နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင် သေဆုံးသူ(၁၃၂)ဦးအထိမြင့်တက်လာပြီး ရောဂါ ကူးစက်ခံရသူပေါင်း(၆,၀၀၀)ဦးခန့်ရှိနေချိန်တွင် ဒိန်းမတ်သတင်းစာ ကာတွန်းကြောင့် တရုတ် အစိုးရမှာ အမျက်ဒေါသထွက်လျက်ရှိမှု

တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးကော်မရှင်က ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၉)ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ တရုတ်နိုင်ငံတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၁၃၂)ဦး အထိမြင့်တက်လာခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း (၅,၉၇၄)ဦးခန့်အထိ ရှိကာ လူပေါင်း (၉,၀၀၀) ကျော်ကို ရောဂါကူးစက်ခြင်းခံရသည့် သံသယဖြင့် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ် နေသည်ဟု ဖော်ပြထားကြောင်း၊ တရုတ်အာဏာပိုင်များသည် ယခုအခါ ဝူဟန်မြို့နှင့်တကွ အနီးပတ်ဝန်းကျင်ရှိ မြို့များမှ မြို့သူမြို့သားများကို ခရီးသွားလာခွင့်ပိတ်ပင်ထားသည့်အတွက် လူပေါင်းသန်း(၅၀)ခန့်မှာ ပိတ်မိနေကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စုသည် ဝူဟန်မြို့တွင် ပိတ်မိနေသည့် အမေရိကန်နိုင်ငံသား(၂၄၀)ဦးကို လည်းကောင်း၊ ဂျပန်နိုင်ငံသည်လည်း ဝူဟန်မြို့ရှိ ဂျပန်နိုင်ငံသား(၂၀၀)ဦးကို လည်းကောင်း လေယာဉ်များဖြင့် အသီးသီးသွားရောက် ခေါ်ထုတ်ခဲ့ကြောင်း၊ ဘေဂျင်းမြို့ရှိ အမေရိကန်သံရုံး သည် သံရုံးဝန်ထမ်းများအား အချိန်မရွေးရွှေ့ပြောင်းနိုင်ရန်အတွက် လေယာဉ်တစ်စီးကို အသင့်ပြင်ထားပြီး ဥရောပသမဂ္ဂသည်လည်း ဥရောပတိုက်သားများအား မိခင်နိုင်ငံများသို့ အချိန်မရွေးပို့ဆောင်နိုင်ရန် အတွက် လေယာဉ်(၂)စီးကိုအသင့်ပြင်ထားကြောင်း၊ အမေရိကန် အစိုးရသည် အမေရိကန်ပြည်ထောင်စု နှင့်တရုတ်နိုင်ငံတို့ အကြားပြေးဆွဲနေသော လေကြောင်း ခရီးစဉ်အားလုံးကို ရပ်ဆိုင်းရန် စဉ်းစား နေကြောင်း၊ အမေရိကန်ပြည်ထောင်စုနည်းတူ ဟောင်ကောင်ကျွန်းသည်လည်း တရုတ်ပြည်မကြီးသို့ ပြေးဆွဲနေသည့် ရထားလိုင်းများ၊ ကားလိုင်းများ နှင့် သင်္ဘောခရီးစဉ်များကိုရပ်ဆိုင်းခဲ့ကြောင်း  သိရှိရပါသည်။

တရုတ်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအများစိုးရိမ်ပူပန်နေချိန်တွင်ဒိန်းမတ်နိုင်ငံထုတ် ဂျာလန်ပိုစတန်သတင်းစာ (Jyllands-Posten) ၌ ဖော်ပြခဲ့သည့် ကာတွန်းတစ်ခုကြောင့် တရုတ် အာဏာပိုင်များ အမျက်ဒေါသထွက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၇)ရက် နေ့ထုတ် ဂျာလန်ပိုစတန်သတင်းစာတွင် ဖော်ပြခဲ့သည့်ကာတွန်းဆရာ နီးလ်ဘိုဘိုဂျက်ဆန်၏ ကာတွန်း၌ တရုတ်နိုင်ငံတော် အလံပုံကိုဖော်ပြထားပြီးအလံတွင်ပါရှိသော ကြယ်ပွင့်များ၏ နေရာ တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပုံများကို အစားထိုးဖော်ပြထားကြောင်း၊ ဒိန်းမတ်နိုင်ငံရှိ တရုတ်သံရုံး သည် အဆိုပါ ကာတွန်းနှင့်ပတ်သက်၍ ပြင်းထန်စွာကန့်ကွက်ခဲ့ပြီး ကာတွန်းဖော်ပြချက်သည် တရုတ်နိုင်ငံကို စော်ကားခြင်းဖြစ်သကဲ့သို့ တရုတ်ပြည်သူများအား စိတ်ခံစားချက် နာကျင်အောင်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကြေညာခဲ့ကြောင်း၊ တရုတ်သံရုံး၏ ကြေညာချက်၌ အဆိုပါကာတွန်း ဖော်ပြချက်သည် လွတ်လပ်စွာပြောဆိုခွင့်အတွက် ချမှတ်ထားသော ကျင့်ဝတ်၊ သိက္ခာဘောင်ကိုကျော်လွန်သွားပြီ ဖြစ်သောကြောင့် သတင်းစာတိုက်နှင့် ကာတွန်းဆရာတို့ အနေဖြင့် တရုတ်ပြည်သူများကို လူသိရှင်ကြားဝန်ချတောင်းပန်ရန်တောင်းဆိုထားကြောင်း၊ ဂျာလန်ပိုစတန် သတင်းစာသည် ဒိန်းမတ်နိုင်ငံရေးသမားများက ကျောထောက် နောက်ခံ ပြုထားသော သတင်းစာ ဖြစ်ကြောင်း၊ သတင်းစာ၏ အယ်ဒီတာချုပ်က ကာတွန်းဆရာ၏ တင်ပြချက်မှာပကတိဖြစ်ပေါ် နေသော အမှန်တရားကို စိတ်ကူးစိတ်သန်းကွန့်မြူး၍ အများပြည်သူ သိရှိအောင် တင်ပြခဲ့ခြင်းဖြစ်ရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးထမ်းအရ တင်ပြပုံအနေအထား ကွဲလွဲခြင်းသာဖြစ်ပြီး မှားယွင်းသည့် တင်ပြချက်အဖြစ် မသတ်မှတ် နိုင်သောကြောင့် မိမိတို့သတင်းစာတိုက်အနေဖြင့် တရုတ်နိုင်ငံအား တောင်းပန်ရန် အကြောင်း မရှိဟုဖော်ပြထားကြောင်း  သိရှိရပါသည်။

ဂျာလန်ပိုစတန်သတင်းစာနှင့် နီးလ်ဘိုဘိုဂျက်ဆန်တို့သည် ၂၀၀၅ ခုနှစ်ကလည်း တမန်တော် မိုဟာမက်အား သရော်သည့်ကာတွန်းများ ထည့်သွင်းဖော်ပြခဲ့သောကြောင့် အဆိုပါ ကာတွန်းများ ကို ကျေနပ်မှုမရှိသည့် အစ္စလာမ်ဘာသာဝင်များက မွတ်စလင်နိုင်ငံများတွင် ဆူပူဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကြောင်းဖြင့် www.channelnewsasia.com အင်တာနက် website တွင်ဖော်ပြ ထားပါသည်။