ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်၊ နှစ်နိုင်ငံနယ်စပ်အကြားရှိကြားခံဇုန်(No-Man’s Land)တွင် မြန်မာနိုင်ငံမှ တံတားဆောက်လုပ်နေမှုအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စိုးရိမ်ပူပန်လျက်ရှိမှု

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်၊ နှစ်နိုင်ငံနယ်စပ်အကြားရှိကြားခံဇုန်(No-Man’s Land)တွင် မြန်မာနိုင်ငံမှ တံတားဆောက်လုပ်နေမှုအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စိုးရိမ်ပူပန်လျက်ရှိမှု

ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်၊ နှစ်နိုင်ငံနယ်စပ်အကြားရှိ မြေဧရိယာ/ကြားခံဇုန်(No-Man’s Land)ရှိ မြန်မာနိုင်ငံဘက်အခြမ်း၌ နိုင်ငံတကာ ဥပဒေကိုချိုးဖောက်ကာ မြန်မာအစိုးရက ကွန်ကရစ်တံတားဆောက်လုပ် နေသည့်အတွက်လာမည့် မိုးရာသီကာလတွင် အဆိုပါဧရိယာအတွင်း ရေကြီးနစ်မြှုပ်မှုအန္တရာယ်နှင့် ကြုံတွေ့နိုင်သည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

          ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း၊ ဘန်ဒါဘန်ခရိုင်အတွင်း မြန်မာနိုင်ငံနှင့်ထိစပ်နေသော ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ် နှစ်နိုင်ငံနယ်စပ်အကြားရှိ မြေဧရိယာ/ကြားခံဇုန် (No-Man’s Land)တွင် မြန်မာနိုင်ငံမှ ကွန်ကရစ်တံတားတစ်စင်းကို ဆောက်လုပ်လျက်ရှိပြီး အဆိုပါတံတားတည်ဆောက်ခြင်းကြောင့် ကြားခံဇုန်ဧရိယာအတွင်းရှိ ရေသွယ်တူးမြောင်းအတွင်း ရေစီးဆင်းမှုများကို ပိတ်ဆို့စေနိုင်သဖြင့် လာမည့် မိုးရာသီကာလတွင် ရေကြီးမှုအန္တရာယ်များနှင့်ရင်ဆိုင်ရနိုင်ကြောင်း၊ အဆိုပါ ကြားခံဇုန်မြေဧရိယာအတွင်း ဘင်္ဂါလီဒုက္ခသည်(၆,၀၀၀)ဦးခန့်သည် ရခိုင်အရေးနှင့်ပတ်သက်၍ လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းမှစတင်၍ နေထိုင်လျက်ရှိပြီး ၎င်းတို့နေထိုင်လျက်ရှိသည့် ဒုက္ခသည်စခန်းသည်​ နေရာပြောင်းရွှေ့ရမည့်အရေးနှင့် ကြုံတွေ့ ရလျက်ရှိပြီး မြန်မာ့တပ်မတော်အနေဖြင့်လည်း အဆိုပါ တံတားအဆောက်အဦအား ကင်းလှည့်စောင့်ကြည့်ရာ နေရာအဖြစ် အသုံးပြုလာမည်ကို ဘင်္ဂါလီဒုက္ခသည်များအနေဖြင့် စိုးရိမ်ကြောက်ရွံ့လျက်ရှိကြကြောင်း၊ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားဒေသ၏ လက်ထောက်ကော်မရှင်နာမင်းကြီးဖြစ်သူ ကာမဲလ်အာမက်သည် မြန်မာအစိုးရ၏ အဆိုပါ ကွန်ကရစ်တံတားဆောက်လုပ်နေမှုနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ အကျိုးဆက်များကို စိုးရိမ်ပူပန်သည့်အတွက် ယခုရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်အစိုးရအတွင်းဝန် ရုံးသို့ စာတစ်စောင်ပေးပို့ကာ အကြောင်းကြားထားသည်ဟု သိရှိရပါသည်။

          ကာမဲလ်အာမက်က ပြောကြားရာ၌ မြန်မာအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်၊ နှစ်နိုင်ငံ နယ်စပ်အကြားရှိ မြေဧရိယာ/ကြားခံဇုန် (No-Man’s Land)တွင် မည်သည့်အဆောက်အဦမှ ဆောက်လုပ်ခွင့် မရှိကြောင်း၊ အကယ်၍ အဆိုပါတည်ဆောက်မှုပြီးစီးခဲ့မည်ဆိုပါက ကြားခံဇုန်ဧရိယာအတွင်း ဘင်္ဂါလီ ဒုက္ခသည်များနေထိုင်လျက်ရှိသည့် ဒုက္ခသည်စခန်းအပါအဝင် အဆိုပါဧရိယာ တစ်ခုလုံးအနေဖြင့် ရေအောက်သို့ နစ်မြှုပ်သွားလိမ့်မည်ဖြစ်သည့်အတွက် ဘင်္ဂါလီဒုက္ခသည်များ အနေဖြင့် ဘေးဒုက္ခအန္တရာယ်များနှင့် ရင်ဆိုင်ကြရ လိမ့်မည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာအစိုးရ၏ တည်ဆောက်ရေးလုပ်ငန်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း ပင်ဖြစ်ပြီး နှစ်နိုင်ငံသဘောတူညီ ချက်မရှိဘဲ မည်သည့်နိုင်ငံမျှ အဆိုပါကြားခံဇုန်တွင် အဆောက်အဦဆောက်လုပ်ခွင့် မရှိကြောင်း၊ အိမ်နီးချင်းနှစ်နိုင်ငံ၏သဘောတူညီချက်မရရှိဘဲ နယ်စပ်မျဉ်းမှစ၍ နှစ်နိုင်ငံပိုင်နက်ဧရိယာ၏ ကိုက် (၁၅၀)အတွင်း မည်သည့်အဆောက်အဦမျှ ဆောက်လုပ်ပိုင်ခွင့်မရှိဟု သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် တရားဥပဒေစိုးမိုးရေးအတွက် နှစ်နိုင်ငံနယ်စပ်အကြားရှိ မြေဧရိယာ/ ကြားခံဇုန်(No-Man’s Land)တွင် နေထိုင်လျက်ရှိသော ဘင်္ဂါလီဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ကိုတားမြစ်ထားပြီး ဘင်္ဂါလီဒုက္ခသည်များပါမက ဒေသခံဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည် အဆိုပါ အဆောက်အဦတည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာမည့် ကြားခံဇုန် ဧရိယာနှင့် စိုက်ပျိုးမြေဧရိယာတစ်ဝန်း ရေနစ်မြှုပ်မှုအန္တရာယ်အပါအဝင် ၎င်းတို့၏လုံခြုံရေးအတွက်ပါ စိုးရိမ်ပူပန်လျက်ရှိသည်ဟု သိရှိရကြောင်း ဖော်ပြ ပါရှိပါသည်။

ရည်ညွှန်း www.thedailystar.net

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ရောက်ရှိနေသော ဟိန္ဒူဒုက္ခသည်များသည် မြန်မာနိုင်ငံသို့ ပြန်လည် သွားရောက်လိုသော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက တားမြစ်ထားသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သီးခြားရပ်တည်နေထိုင်ရလျက်ရှိမှု

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ရောက်ရှိနေသော ဟိန္ဒူဒုက္ခသည်များသည် မြန်မာနိုင်ငံသို့ ပြန်လည် သွားရောက်လိုသော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက တားမြစ်ထားသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သီးခြားရပ်တည်နေထိုင်ရလျက်ရှိမှု

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ခိုလှုံနေထိုင်လျက်ရှိသော ဟိန္ဒူဒုက္ခသည်များသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်လည်သွားရောက်လိုလျက်ရှိသော်လည်း အခြားသော ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များနှင့်ရောနှောကာ ဘင်္ဂလားဒေ့ရှ် အစိုးရက ခွင့်ပြုပေးခြင်းမရှိသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သီးခြားရပ်တည်နေထိုင်ရလျက်ရှိသည်ဟု အမေရိကန် အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် လော့အိန်ဂျလိစ် တိုင်းမ်နေ့စဉ်ထုတ်သတင်းစာ၌ ယခုရက်ပိုင်း အတွင်း ရေးသားဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ လော့အိန်ဂျလိစ်တိုင်းမ်နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြထားရာ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင်ဒုက္ခသည်စခန်းများတွင် ဟိန္ဒူဒုက္ခသည်(၄၀၀)ဦးအား ဘင်္ဂါလီမွတ်စလင်ဒုက္ခသည် စခန်းများမှ သီးခြားခွဲထုတ်ကာ ဟိန္ဒူဒုက္ခသည်စခန်းအဖြစ် သီးခြားထားရှိကြောင်း၊ အဆိုပါ ဟိန္ဒူ ဒုက္ခသည်များမှ (၁၀၅)ဦးသည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်၊ မေလအတွင်းကပင် မြန်မာနိုင်ငံ၊ ရခိုင် ပြည်နယ်အတွင်းရှိ ၎င်းတို့၏နေရပ်ဒေသများသို့ ပြန်လည်သွားရောက်နိုင်ရေးအတွက် ကုလသမဂ္ဂ၏ သဘောတူခွင့်ပြုချက်ရရှိရန် လုပ်ဆောင်ခဲ့ကြသော်လည်း လုံခြုံရေးအကြောင်းပြကာ ခွင့်ပြုပေး ခဲ့ခြင်းမရှိသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ရှိအချိန်ထိ သောင်တင်နေထိုင်ရလျက်ရှိကြောင်း၊ ၎င်းတို့သည် မြန်မာနိုင်ငံသား ဟိန္ဒူဘာသာဝင်များ ဖြစ်ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများရှိ ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များကဲ့သို့ တန်းတူအခွင့်အရေး မရရှိဘဲ သီးသန့်ရပ်တည်နေထိုင်ရလျက်ရှိကြောင်း၊ အဆိုပါဟိန္ဒူဒုက္ခသည် မိသားစုဝင်များသည် လူသားချင်း စာနာထောက်ထားမှု အကူအညီများရရှိခြင်း မရှိသည့်အတွက် ကူညီပေးနိုင်ရန် အိန္ဒိယအစိုးရထံသို့ မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြသော်လည်း ယနေ့အချိန်ထိ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်ခံရရှိခြင်း မရှိသေးကြောင်း သိရှိရ ပါသည်။

ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များနှင့်ပတ်သက်၍ နေရပ်ပြန်ရေးအတွက် လုံခြုံစိတ်ချရမှုမရှိသောကြောင့် ကုလသမဂ္ဂအနေဖြင့်နေရပ်ပြန်ရေးအပေါ်တားမြစ်ထားသော်လည်း ဟိန္ဒူဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စ အပေါ်ဆုံးဖြတ်စီရင်ပိုင်ခွင့်ကိုမူ ဘင်္ဂလားဒေ့ရှ်အစိုးရကထိန်းချုပ်ထားခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်များ ဆိုင်ရာ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးကော်မရှင်၏ ထိန်းချုပ်မှုအောက်တွင်ထားရှိကြောင်း၊ သို့သော် မိမိတို့ဟိန္ဒူဒုက္ခသည်များကို အဆိုပါဒုက္ခသည်များအတွင်း ရောနှောထည့်သွင်းကာ ဒုက္ခသည်များအားလုံးအပေါ် ကျင့်သုံးနေသည့်လမ်းစဉ်အတိုင်း နေရပ်ပြန်ခြင်းအပေါ် တားမြစ်ထားသည့်အတွက် မိမိတို့အနေဖြင့်နေရပ် ပြန်ခွင့်မရကြဘဲ အခြားသော ဒုက္ခသည်များကဲ့သို့ ဒုက္ခသည်စခန်းတွင် သီးခြားရပ်တည်နေထိုင်ရလျက် ရှိကြောင်း၊ ထို့ကြောင့် မိမိတို့သည် ဘင်္ဂါလီမွတ်စလင်များမဟုတ်သည့်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် မိမိတို့ ဟိန္ဒူ ဒုက္ခသည်များ၏နေရပ်ပြန်ရေးကို ခွင့်ပြုပေးသင့်သည်ဟု ဟိန္ဒူဒုက္ခသည်စခန်းအကြီးအကဲက ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

ဟိန္ဒူဒုက္ခသည်များသည် အခြားသောဒုက္ခသည်များဖြစ်သည့် ဘင်္ဂါလီမွတ်စလင်များကဲ့သို့ မဟုတ်ဘဲ ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့ ARSA ၏တိုက်ခိုက်ခြင်းကိုခံခဲ့ရကြောင်း၊ လွန်ခဲ့သည့် ၂၀၁၈ခုနှစ်၊ မေလ အတွင်း၌ ဟိန္ဒူကလေးငယ်များအပါအဝင် အမျိုးသား၊ အမျိုးသမီး(၉၉)ဦးသည် ARSAအဖွဲ့၏ တိုက်ခိုက်မှု များကြောင့် သေဆုံးခဲ့ရသည်ဟု အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့(AI)က အတည်ပြုထားသည်ဟု သိရှိရကြောင်းဖြင့် ဖော်ပြပါရှိပါသည်။

ရည်ညွှန်း www.ndtv.com

ကမ္ဘာ့ရေနံဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့ပြီးနောက် အိန္ဒိယရူပီးငွေတန်ဖိုးမှာကျဆင်းခဲ့ပြီး ရက်သတ္တပတ် (၂)ပတ်တာကာလအတွင်း အနိမ့်ဆုံးအနေအထားသို့ ပြန်လည်ရောက်ရှိခဲ့မှု

ကမ္ဘာ့ရေနံဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့ပြီးနောက် အိန္ဒိယရူပီးငွေတန်ဖိုးမှာကျဆင်းခဲ့ပြီး ရက်သတ္တပတ် (၂)ပတ်တာကာလအတွင်း အနိမ့်ဆုံးအနေအထားသို့ ပြန်လည်ရောက်ရှိခဲ့မှု

ကမ္ဘာ့ရေနံ ဈေးနှုန်းများ မှာ လွန်ခဲ့သည့် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွင်း အားပျော့ကျဆင်းခဲ့သည့်အတွက် ပြည်ပမှ ရေနံအ​များအပြား တင်သွင်းနေရသည့် အိန္ဒိယနိုင်ငံ၏ရူပီးငွေကြေးတန်ဖိုးမှာ အဆိုပါကာလများအတွင်း အားကောင်းခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရေနံဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့ပြီးနောက် အိန္ဒိယ ရူပီးငွေတန်ဖိုးမှာ ရက်သတ္တပတ်(၂)ပတ်တာ ကာလအတွင်း၌ အနိမ့်ဆုံးအနေအထားသို့ ပြန်လည်ရောက်ရှိခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၇၃)ရူပီးကျော်သို့ ဆက်လက်ကျဆင်းသွားဖွယ်ရှိသည်ဟု ငွေကြေးဈေးကွက် လေ့လာသူများက ခန့်မှန်းထားကြကြောင်း သိရှိရပါသည်။

          အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ ချက်တစ်ဂါ့ဟ်၊ မဒ္ဒရာပရာဒက်ရှ်နှင့် ရာဂျက်စ်တန်ပြည်နယ်များ၌ ပြုလုပ်ခဲ့သည့် ပြည်နယ်ရွေးကောက်ပွဲများတွင် လက်ရှိအာဏာရ(BJP)ပါတီ၏ အတိုက်အခံပါတီဖြစ်သော အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီ (Indian National Congress)က အနိုင်ရရှိခဲ့ပြီး ယင်းပါတီ၏ဥက္ကဋ္ဌဖြစ်သူ ရာဟူးဂန္ဒီက အဆိုပါ ပြည်နယ်များအတွင်းရှိ လယ်သမားများ၏ စိုက်ပျိုးရေးချေးငွေများကို လျှော့ပေါ့ပေးမည်ဟု ကတိပြု ခဲ့ခြင်း၊ ယခု ၂၀၁၉ ခုနှစ်၊ မေလတွင်ကျင်းပမည့် အိန္ဒိယနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲမတိုင်မီ လက်ရှိအိန္ဒိယဝန်ကြီးချုပ်မိုဒီအစိုးရသည် လယ်သမား သက်သာချောင်ချိရေး အစီအစဉ်အနေဖြင့် လယ်သမားများအား တစ်နှစ်လျှင်ရူပီးငွေ(၁)သောင်း ထောက်ပံ့ ပေးအပ်ဖွယ်ရှိခြင်းနှင့်ဝန်ကြီးချုပ် မိုဒီသည် ယခု ၂၀၁၉ခုနှစ်အတွင်း နိုင်ငံ၏ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အမျိုးသမီးရေးရာကဏ္ဍ၊ အခြေခံအဆောက်အဦကဏ္ဍ၊ အိမ်ရာစီမံကိန်းများဖော်ဆောင်ရေး ကဏ္ဍနှင့် လူမှုဖူလုံရေးကဏ္ဍများတွင် ဘဏ္ဍာငွေတိုးမြှင့်သုံးစွဲရန်ရည်မှန်းထားခြင်း အစရှိသည့်အကြောင်းအရာ များကြောင့် အိန္ဒိယရူပီးငွေတန်ဖိုးမှာ ပြန်လည်အားကောင်းလာမည့် အနေအထားမရှိနိုင်ဘဲ ၂၀၁၉ခုနှစ်၊ မတ်လကုန်ပိုင်းတွင် အိန္ဒိယရူပီးငွေတန်ဖိုးမှာ အမေရိကန်တစ်ဒေါ်လာလျှင် အိန္ဒိယငွေ(၇၂.၅၀) ရူပီးနှင့် (၇၃)ရူပီးအကြား လဲလှယ်မှုနှုန်းသို့ ကျဆင်းသွားဖွယ်ရှိသည်ဟု ငွေကြေးဈေးကွက်လေ့လာသူများက ခန့်မှန်း ထားကြကြောင်း သိရှိရပါသည်။

ထို့ပြင် အိန္ဒိယနိုင်ငံသည် ပြည်တွင်းလောင်စာဆီလိုအပ်ချက်၏ ၈၀% ခန့်ကို ပြည်ပမှတင်သွင်း နေရသည်ဖြစ်ရာ လက်ရှိအချိန်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများ ပြန်လည်မြင့်တက်လာခြင်းကြောင့် အိန္ဒိယနိုင်ငံ၌ ငွေကြေးဖောင်းပွခြင်း၊ ကုန်သွယ်ရေးလိုငွေပြမှုမြင့်တက်ခြင်းနှင့် ဘဏ္ဍာငွေပိုမို သုံးစွဲရခြင်းများဖြစ်ပေါ်လာနိုင် ကြောင်း၊ အိန္ဒိယရူပီးငွေတန်ဖိုးမှာ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက် (ကြာသပတေးနေ့)တွင် အမေရိကန် တစ်ဒေါ်လာလျှင် အိန္ဒိယငွေ (၇၀.၄၅၇၅)ရူပီးသို့ ရောက်ရှိခဲ့ရာ ရက်သတ္တပတ်(၂)ပတ်အတွင်း အနိမ့်ဆုံးဈေးနှုန်း ပင်ဖြစ်ကြောင်း၊ အိန္ဒိယရူပီးငွေတန်ဖိုးသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ လက်ရှိအချိန်အထိကာလ အတွင်း အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၁%ခန့် ကျဆင်းခဲ့ခြင်းဖြစ်သည်ဟု သိရှိရကြောင်း ဖော်ပြပါရှိ ပါသည်။

ရည်ညွှန်းwww.bloomberg.com

အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းတည်ဆောက်ရေးနှင့်ပတ်သက်၍ လွှတ်တော်အမတ်များနှင့်ညှိနှိုင်းမှု မရရှိခဲ့ဘဲ ဆွေးနွေးပွဲပျက်ခဲ့သည့်အတွက် အမေရိကန်အစိုးရယန္တရားတစ်စိတ်တစ်ပိုင်း ရပ်တန့်မှုမှာဆက်လက်ဖြစ်ပေါ်လျက်ရှိမှု

အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းတည်ဆောက်ရေးနှင့်ပတ်သက်၍ လွှတ်တော်အမတ်များနှင့်ညှိနှိုင်းမှု မရရှိခဲ့ဘဲ ဆွေးနွေးပွဲပျက်ခဲ့သည့်အတွက် အမေရိကန်အစိုးရယန္တရားတစ်စိတ်တစ်ပိုင်း ရပ်တန့်မှုမှာဆက်လက်ဖြစ်ပေါ်လျက်ရှိမှု

အမေရိကန်ပြည်ထောင်စုနှင့် မက္ကဆီကိုနယ်စပ်တံတိုင်းကာရံရေးအတွက်အသုံးစရိတ်ရန်ပုံငွေ အမေရိကန် ဒေါ်လာ(၅.၇)ဘီလီယံတောင်းခံသည့်ကိစ္စပြေလည်မှုမရရှိသေးသောကြောင့် အမေရိကန်ပြည်ထောင်စု၏ အစိုးရ ယန္တရားတစ်စိတ်တစ်ပိုင်းရပ်တန့်နေမှုမှာ ရက်ပေါင်း(၁၉)ရက်ရှိပြီဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်အဆုံးသတ်နိုင်ရေးအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် သမ္မတအိမ်ဖြူတော်၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၉)ရက် (ဗုဒ္ဓဟူးနေ့)တွင် ဒီမိုကရက်လွှတ်တော်အမတ်ခေါင်းဆောင်များနှင့် အစည်းအဝေးပွဲပြုလုပ်ကာ ရန်ပုံငွေတောင်းခံထားမှုအားခွင့်ပြုပေးရန်တောင်းခံခဲ့သော်လည်းလွှတ်တော်အမတ်များနှင့်ညှိနှိုင်းမှုမရရှိခဲ့ဘဲဆွေးနွေးပွဲပျက်ခဲ့သည့်အတွက် အမေရိကန်အစိုးရယန္တရားတစ်စိတ်တစ်ပိုင်းရပ်တန့်မှုမှာ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဟု Channelnewsasia သတင်းဌာန က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်(ကြာသပတေးနေ့)တွင် ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၂၂)ရက်မှစတင်၍ အမေရိကန်ပြည်ထောင်စု၏ အစိုးရယန္တရား တစ်စိတ်တစ်ပိုင်းရပ်တန့်မှုသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်(ဗုဒ္ဓဟူးနေ့)တွင် (၁၉)ရက်ပြည့် မြောက်ခဲ့ပြီ ဖြစ်ပြီး အဆိုပါဖြစ်စဉ်အဆုံးသတ်စေရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီနှင့် အထက်လွှတ်တော် လူနည်းစုဒီမိုကရက်တစ်အမတ် ခေါင်းဆောင်ချာ့ခ်ရှူမာတို့ပါဝင်သော လွှတ်တော်အမတ်ခေါင်းဆောင်(၂)ဦးနှင့် သမ္မတအိမ်ဖြူတော်တွင် (၃)ကြိမ်မြောက်တွေ့ဆုံမှုအဖြစ် ဆွေးနွေးခဲ့ကြ ကြောင်း၊ အဆိုပါဆွေးနွေးပွဲတွင် သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန်-မက္ကဆီကိုနယ်စပ်လုံခြုံရေးအတွက် အုတ်တံတိုင်း(သို့မဟုတ်) သံမဏိတံတိုင်းကာရံနိုင်ရေးအတွက် ခွင့်ပြုပေးရန်အချက်များကိုတင်ပြခဲ့သော်လည်း အောက်လွှတ်တော်အမတ် နန်စီပလိုစီကလက်မှတ်ရေးထိုးခြင်းမရှိဘဲ ငြင်းပယ်ခဲ့သည့်အတွက် ဆွေးနွေးပွဲပျက်ကာ ဒေါ်နယ်ထရန့်သည် အဆိုပါဆွေးနွေးပွဲအတွင်းမှဒေါသတကြီးဖြင့်အလျင်စလိုထွက်ခွာသွားခဲ့ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရန့်သည် ၎င်း၏တွစ်တာစာမျက်နှာ၌ အချိန်ဖြုန်းခြင်း သက်သက် သာဖြစ်သည်ဟုရေးသားခဲ့ပြီး မည့်သည့်တွေ့ဆုံညှိနှိုင်းမှုမှထပ်မံပြုလုပ်တော့မည်မဟုတ်ဟု ပြောကြားခဲ့သည် ဟုသိရှိရပါသည်။

ယခုကဲ့သို့တွေ့ဆုံဆွေးနွေးမှုပျက်ပြယ်ခဲ့ခြင်းကြောင့် သမ္မတဒေါ်နယ်ထရန့်အနေဖြင့် ၎င်းတောင်းခံ ထားသည့်စီမံကိန်းအတွက်ကုန်ကျငွေ အမေရိကန်ဒေါ်လာ (၅.၇)ဘီလီယံအားပေးအပ်ခြင်းမရှိပါက အခြားနည်းလမ်း ဖြင့် လုပ်ဆောင်သွားမည်မဟုတ်ဘဲ ၎င်းအနေဖြင့်အမျိုးသားအရေးပေါ် အခြေအနေတစ်ရပ်ကြေညာကာ နယ်စပ်တံတိုင်းဆောက်လုပ်ခြင်းကို ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိကြောင်း၊ အမေရိကန်အစိုးရယန္တရား တစ်စိတ်တစ်ပိုင်းရပ်တန့်မှုကြောင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားရသော အမေရိကန်အစိုးရဝန်ကြီးဌာနများ မှာ ဘဏ္ဍာရေး၊ စိုက်ပျိုးရေး၊ အမိမြေလုံခြုံရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ အိမ်ရာနှင့် ကျေးလက်ဖွံ့ဖြိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် တရားရေးဝန်ကြီးဌာနများဖြစ်သည်ဟုသိရှိရကြောင်း၊ အထက်လွှတ်တော်လူနည်းစုဒီမိုကရက်တစ်အမတ် ချာ့ခ်ရှူမာကပြောကြားရာ၌ မိမိတို့ဒီမိုကရက်တစ်ပါတီလွှတ်တော်အမတ်များအနေဖြင့်ညှိနှိုင်းမှုတစ်စုံတစ်ရာရရှိလိုသော်လည်း ဒေါ်နယ်ထရန့်အနေဖြင့် ၎င်းဖြစ်လိုသည့်ဆန္ဒ တစ်ခုတည်း ကိုသာတောင်းဆိုပြီး ဒေါသတကြီးတုံ့ပြန်ခဲ့သည့်အတွက် မိမိတို့အနေဖြင့် စိတ်မကောင်းဖြစ်မိကြောင်း၊ မိမိတို့ထံတွင် နယ်စပ်လုံခြုံရေးကိစ္စနှင့်ပတ်သက်၍ ကွဲပြားခြားနားသည့်အခြား လုပ်ဆောင်ရမည့် နည်းလမ်း များရှိသည်ဟုပြောကြားခဲ့ကြောင်းဖြင့် သိရှိရပါသည်။

ရည်ညွှန်း www.channelnewsasia.com

 

အမေရိကန်-တရုတ်ကုန်သွယ်ရေးဆွေးနွေးမှု အလားအလာကောင်းများကြောင့် တရုတ်ယွမ်ငွေတန်ဖိုးမှာ (၅)လတာကာလအတွင်းအမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

အမေရိကန်-တရုတ်ကုန်သွယ်ရေးဆွေးနွေးမှု အလားအလာကောင်းများကြောင့် တရုတ်ယွမ်ငွေတန်ဖိုးမှာ (၅)လတာကာလအတွင်းအမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

အမေရိကန်နှင့် တရုတ်တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်မှ (၉)ရက်အထိ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ရာ ဆွေးနွေးမှုရလဒ်ကောင်းများကြောင့် တရုတ် ယွမ်ငွေတန်ဖိုးမှာ(၅)လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း၊  အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ်လိုက်သီဇာက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်(ဗုဒ္ဓဟူးနေ့) တွင်ပြောကြားရာ၌ အမေရိကန်နှင့် တရုတ်အလတ်တန်းအဆင့်တာဝန်ရှိသူများအကြား (၃)ရက်ကြာ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ရာတွင် တရုတ် နိုင်ငံအနေဖြင့် အမေရိကန်လယ်ယာစိုက်ပျိုးရေးထွက် ကုန်စည်များ၊ စွမ်းအင်နှင့် စက်မှုထုတ်ကုန်များကို ပိုမိုဝယ်ယူ မည်ဟုကတိပြုခဲ့ပြီး နှစ်နိုင်ငံတာဝန်ရှိသူများသည် ကုန်သွယ်ရေးကဏ္ဍအပြန်အလှန်မျှတစွာ ဆောင်ရွက်နိုင်ရေး တို့ကို ဆွေးနွေးနိုင်ခဲ့ကာ ရလဒ်ကောင်းများရရှိခဲ့သည်ဟုပြောကြားခဲ့ကြောင်း၊ ၎င်း၏ပြောကြားချက်ထွက်ပေါ် ပြီးနောက်တွင် အာရှစတော့ရှယ်ယာများအပါအဝင် ကမ္ဘာတစ်ဝန်းစတော့ရှယ်ယာတန်ဖိုးများ မြင့်တက်ခဲ့ပြီး တရုတ်ယွမ်ငွေတန်ဖိုးမှာလည်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေး ဆွေးနွေးမှုများသည် ကျယ်ပြန့်လေးနက်ပြီး အသေးစိတ်ကျကာ နှစ်နိုင်ငံကုန်သွယ်ရေးတင်းမာမှုများကို ဖြေရှင်း ပေးနိုင်မည့် အရေးပါသော ဆွေးနွေးချက်များကိုချမှတ်နိုင်ခဲ့သည်ဟု ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက် (ကြာသပတေးနေ့)တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်(ကြာသပတေးနေ့) နံနက်ပိုင်းတွင် နယူးယောက်ငွေကြေးဈေးကွက်၌ တရုတ်ယွမ်ငွေတန်ဖိုးမှာ ၀.၇% မြင့်တက်ပြီး အမေရိကန် တစ်ဒေါ်လာလျှင် (၆.၈၀၇၄)ယွမ်လဲလှယ်မှုနှုန်း၌ ဖြစ်ပေါ်ခဲ့ ကြောင်း၊ အလားတူ တရုတ်ပြည်တွင်း ငွေကြေး ဈေးကွက်၌လည်း တရုတ်ယွမ်ငွေတန်ဖိုးမှာ ၀.၅% မြင့်တက်ပြီး အမေရိကန်တစ်ဒေါ်လာလျှင်(၆.၈၁၇၅)ယွမ် လဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါလဲလှယ်မှုနှုန်းထားသည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လနောက်ပိုင်း (၅)လတာကာလအတွင်း တရုတ်ယွမ်ငွေတန်ဖိုးအမြင့်ဆုံးအနေအထားပင်ဖြစ်ကြောင်း သိရှိရပါသည်။

ရည်ညွှန်း www.bloomberg.com

၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စီးပွားရေးသည် (၄)ရာခိုင်နှုန်းခန့်သာ တိုးတက်လာသည်ကိုတွေ့ရှိရပြီး ပြည်တွင်း/ပြည်ပစီးပွားရေးကျဆင်းခဲ့ကြောင်းကို ထိုင်းနိုင်ငံ၊ Nation သတင်းဌာနက သတင်းထုတ်လွှင့်ခဲ့မှု

၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စီးပွားရေးသည် (၄)ရာခိုင်နှုန်းခန့်သာ တိုးတက်လာသည်ကိုတွေ့ရှိရပြီး ပြည်တွင်း/ပြည်ပစီးပွားရေးကျဆင်းခဲ့ကြောင်းကို ထိုင်းနိုင်ငံ၊ Nation သတင်းဌာနက သတင်းထုတ်လွှင့်ခဲ့မှု

၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စီးပွားရေးသည် (၄)ရာခိုင်နှုန်းခန့်သာ တိုးတက်လာသည်ကို တွေ့ရှိရပြီး ပြည်တွင်း/ပြည်ပစီးပွားရေးကျဆင်းခဲ့ကြောင်း၊ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးဝန်ကြီး နိုင်ခုမ်ခစ်ကျာတူစစ်ဖီးဆပ်က ၂၀၁၉ ခုနှစ်တွင် ယခင်နှစ်ကကဲ့သို့မဖြစ်စေရန်ပြောကြားခဲ့ကြောင်း၊ ယခင်နှစ်က ပြည်ပပို့ကုန်ပစ္စည်းများအနက် အမေရိကန်နှင့် ဥရောပနိုင်ငံများသို့ တင်ပို့ခြင်းသည်(၇၀)ရာခိုင်နှုန်းခန့်ရှိခဲ့ကြောင်း၊    အမေရိကန်နိုင်ငံ၏ စီးပွားရေး ကျဆင်းခြင်းကြောင့် ထိုင်းနိုင်ငံ၏စီးပွားရေးထိခိုက်ခဲ့ရကြောင်း၊ အလားတူ အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ စီးပွားရေးပြဿနာများ ဖြစ်ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ၏ စီးပွားရေးကိုပါ ဂယက်ရိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း ပြည်တွင်းဝင်ငွေသည် နိုင်ငံခြားသို့တင်ပို့သောဝင်ငွေထက် ပြည်တွင်းသို့လာရောက်လည်ပတ် သည့် နိုင်ငံခြားခရီးသွားလုပ်ငန်းများမှရရှိသောဝင်ငွေက ပိုမိုများပြားခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ပြည်ပနိုင်ငံများ ဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဟောင်ကောင်၊ ဂျပန်စသည့်နိုင်ငံများနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးချဲ့သွားမည်ဖြစ် ကြောင်း၊ ထိုင်းနိုင်ငံမှတင်ပို့သော ကုန်ပစ္စည်းများ၏ အရည်အသွေး ပိုမိုကောင်းမွန်အောင်လုပ်ဆောင်၍ တင်ပို့ သွားမည်ဖြစ်ကြောင်း၊ ထို့ပြင်နိုင်ငံတကာမှထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက်လာစေရန် ဖိတ်ခေါ် သွားမည်ဟု စီးပွားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်းဖြင့် ထိုင်းနိုင်ငံ၊ Nation သတင်းဌာနက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက် ထိုင်းစံတော်ချိန် ၁၂ ၀၀ အချိန်တွင် သတင်းထုတ်လွှင့်သွားကြောင်း သိရှိရပါသည်။

ရည်ညွှန်း။ ထိုင်းနိုင်ငံ၊ Nation သတင်းဌာန

အိုပက်အဖွဲ့၏ နေ့စဉ်ရေနံထုတ်လုပ်မှုလျှော့ချခြင်းနှင့် အမေရိကန်-တရုတ်ကုန်သွယ်ရေးဆွေးနွေးမှုအလားအလာကောင်းများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းမှာ ပြန်လည်မြင့်တက်လာခဲ့မှု

အိုပက်အဖွဲ့၏ နေ့စဉ်ရေနံထုတ်လုပ်မှုလျှော့ချခြင်းနှင့် အမေရိကန်-တရုတ်ကုန်သွယ်ရေးဆွေးနွေးမှုအလားအလာ ကောင်းများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းမှာ ပြန်လည်မြင့်တက်လာခဲ့မှု

ရိုက်တာသတင်းဌာနမှ ယခုရက်ပိုင်းအတွင်း စစ်တမ်းကောက်ယူ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အိုပက်အဖွဲ့၏ နေ့စဉ်ရေနံထုတ်လုပ်မှုပမာဏသည် စည်ပေါင်း (၃၂.၆၈)သန်းခန့်သာရှိခဲ့ ရာ နိုဝင်ဘာလနှင့်နှိုင်းယှဉ်ပါကစည်ပေါင်း(၄.၆)သိန်းခန့် ကျဆင်းသွားခဲ့ရာ အဆိုပါပမာဏသည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်းအများဆုံးကျဆင်းမှုပမာဏဖြစ်သည်ဟုသိရှိရကြောင်း၊ထို့ပြင် လန်ဒန်အခြေစိုက်    S & P Global စွမ်းအင်ကုမ္ပဏီက ယခုရက်ပိုင်း အတွင်းထုတ်ပြန်သည့်အစီရင်ခံစာ၌ လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်း ဆော်ဒီအာရေဗျနိုင်ငံ၏ ပြည်ပဈေးကွက်သို့နေ့စဉ်ရေနံတင်ပို့မှုပမာဏမှာလည်း စည်ပေါင်း(၇.၅၂၃)သန်းခန့်သာ ရှိခဲ့ရာ နိုဝင်ဘာလနှင့်နှိုင်းယှဉ်ပါက စည်ပေါင်း (၅)သိန်းခန့် လျော့နည်းသွားခဲ့သည်ဟုဖော်ပြထားသည့်အပြင် အိုပက် အဖွဲ့ဝင်နိုင်ငံများနှင့်အဖွဲ့ဝင်မဟုတ်သော နိုင်ငံများသည်နေ့စဉ်ရေနံထုတ်လုပ်မှုပမာဏအား စည်ပေါင်း (၁.၂)သန်းလျှော့ချထုတ်လုပ်မည့်အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် ဈေးကွက်အတွင်းရေနံပိုလျှံမှုများ လျော့နည်းကာ ရေနံလိုအပ်ချက်များ ဖြစ်ပေါ်လာနိုင်သည်ဟူသော ခန့်မှန်းချက်များနှင့်အတူကမ္ဘာ့ရေနံဈေးနှုန်းမှာ ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်နှင့် (၈)ရက်နေ့တို့တွင် အမေရိကန်နှင့် တရုတ်တာဝန်ရှိသူ များအကြား နှစ်နိုင်ငံကုန်သွယ်ရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်လျက်ရှိရာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘောတူညီမှုရရှိနိုင်သည်ဟု အမေရိကန်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဝီလ်ဘာရော့စ်ကပြောကြား ခဲ့ရာ အမေရိကန်-တရုတ်ကုန်သွယ်ရေးဆွေးနွေးမှုပြေလည်သွားပါက ကမ္ဘာ့စီးပွားရေးတိုးတက်မှုအားကောင်း လာမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရေနံဝယ်လိုအားပါ မြင့်တက်လာဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များထွက်ပေါ် လာခြင်းသည်လည်း ကမ္ဘာ့ရေနံဈေးနှုန်းများကို မြင့်တက်စေသည့်အခြားသော အချက်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်(အင်္ဂါနေ့)နံနက်ပိုင်းတွင် နယူးယောက်​ဈေးကွက်၌ ဖေဖော်ဝါရီလအတွက် WTI ရေနံစိမ်း တစ်စည် ၏ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၇%မြင့်တက်ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၄၈.၈၅) သို့ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းတစ်စည်၏ ကြိုတင်ရောင်းဝယ်မှုဈေးနှုန်း မှာ ၀.၈% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၅၇.၇၇)သို့ရောက်ရှိခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

ရည်ညွှန်း www.reuters.com

အပြန်အလှန်ကုန်သွယ်မှုပြုရာ၌ အမေရိကန်ဒေါ်လာအစား ယူရိုငွေကြေးအား ပြောင်းလဲသုံးစွဲမည့် ဥရောပသမဂ္ဂ၏ အဆိုကို ထောက်ခံပါသည်ဟု ရုရှားစီးပွားရေးဝန်ကြီးက ပြောကြားခဲ့မှု

အပြန်အလှန်ကုန်သွယ်မှုပြုရာ၌ အမေရိကန်ဒေါ်လာအစား ယူရိုငွေကြေးအား ပြောင်းလဲသုံးစွဲမည့် ဥရောပသမဂ္ဂ၏ အဆိုကို ထောက်ခံပါသည်ဟု ရုရှားစီးပွားရေးဝန်ကြီးက ပြောကြားခဲ့မှု

ရုရှားနှင့် ဥရောပသမဂ္ဂ (EU)တို့အကြားကုန်သွယ်ရေးကိစ္စများတွင် အမေရိကန်ဒေါ်လာ ကို ရှောင်ဖယ်၍ ယူရိုငွေကြေးအား ပြောင်းလဲသုံးစွဲရန် ဥရောသမဂ္ဂက အဆိုပြုခဲ့ခြင်းအပေါ် ထောက်ခံပါသည်ဟု ရုရှားစီးပွားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ရုရှားနိုင်ငံပိုင်ရုပ်/သံသတင်းဌာန(EU)နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ရုရှားနိုင်ငံ စီးပွားရေး ဝန်ကြီး မက်ဇင်မ်အော်ရက်ရှ်ကင်က ယခုရက်ပိုင်းအတွင်း ပြောကြားရာ၌ ကုန်သွယ်ရေးကဏ္ဍ၌ အမေရိကန်ဒေါ်လာ ကြီးစိုးမှုကို တွန်းလှန်နိုင်ရန်အတွက် ကမ္ဘာတစ်ဝန်း ကုန်သွယ်မှုငွေပေးချေရေး ကိစ္စများတွင် ယူရိုငွေကြေးကို ပိုမိုသုံးစွဲရန် လွန်ခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းတွင် ဥရောပသမဂ္ဂက အဆိုပြုခဲ့ကြောင်း၊ လက်ရှိအချိန်၌ ရုရှားနိုင်ငံသည် အမေရိကန်ဒေါ်လာအသုံးပြုခြင်းကို လျှော့ချမှု များ ပြုလုပ်လျက်ရှိသည့်အတွက် ရုရှားနှင့် EU နိုင်ငံများအကြား အမေရိကန်ဒေါ်လာအသုံးပြု၍ ကုန်သွယ်မှုပြုရာတွင် အဆင်မပြေမှုများ ဖြစ်ပေါ် လာခဲ့ကြောင်း၊ ထို့ကြောင့် ရုရှားနှင့် ဥရောပသမဂ္ဂ တို့အကြား ကုန်သွယ်ရေးကိစ္စများ၌ အမေရိကန်ဒေါ်လာ အား အသုံးပြုရန် မလိုအပ်တော့သည့် အခြေအနေသို့ ဆိုက်ရောက်စေခဲ့ကြောင်း၊ ထို့ကြောင့် ရုရှားနှင့် EU နိုင်ငံများအနေဖြင့် အမေရိကန်ဒေါ်လာအစား ယူရိုငွေကြေးကို ဘုံငွေကြေးတစ်ရပ်အဖြစ် ပြောင်းလဲသုံးစွဲရန် စဉ်းစားခြင်းမှာ သင့်တော် ပါကြောင်း၊ ရုရှားနိုင်ငံအနေဖြင့်လည်း ယူရိုငွေကြေးအားတွင်တွင်ကျယ်ကျယ်ပိုမို အသုံးပြုနိုင်ရေးအတွက် ထောက်ခံကူညီကာပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် စွမ်းအင်ဆိုင်ရာကုန်သွယ်ရေးကိစ္စများ၌ ရှောင်လွှဲ၍မရသည့်အခြေအနေမျိုးတွင် အမေရိကန် ဒေါ်လာအား အသုံးပြုနေရဆဲဖြစ်သော်လည်း ရုရှားနှင့် EU နိုင်ငံများသည် အမေရိကန်ဒေါ်လာအသုံးပြုမှု ကို လျှော့ချလိုသည့် ဆန္ဒရှိခြင်း၊ လျှော့ချလျက်ရှိခြင်းတို့ကြောင့် စွမ်းအင်ကုန်သွယ်ရေးကဏ္ဍများတွင်ပါ ယူရိုငွေကြေးကို အသုံးပြုနိုင်မည်ဆိုပါက ရုရှားနှင့် EU နိုင်ငံများအတွက် ကောင်းကျိုးဖြစ်ထွန်းမှုများ ပိုမိုရရှိခံစားနိုင်လိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၈ ခုနှစ်အတွင်း ရုရှားနှင့် ဥရောပသမဂ္ဂတို့၏ အပြန်အလှန်ကုန်သွယ်မှုပမာဏမှာ ၂၀၁၇ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၁.၅% ခန့် မြင့်တက်လာခဲ့ပြီး ဟန်ဂေရီနှင့် ဖင်လန်နိုင်ငံတို့တွင် နျူကလီးယား ဓာတ်ပေါင်းဖိုတည်ဆောက်ခြင်း၊ ရုရှားမှ ဥရောပသို့ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းခြင်းအစရှိသည့် စီမံကိန်း များတွင် ရုရှားနှင့် EU နိုင်ငံများက အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း ဖော်ပြ ပါရှိပါသည်။

ရည်ညွှန်း www.rt.com

အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ၏ ပြောကြားချက်ထွက်ပေါ်ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းသွားခဲ့မှု

အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ၏ ပြောကြားချက်ထွက်ပေါ်ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းသွားခဲ့မှု

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ယူရိုဇုန်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျာမနီနိုင်ငံ၏ ကုန်ထုတ်လုပ်မှု ကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍတိုးတက်မှု အညွှန်းကိန်းမှာ (၃၃)လတာကာလအတွင်း အနိမ့်ဆုံးအနေအထား သို့လည်းကောင်း၊ တရုတ်နိုင်ငံ၏လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်း ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍ တိုးတက်မှုအညွှန်းကိန်းမှာလည်း (၁၉)လတာကာလအတွင်း အနိမ့်ဆုံးအနေအထား သို့လည်းကောင်းအသီးသီး ရောက်ရှိခဲ့ရာ ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေးနေသည်ဟုယူဆရပြီး ယင်းအခြေအနေသည် အမေရိကန် ပြည်ထောင်စု၏ စီးပွားရေးအခြေအနေအတွက် အမေရိကန်ဗဟိုဘဏ်အနေဖြင့် သတိထားရမည့် အနေ အထားသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ မိမိတို့ဗဟိုဘဏ် အနေဖြင့် ကမ္ဘာတစ်ဝန်းစီးပွားရေး အခြေအနေ ပြောင်းလဲဖြစ်ပေါ်လာမှုများကို စိတ်ရှည်ရှည်ထား ကာစောင့်ကြည့်သွားရမည်ဖြစ်ကြောင်း၊ ဗဟိုဘဏ်သည် ဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းအား မည်သည့်ကာလတွင်မည်မျှတိုးမြှင့်မည်ဟူ၍ ကြိုတင်စီစဉ်ချမှတ်ထားခြင်း မျိုး မရှိသည့်အပြင် ၂၀၁၉ ခုနှစ် အတွင်း ဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းအား ရပ်တန့်ကောင်းရပ်တန့်ထားဖွယ်ရှိ သည်ဟု အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရွန်မီပေါင်ဝယ်လ်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်တွင် ပြောကြား ခဲ့ကြောင်း၊၎င်း၏ပြောကြားချက်ထွက်ပေါ်ပြီးနောက်အခြေအနေအကြောင်းကြောင်းကြောင့် အမေရိကန် ဗဟိုဘဏ် က ဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းအား ရပ်တန့်ထားပါက အမေရိကန်ဒေါ်လာတန်ဖိုးမှာ ၂၀၁၉ ခုနှစ် အတွင်း၌ များစွာအားကောင်းလာဖွယ် မရှိဟူသောခန့်မှန်းချက်များနှင့်အတူ အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းသွား ခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင်လွန်ခဲ့သည့်ရက်ပိုင်းအတွင်း လန်ဒန်အခြေစိုက်စီးပွားရေးဆိုင်ရာ သတင်းအချက်အလက် များ ထုတ်ပြန်ဝန်ဆောင်ပေးသည့် IHS Markit ကုမ္ပဏီမှ ထုတ်ပြန်သည့်အစီရင်ခံစာ၌ လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စု၏ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍအညွှန်းကိန်း အဆင့်သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ဖြစ်ပေါ်ခဲ့သည့် အညွှန်းကိန်းအဆင့် သတ်မှတ်ချက်(၅၅.၈)နှင့် နှိုင်းယှဉ်ပါကသတ်မှတ်ချက်အဆင့် (၁.၅)လျော့နည်းသွားသည်ဟု ဖော်ပြ ခဲ့ခြင်းသည်လည်း အမေရိကန် ဒေါ်လာတန်ဖိုးကို ကျဆင်းစေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၅)ရက်တွင် ကမ္ဘာ့ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ တန်ဖိုးမှာ ၀.၁၃% ကျဆင်းခဲ့ပြီး စတာလင်တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ (၁.၂၇၄၀) ဒေါ်လာ လဲလှယ်မှုနှုန်း၊ တစ်ယူရိုလျှင် အမေရိကန်ဒေါ်လာ(၁.၁၃၉၈)ဒေါ်လာလဲလှယ်မှုနှုန်း၊ အမေရိကန် တစ်ဒေါ်လာ လျှင် ဂျပန်ယန်းငွေ(၁၀၈.၅၂)ယန်း လဲလှယ်မှုနှုန်းနှင့် တရုတ်ယွမ်ငွေ(၆.၈၅၈၆)ယွမ် လဲလှယ်မှုနှုန်းများဖြင့် အသီးသီး ဈေးပိတ်သွားခဲ့ကြောင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းမှာမူ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၂၈၅.၈၀)ဖြင့် ဈေးပိတ်သွားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

ရည်ညွှန်း www.xinhuanet.com

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ(EU)တို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကာလအတွင်း မသမာမှုများပြုလုပ်ခဲ့ခြင်းအပေါ်ပြစ်တင်ရှုံ့ချခဲ့ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးရန်တောင်းဆိုခဲ့မှု

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ(EU)တို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကာလ အတွင်း မသမာမှုများပြုလုပ်ခဲ့ခြင်းအပေါ်ပြစ်တင်ရှုံ့ချခဲ့ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးရန်တောင်းဆိုခဲ့မှု

လွန်ခဲ့သည့်ရက်ပိုင်းအတွင်းပြုလုပ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် လက်ရှိ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ အဝါမီလိပါတီက ပါလီမန်အမတ်နေရာ ရာခိုင်နှုန်း(၉၀)ကျော်ဖြင့် ဆက်လက် အနိုင်ရရှိခဲ့ပြီး အဆိုပါအထွေထွေရွေးကောက်ပွဲကာလအတွင်း အတိုက်အခံပါတီများအပေါ် အကြမ်းဖက်ဖိနှိပ် ခဲ့မှုများနှင့် ရွေးကောက်ပွဲမသမာမှုများ ပြုလုပ်ခဲ့မှုများအား ပြစ်တင်ရှုံ့ချခဲ့ပြီး စုံစမ်းစစ်ဆေးပေးရန် အင်အားကြီး အနောက်နိုင်ငံများဖြစ်သည့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်နိုင်ငံများက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက် (အင်္ဂါနေ့)တွင်တောင်းဆိုချက်များပါဝင်သည့် ကြေညာချက်တစ်စောင်ထုတ်ပြန်ကြေညာခဲ့ ကြောင်း သိရှိရပါသည်။

အဆိုပါထုတ်ပြန်ကြေညာချက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနေရာအနှံ့အပြားတွင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့ကာ အရေးကြီးသော ရွေးကောက်ပွဲကျင်းပရာ နေရာများ၌ သိသာထင်ရှားသော အနှောင့်အယှက်များဖြစ်ပေါ်ခဲ့သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွေးကောက်ပွဲ အပေါ် အစွန်းအထင်းဖြစ်စေခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ သင့်တင့်မျှတသော စုံစမ်း စစ်ဆေးမှုတစ်ရပ်ပြုလုပ်ပေးရန် EU အဖွဲ့အနေဖြင့် တောင်းဆိုပါကြောင်း၊ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွေးကောက်ပွဲကာလအတွင်းနှောင့်ယှက်ဖျက်ဆီးမှုများ၊ ခြိမ်းခြောက်မှုများအပါအဝင် အတိုက်အခံကိုယ်စားလှယ်လောင်း များအား အခက်အခဲများဖြစ်ပေါ်စေပြီး လွတ်လပ်စွာမဲဆွယ်စည်းရုံးမှုများနှင့် ၎င်းတို့အားထောက်ခံသူများ နှင့်တွေ့ဆုံမစုဝေးနိုင်ရန် အကြမ်းဖက်မှုများပြုလုပ်ခဲ့ကြသည်ကို ယုံကြည်စိတ်ချလောက်သော အစီရင်ခံစာ အထောက်အထားများ ရရှိထားသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်လျက်ရှိသည့် အမေရိကန်အစိုးရအနေဖြင့် အထူးစိုးရိမ်ပူပန်လျက်ရှိသည့်အပြင် မဲဆန္ဒရှင်ပြည်သူအချို့ ၏မဲပေးမှုများကိုတားဆီးပိတ်ပင်ခဲ့သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ အပေါ် ယုံကြည်ချက်ပျက်ပြားစေခဲ့သည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ရှိတ်ဟာဆီနာ၏ အဝါမီလိပါတီကို ထောက်ခံသူများနှင့် အတိုက်အခံပါတီမှ တက်ကြွလှုပ်ရှားသူများအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း လူပေါင်း(၁၇)ဦးသေဆုံးခဲ့ရသည့်အတွက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ ပုံရိပ်ကိုထိခိုက်စေနိုင် သည်ဟု ရွေးကောက်ပွဲအားတစ်ဖက်တစ်လမ်းမှကူညီလျက်ရှိပြီး အနီးကပ်အကဲဖြတ်စောင့်ကြည့်လျက်ရှိသည့် ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ(EU)တို့က ယခုကဲ့သို့ တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း၊ အဓိကအတိုက်အခံပါတီကြီးဖြစ်သည့် ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ(BNP) ကိုယ်စားလှယ်များသည် နိုင်ငံတစ်ဝန်းရှိ နေရာအတော်များများတွင် အာဏာရအဝါမီလိခ်ပါတီတက်ကြွလှုပ်ရှားသူများ၏ တိုက်ခိုက်မှု များကိုခံခဲ့ရကြောင်း၊ ထို့ကြောင့် BNP ပါတီအနေဖြင့် ရွေးကောက်ပွဲမသမာမှုပြုလုပ်ခဲ့သည့် အထောက်အထားများ စုဆောင်းဖော်ပြထားသည့်အစီရင်ခံစာကို ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကော်မရှင်ထံသို့ တင်ပြကာ ရွေးကောက်ပွဲ အသစ်တစ်ရပ်ထပ်မံကျင်းပပြုလုပ်ပေးရန် တောင်းဆိုခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်ကပယ်ချခဲ့သည် ဟု BNP ပါတီ၏အထွေထွေအတွင်းရေးမှူး မန်ဇာဖာရူအစ္စလာမ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်၊ ထို့ပြင် ရှိတ်ဟာဆီနာ၏ အတိုက်အခံပြိုင်ဖက်ပါတီများမှလည်း ရွေးကောက်ပွဲရလဒ်များနှင့်ပတ်သက်၍ ပယ်ချ ခဲ့ပြီး ရွေးကောက်ပွဲမသမာမှုများကို ကျယ်ပြန့်စွာပြုလုပ်ခဲ့ကြကာ မဲဆန္ဒရှင်များအပေါ် ခြိမ်းခြောက်ခဲ့သည်ဟု အာဏာရအဝါမီလိခ်ပါတီအားစွပ်စွဲထားသော်လည်း အဝါမီလိခ်ပါတီကမူ ငြင်းဆိုထားသည်ဟုသိရှိရကြောင်း ဖော်ပြပါရှိပါသည်။

ရည်ညွှန်း www.reuters.com