ဖြစ်ပြီး လိုအပ်ပါကဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းကိုရပ်တန့်ထားမည်ဟု ယခုဇန်နဝါရီလ လဆန်းပိုင်းတွင် အမေရိကန်ဗဟိုဘဏ်ကကြေညာခဲ့ခြင်း၊ အမေရိကန်ပြည်ထောင်စု၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံ့စီးပွားဆန်းစစ်ရေးဌာန (Bureau of Economic Analysis-BEA) သည် စံချိန်တင်ဖြစ်ပေါ်ခဲ့သော government shutdown အတွင်း လုပ်ငန်းရပ်နားထားခဲ့ရသောကြောင့် စီးပွားရေးအခြေအနေဖြစ်ပေါ်မှုများကို ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိသည်ဖြစ်ရာ အမေရိကန်ဗဟိုဘဏ် အတွက် လိုအပ်သောစီးပွားရေးဆိုင်ရာစာရင်းအချက်အလက်များကို မသိရှိရသည့်အတွက် နိုင်ငံ၏ စီးပွားရေးအခြေအနေကို ကောင်းစွာတွက်ချက်ခန့်မှန်းနိုင်ခြင်း မရှိသည့်အပြင် ဘဏ်တိုးနှုန်းတိုးမြှင့် ခြင်းဆိုင်ရာမူဝါဒချမှတ်မှုများကို ခက်ခဲရှုပ်ထွေးစေသည်ဟု အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌဂျရွန် မီပေါင်ဝယ်လ် ကပြောကြားခဲ့ခြင်းစသည့်အချက်များကို ထောက်ဆ၍ မကြာမီရက်ပိုင်းအတွင်း ကျင်းပပြုလုပ်မည့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေးတွင်လည်း ဘဏ်တိုးနှုန်းအား တိုးမြှင့်ခြင်း မပြုဘဲရပ်ဆိုင်းထားဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်လျက်ရှိကြောင်း၊ အမေရိကန် ဗဟိုဘဏ်က ဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းကို ရပ်ဆိုင်းထားဖွယ်ရှိခြင်းကြောင့် အမေရိကန်ဒေါ်လာ တန်ဖိုးမှာ မြင့်တက်လာဖွယ်မရှိဟူသော ခန့်မှန်းချက်များနှင့်အတူ ရင်းနှီးမြှုပ်နှံသူများသည် ရွှေကိုပိုမို ဝယ်ယူစုဆောင်းကြသောကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထို့ပြင် နှစ်တစ်နှစ်၏ အောက်တိုဘာလမှ ဒီဇင်ဘာလအထိကာလနှင့် ဇန်နဝါရီလလယ်ပိုင်းမှ မတ်လ ကုန်အထိကာလများသည် အိန္ဒိယနိုင်ငံ၏လက်ထပ်ထိမ်းမြားရာသီကာလများဖြစ်သောကြောင့် အိန္ဒိယရွှေထည်လုပ်ငန်းရှင်များသည် ယင်းကာလအတွင်းဖြစ်ပေါ်လာမည့် ဝယ်လိုအားကို ပြည့်မီအောင် ရောင်းချနိုင်ရန်အတွက် ရွှေဝယ်ယူမှုများပြုလုပ်လာကြခြင်းသည်လည်း ကမ္ဘာ့ရွှေဈေးနှုန်းကို မြင့်တက် စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း  သိရှိရပါသည်။

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၂၆)ရက်(စနေနေ့)တွင် နယူးယောက်ဈေးကွက်၌ ဖေဖော်ဝါရီလ အတွက်ရွှေ တစ်အောင်စ၏ ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၁၈.၃၀) ဒေါ်လာ (၁.၄၃%)မြင့်တက်ခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၂၉၈.၁၀) ဖြင့် ဈေးပိတ် သွားခဲ့ကြောင်း၊ ရွှေလက်ငင်းရောင်းဝယ်မှု ဈေးနှုန်းမှာလည်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၀၀.၃၀) ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ ဈေးနှုန်းသည် ၂၀၁၈ခုနှစ်၊ ဇွန်လနောက်ပိုင်း (၇) လတာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း၊ အမေရိ ကန်ဒေါ်လာတန်ဖိုးမှာမူ ၀.၈၄% ကျဆင်းခဲ့ကြောင်းကို reuters သတင်းဌာနက ထုတ်လွှင့်ခဲ့ကြောင်းသိရှိ ရပါသည်။

မလေးရှားနိုင်ငံမှ NGO အဖွဲ့တစ်ခုသည် ကာတာနိုင်ငံမှရရှိသည့် အလှူငွေများဖြင့် မလေးရှားနိုင်ငံရှိ ဘင်္ဂါလီကလေးငယ်များပညာသင်ကြားရေးအတွက် မလေးရှားရင်းဂစ်သန်း (၂၀) ကျော်ကုန်ကျမည့် စာသင်ကျောင်းတစ်ကျောင်းဆောက်လုပ်ရန်စီစဉ်လျက်ရှိမှု

မလေးရှားနိုင်ငံမှ NGO အဖွဲ့တစ်ခုသည် ကာတာနိုင်ငံမှရရှိသည့် အလှူငွေများဖြင့် မလေးရှားနိုင်ငံရှိ ဘင်္ဂါလီကလေးငယ်များပညာသင်ကြားရေးအတွက် မလေးရှားရင်းဂစ်သန်း (၂၀)ကျော်ကုန်ကျမည့် စာသင်ကျောင်းတစ်ကျောင်းဆောက်လုပ်ရန်စီစဉ်လျက်ရှိမှု

မလေးရှားနိုင်ငံမှ မွတ်စလင် NGO အဖွဲ့တစ်ခုဖြစ်သည့် 7 Sanaabil International သည် မလေးရှားနိုင်ငံရှိ ဘင်္ဂါလီမွတ်စလင်ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် မလေးရှား ကျွန်းဆွယ်၊ အရှေ့မြောက်ပိုင်းရှိ ကီလန်တန်မြို့တွင် မလေးရှားရင်းဂစ်ငွေသန်း (၂၀) ကျော် (အမေရိကန်ဒေါ်လာ ၄.၈သန်း ကျော်ခန့်) ကုန်ကျမည့် အခြေခံမူလတန်းကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ပေးသွားမည်ဖြစ်သည်ဟု မွတ်စလင် NGO အဖွဲ့တစ်ခုဖြစ်သည့် 7 Sanaabil International ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက် (စနေနေ့) တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

7 Sanaabil International တည်ထောင်သူ ရဲအာကုဝမ်ဟာရန်က ပြောကြားရာ၌ မလေးရှား နိုင်ငံရှိ ဘင်္ဂါလီမွတ်စလင်ကလေးသူငယ်များပညာသင်ကြားနိုင်ရေးအတွက် မလေးရှား ရင်းဂစ်ငွေသန်း(၂၀)ကျော်ကုန်ကျမည့် အခြေခံမူလတန်းကျောင်း အဆောက်အဦတစ်ခု ဆောက်လုပ် ပေးသွားမည်ဖြစ်ပြီး အဆိုပါအ ဆောက်အဦအား (၂) နှစ်ကြာအချိန်ယူဆောင်လုပ်သွားမည်ဖြစ်ကာ ၂၀၂၁ ခုနှစ်တွင် ပြီးစီးရန်ရည်မှန်းထားကြောင်း၊ အဆိုပါ ကျောင်းဆောင်စတင်ဆောက်လုပ်ရေး ဖွင့်ပွဲအခမ်းအနားကိုလာမည့် မတ်လ (သို့မဟုတ်) ဧပြီလတွင် ပြုလုပ်ရန်စီစဉ်ထားကြောင်း၊ အဆိုပါ ကျောင်းဆောင်ကို (၆)ထပ်အဆောက်အဦအဖြစ် ဆောက်လုပ်သွားမည်ဖြစ်ကာ မလေးရှားနိုင်ငံတွင် ခိုလှုံနေသည့် ဘင်္ဂါလီဒုက္ခသည်မိသားစုဝင်များမှ ကလေးသူငယ်များနှင့် မိဘမဲ့ဒုက္ခသည်များကို ဦးစားပေးသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါကျောင်းဆောင်တွင် ဘင်္ဂါလီမွတ်စလင် ကျောင်းသား (၅၀၀) ခန့် တစ်ပြိုင်တည်း စာသင်ကြားနိုင်မည်ဖြစ်ပြီး အခြားရာပေါင်းများစွာသော ကျောင်းသားများအား အချိန်ပိုင်းသင်ကြားပေးနိုင်မည်ဖြစ်ကာ ထူးချွန်သည့် ကျောင်းသား (၁၅)ဦး ကို အနီးရှိ ရဲအာကုဝမ်ဟာရန်ပိုင်ဆိုင်သည့် ပုဂ္ဂလိကကောလိပ်တွင် ဆက်လက်ထားရှိပေးသွား မည်ဖြစ်ကြောင်း၊ အဆိုပါကျောင်းဆောင်အားလွန်ခဲ့သည့်နှစ်အတွင်း မလေးရှားဒုတိယဝန်ကြီးချုပ် ဝမ်အဇီဇက်ဝမ်အစ္စမေးလ်၏ အကူအညီတောင်းခံမှုဖြင့် မလေးရှားနိုင်ငံရှိဘင်္ဂါလီများကို ကူညီ ထောက်ပံ့နိုင်ရေးအတွက် ကာတာနိုင်ငံမှ လှူဒါန်းခဲ့သည့် အမေရိကန်ဒေါ်လာသန်း (၅၀) (မလေးရှားရင်းဂစ်ငွေ ၁၉၈.၉ သန်း)မှ ခွဲဝေရရှိခဲ့သည့် ငွေကြေးများမှတစ်ဆင့် ဆောက်လုပ်ပေး ကြောင်း၊ အဆိုပါကျောင်းဆောင်နှင့်ပတ်သက်၍ မည်သည့် ပညာရေးစနစ်ဖြင့် သင်ကြားပေးမည်ကို မဆုံးဖြတ်သေးသော်လည်း မွတ်စလင်ဘာသာဝင်များအတွက်သာ သီးသန့်သင်ကြားပေးသွားမည် ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ထိုသို့မလေးရှားနိုင်ငံရှိ ဘင်္ဂါလီမွတ်စလင်များအား ပညာသင်ကြားရေး အစီအစဉ်မှတစ်ဆင့် လာမည့်အနာဂါတ်တွင် အဆိုပါဘင်္ဂါလီဒုက္ခသည်များ၏ မျိုးဆက်သစ်များအနေဖြင့်အစိုးရ၏ ကူညီထောက်ပံ့မှုများအပေါ် မှီခိုအားထားနေရမှုများလျော့ပါးသက်သာသွားမည်ဖြစ်ပြီး ၎င်းတို့အပေါ် ထောက်ပံ့ပေးရမှုများ လိုအပ်တော့မည်မဟုတ်သည့်အပြင် မလေရှားနိုင်ငံအတွက်ပါ အထောက်အကူပေးနိုင်မည့် လုပ်သားကောင်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံရှိ အွီဂါမွတ်စလင်များအပါအဝင် ပါလက်စတိုင်း၊ မြန်မာနှင့်ကမ္ဘောဒီယားနိုင်ငံတို့မှ အကြမ်းဖက်ခံနေရသည့် မွတ်စလင်များအပေါ် ဆက်လက်အကူအညီပေးသွားမည်ဟုသိရှိရပါသည်။

ရည်ညွှန်း www.freemalaysiatoday.com

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှ ယာယီအသုံးစရိတ်ဥပဒေမူကြမ်းကိုအတည်ပြု လက်ခံခဲ့ပြီး နောက် ကာလကြာရှည်စွာဖြစ်ပေါ်လျက်ရှိသော အစိုးရယန္တရားများတစ်စိတ်တစ်ပိုင်း ရပ်တန့်မှုမှာ ယာယီအဆုံးသတ် သွားခဲ့မှု

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှ ယာယီအသုံးစရိတ်ဥပဒေမူကြမ်းကိုအတည်ပြု လက်ခံခဲ့ပြီး နောက် ကာလကြာရှည်စွာဖြစ်ပေါ်လျက်ရှိသော အစိုးရယန္တရားများတစ်စိတ်တစ်ပိုင်းရပ်တန့်မှုမှာ ယာယီအဆုံးသတ်သွားခဲ့မှု

အမေရိကန်ပြည်ထောင်စု၌ဖြစ်ပေါ်နေသော အစိုးရယန္တရားများတစ်စိတ်တစ်ပိုင်းရပ်တန့်မှု (partial government shutdown) သက်တမ်းမှာ စံချိန်တင်ကာလ ကြာရှည်စွာဖြစ်ပေါ်နေမှုများကို အဆုံးသတ်နိုင်ရေးအတွက် ရက်သတ္တပတ်(၃)ပတ်တာကာလအတွက် ယာယီအသုံးစရိတ် ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်တွင် ကန့်ကွက်မဲမရှိအတည်ပြုခဲ့ပြီးနောက် အဆိုပါဥပဒေမူကြမ်းကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က သဘောတူလက်ခံခဲ့ကာ ရပ်နားထားသည့် အမေရိကန်အစိုးရယန္တရားများကို (၃)ပတ်ကြာ ပြန်လည် ဖွင့်လှစ်ပေးသွားမည်ဟု ဒေါ်နယ်ထရန့်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက်(သောကြာနေ့) တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက် (သောကြာနေ့)တွင် အစိုးရယန္တရားများ တစ်စိတ်တစ်ပိုင်း ရပ်တန့်မှုသည် (၃၅) ရက်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အစိုးရဝန်ထမ်း(၈)သိန်းကျော်တို့အတွက် လစာမဲ့ အလုပ်လုပ်ကိုင်နေရမှုများကို အဆုံးသတ်နိုင်ရေးအတွက် ရပ်နားထားသည့်      အမေရိကန်အစိုးရ ယန္တရားများကိုလာမည့် ဖေဖော်ဝါရီလ(၁၅) ရက်အထိ ရက်သတ္တပတ်(၃)ပတ်ကြာ ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ သမ္မတဒေါ်နယ်ထရန့်သည် အစိုးရယန္တရားများ ရပ်တန့်မှု(၃၅)ရက် ပြည့်မြောက်ခဲ့သည့် ဇန်နဝါရီလ(၂၅)ရက် (သောကြာနေ့) မွန်းလွဲပိုင်းတွင် သမ္မတအိမ်ဖြူတော်ရှိ Rose Garden ဥယျာဉ်၌ မိန့်ခွန်းပြောကြားခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် လွှတ်တော်မှတင်ပြသည့် ဘဏ္ဍာငွေသုံးစွဲရေး အစီအစဉ်အား သဘောတူလက်မှတ်ရေးထိုးပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်အစိုးရဝန်ထမ်းများအတွက် အလုပ်ရပ်နားရခြင်းကိုဖြစ်စေခဲ့ပြီး နိုင်ငံအတွက် စီးပွားရေး နှေးကွေးမှုကိုဖြစ်စေခဲ့သော  အမေရိကန်ပြည်ထောင်စု၏ သက်တမ်းအကြာရင့်ဆုံးအဖြစ် စံချိန်တင် ဖြစ်ပေါ်လျက်ရှိသည့် အစိုးရယန္တရားများရပ်တန့်မှုဖြစ်စဉ်မှာ ယာယီအဆုံးသတ်သွားခဲ့ကြောင်း၊ သို့ဖြစ်ရာ အစိုးရယန္တရားများရပ်တန့်မှုကြောင့် လည်ပတ်မှုရပ်ဆိုင်းခဲ့ရသည့်  အစိုးရဝန်ကြီးဌာန (၉)ခုသည် ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်အထိ လုပ်ငန်းများပြန်လည် လုပ်ကိုင်သွားမည် ဖြစ်ပြီး အဆိုပါကာလအတွင်း၌ နယ်စပ်တံတိုင်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်ကွန်ဂရက်လွှတ်တော်၌ ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်သည့်အပြင် လွှတ်တော်(၂)ရပ် ပါဝင်သောကော်မတီ တစ်ခုဖွဲ့စည်းကာ အမေရိကန်-မက္ကဆီကိုနယ်စပ်လုံခြုံရေးကိစ္စအား လေ့လာသုံးသပ်မှုများ လုပ်ဆောင် သွားမည်ဖြစ်သည်ဟုသိရှိရပါသည်။

အဆိုပါ ယာယီအသုံးစရိတ်ဥပဒေမူကြမ်းတွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့် တောင်းခံထားသည့် နယ်စပ်တံတိုင်းတည်ဆောက်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ (၅.၇) ဘီလီယံ ပေးအပ်ရေး ကိစ္စရပ်ပါဝင်ခြင်းမရှိကြောင်း၊ အကယ်၍သမ္မတဒေါ်နယ်ထရန့် တောင်းဆိုထားသည့် နယ်စပ်တံတိုင်းကိစ္စလိုက်လျောသဘောတူညီခြင်းမရှိပါက အစိုးရယန္တရားများပြန်လည် ဖွင့်လှစ်ခဲ့သည့် (၃) ပတ်ကြာ ကာလပြီးမြောက်သည့် ဖေဖော်ဝါရီလ (၁၅) ရက်တွင်  အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အနေဖြင့် အစိုးရယန္တရားများရပ်တန့်မှုများကို ပြန်လည်စတင်ခြင်း(သို့မဟုတ်) သမ္မတ၏ လုပ်ပိုင်ခွင့် အာဏာအရ အရေးပေါ်အခြေအနေကြေညာကာ အမေရိကန်တပ်မတော်အသုံးစရိတ်များမှတစ်ဆင့် တံတိုင်းတည်ဆောက်ရန် အမိန့်ပေးသွားမည်ဟု သမ္မတဒေါ်နယ်ထရန့်က သတိပေးပြောကြားထားကြောင်း၊ အစိုးရယန္တရားများ ယာယီပြန်ဖွင့်ရန်အတွက် သမ္မတဒေါ်နယ်ထရန့်က ယခုကဲ့သို့ ခွင့်ပြုလိုက်လျောခဲ့ခြင်းသည် အတိုက်အခံဒီမိုကရက်ပါတီအောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပီလိုစီ၏ အောင်ပွဲတစ်ခုဖြစ်သည်ဟု လွှတ်တော်အမတ်များကသုံးသပ်လျက်ရှိကြကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စု၏ အစိုးရယန္တရားများတစ်စိတ်တစ်ပိုင်းရပ်တန့်ခဲ့မှုများကြောင့် အမေရိကန်ပြည်ထောင်စုတွင် စီးပွားရေးအရ ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု၏ အခြားသောစီးပွားရေးလုပ်ငန်းများအပြင် အလုပ်မှရပ်နားထားခဲ့ရသည့် ဝန်ထမ်းများမှတစ်ဆင့် ဆုံးရှုံးသွားသော ကုန်ထုတ်စွမ်းအားများကြောင့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ(၆)ဘီလီယံဖိုးခန့် ဆုံးရှုံးနစ်နာခဲ့ရသည်ဟု အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီကြီးဖြစ် သည့် S&P Global Ratings ကထုတ်ပြန် ကြေညာခဲ့သည်ဟု သိရှိရပါသည်။

ရည်ညွှန်း www.channelnewsasia.com