အီရန်နိုင်ငံအပေါ် စစ်ရေးအရ ထပ်မံမတိုက်ခိုက်နိုင်ရန်အတွက် သမ္မတဒေါ်နယ်ထရန့်၏ လုပ်ပိုင်ခွင့်ကို ထိန်းချုပ်သော ဆုံးဖြတ်ချက်ကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့

အီရန်နိုင်ငံအပေါ် စစ်ရေးအရ ထပ်မံမတိုက်ခိုက်နိုင်ရန်အတွက် သမ္မတဒေါ်နယ်ထရန့်၏ လုပ်ပိုင်ခွင့်ကိုထိန်းချုပ်သော ဆုံးဖြတ်ချက်ကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့

အမေရိကန် အောက်လွှတ်တော်သည် အီရန်နိုင်ငံအပေါ် စစ်ရေးအရတုန့်ပြန်မှုများထပ်မံမဖြစ်ပွားစေရန်အတွက် သမ္မတဒေါ်နယ်ထရန့်၏ လုပ်ပိုင်ခွင့်ကိုထိန်းချုပ်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၉)ရက်(ကြာသပတေးနေ့)တွင်ချမှတ်ခဲ့ကြောင်း၊ အတိုက်အခံဒီမိုကရက်တစ်ပါတီသည် အီရန်အရေးကိစ္စနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရန့်၏ ဆောင်ရွက်မှုများကြောင့် အရှေ့အလယ်ပိုင်း ဒေသအတွင်းတင်းမာမှုများကို ပိုမိုမြင့်တက်လာမည့်အရေးကို စိုးရိမ်ပူပန်နေသည့်အတွက် သမ္မတ၏ အီရန်အရေးနှင့်ပတ်သက်သောစစ်ရေးအာဏာကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်ကာ အောက်လွှတ်တော်၌ အဆိုတင်သွင်းမဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုကရက်တစ်ပါတီမှတင်သွင်းသော အဆိုကို ဒီမိုကရက်တစ်အင်အားကောင်းသော အောက်လွှတ်တော်တွင် ဇန်နဝါရီလ(၉)ရက်နေ့၌ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၂၂၄) မဲ၊ ကန့်ကွက်မဲ(၁၉၄)မဲဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အောက်လွှတ်တော်၌ စုစုပေါင်းအမတ်နေရာ(၄၃၁) နေရာရှိသည့်အနက်  ဒီမိုကရက်တစ်ပါတီ (၂၃၂) နေရာ၊ ရီပတ်ဗလစ်ကန်ပါတီ (၁၉၈) နေရာ၊ တစ်သီးပုဂ္ဂလ(၁)နေရာ အသီးသီးရရှိထားကြောင်း၊ ဇန်နဝါရီလ(၉)ရက် (ကြာသပတေးနေ့)တွင် အောက်လွှတ်တော်သို့ အမတ်ဦးရေ(၄၁၈)ဦးတက်ရောက် မဲပေးခဲ့ကြကြောင်း၊ အောက်လွှတ်တော်၏ ယခုဆုံးဖြတ်ချက်တွင် သမ္မတဒေါ်နယ်ထရန့်အနေဖြင့် အမေရိကန်ကွန်ဂရက်လွှတ်တော် (အထက် လွှတ်တော်+အောက်လွှတ်တော်) ၏ထောက်ခံမှုကိုမရရှိပါက အီရန်အပေါ် စစ်ရေးအရ ထပ်မံအရေးယူရန် စီစဉ်နေမှုကို ရက်ပေါင်း(၃၀)အတွင်းရပ်ဆိုင်းရန်တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီက ယခုဆုံးဖြတ်ချက်သည် လွှတ်တော် အနေဖြင့် သမ္မတ၏စစ်ရေးဆောင်ရွက်မှုများကို စစ်ဆေးနိုင်ရန်အတွက် အာဏာအပ်နှင်းထားသော ဆုံးဖြတ်ချက်ဖြစ်သည်ဟုပြောကြားခဲ့ကြောင်း၊ သို့သော်ရီပတ်ဗလစ်ကန်အမတ်များကမူ လွှတ်တော် အနေဖြင့် သမ္မတ၏ စစ်ရေးအာဏာအပေါ်ထိန်းချုပ်မှုကြောင့် အမေရိကန်ပြည်ထောင်စုအတွက် အန္တရာယ်ကျရောက်မည့်အချိန်တွင် သမ္မတ၏တုံ့ပြန်မှုများမှာ နှေးကွေးသွားနိုင်သောကြောင့် ယခု ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြကြောင်း သိရှိရပါသည်။

အမေရိကန်အောက်လွှတ်တော်မှ အတည်ပြုချက်ရယူပြီးသော ယခုဆုံးဖြတ်ချက်ကို အထက် လွှတ်တော်၌ မကြာမီမဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း၊ အထက်လွှတ်တော်တွင်အမတ်နေရာ(၁၀၀) ရှိသည့်အနက် ရီပတ်ဗလစ်ကန်ပါတီက (၅၃)နေရာ၊ ဒီမိုကရက်တစ်ပါတီက (၄၅)နေရာနှင့် တစ်သီးပုဂ္ဂလ (၂)နေရာတို့အသီးသီးပိုင်ဆိုင်ထားရာ သမ္မတဒေါ်နယ်ထရန့်အတွက် အခြေအနေကောင်းများ ဖြစ်ထွန်း နိုင်ကြောင်း၊  သို့သော် အထက်လွှတ်တော်ရှိ ရီပတ်ဗလစ်ကန်ပါတီအမတ်အချို့သည်  ဒေါ်နယ်ထရန့်၏ စစ်ရေးလုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်လိုသည့် သဘောထားရှိကြသောကြောင့် အောက်လွှတ်တော်မှ တင်သွင်းသည့် ယခုအဆိုကိုအထက်လွှတ်တော်တွင်မဲခွဲရာ၌ သမ္မတဒေါ်နယ်ထရန့်အနေဖြင့် အနိုင်ရရှိသည့်တိုင် မဲကွာဟချက်ကျဉ်းမြောင်းဖွယ်ရှိကြောင်း ဖော်ပြပါရှိပါသည်။

အီရန်ဗိုလ်ချုပ်ကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းမှာ အမေရိကန်ပြည်ထောင်စုအနေဖြင့် မိမိကိုယ်ကိုခုခံ ကာကွယ်ခြင်းသာဖြစ်သည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အမေရိကန်ပြည်ထောင်စုက ကြေညာခဲ့

အီရန်ဗိုလ်ချုပ်ကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းမှာ အမေရိကန်ပြည်ထောင်စုအနေဖြင့် မိမိကိုယ်ကိုခုခံ ကာကွယ်ခြင်းသာဖြစ်သည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အမေရိကန်ပြည်ထောင်စုက ကြေညာခဲ့

အမေရိကန်ပြည်ထောင်စုသည် အီရန်အရေးကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၈)ရက်(ဗုဒ္ဓဟူးနေ့)တွင် ပေးပို့သည့်အကြောင်းကြားစာ၌ အီရန်ဗိုလ်ချုပ် ဆိုလာမိုင်နီကိုလုပ်ကြံသတ်ဖြတ်ခဲ့ခြင်းမှာ အမေရိကန်ပြည်ထောင်စုအနေဖြင့် မိမိကိုယ်ကိုခုခံ ကာကွယ်ရန်အတွက်ဖြစ်သည်ဟု ရေးသားဖော်ပြထားကြောင်း၊ လုံခြုံရေးကောင်စီတွင် ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး ကယ်လီခရဖ်ကပြောကြားရာ၌ အမေရိကန်ပြည်ထောင်စုသည် မိမိကိုယ်ကိုကာကွယ်ရန်အတွက် အီရန်ဗိုလ်ချုပ်အားလုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၏အကျိုးစီးပွားနှင့် အမေရိကန်နိုင်ငံသားများ၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ကာကွယ်နိုင်ရန်အတွက်လိုအပ်ပါက အရှေ့အလယ်ပိုင်းဒေသတွင် အရေးယူဆောင်ရွက်မှုများ ထပ်မံပြုလုပ်ရန် ဆုံးဖြတ်ထားကြောင်း၊ အီရန်အစိုးရနှင့် ကြိုတင်ကန့်သတ်မှုများမပါဘဲ စေ့စပ်ဆွေးနွေးရန် အသင့်ရှိနေသကဲ့သို့ အခြားတစ်ဖက်မှလည်း အီရန်အစိုးရကြောင့်ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများကို  ကာကွယ်သွားရန်ရည်မှန်းထားပါသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ပေးပို့သောစာ၌ အီရန် ဗိုလ်ချုပ်ကိုလုပ်ကြံသတ်ဖြတ်ရခြင်းမှာ ကုလသမဂ္ဂပဋိဉာဉ်စာတမ်းပါ ပြဌာန်းချက်အမှတ်(၅၁)(UN Charter Artical – 51)နှင့်အညီ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကိုးကားဖော်ပြထားကြောင်း၊ အဆိုပါ ပြဌာန်းချက်အမှတ်(၅၁)၌ ကုလသမဂ္ဂအဖွဲ့ဝင်မည်သည့်နိုင်ငံမဆို မိမိကိုယ်ကိုခုခံပိုင်ခွင့်အရ မည်သည့် လက်တုန့်ပြန်မှုမျိုးကိုမဆိုလုပ်ဆောင်နိုင်ပြီး လက်တုန့်ပြန်မှုနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံ (၁၅)နိုင်ငံပါဝင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီထံသို့အစီရင်ခံစာအမြန်ဆုံးတင်သွင်းနိုင်ရန်လိုအပ်သည်ဟု ဖော်ပြထားကြောင်း၊ အမေရိကန်ပြည်ထောင်စုသည် ၂၀၁၄ ခုနှစ်အတွင်း ဆီးရီးယား၌ အိုင်အက်စ် အကြမ်းဖက်သမားများအပေါ်စစ်ရေးအရတိုက်ခိုက်ခဲ့သည့်အချိန်ကလည်း ယခုကဲ့သို့ပင်ပြဌာန်းချက်အမှတ်(၅၁)ကို ကိုးကား၍လုံခြုံရေးကောင်စီထံ အကြောင်းကြားခဲ့ဖူးကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စုနည်းတူ အီရန်နိုင်ငံကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ဇန်နဝါရီလ(၈)ရက်နေ့၌ပင်အကြောင်းကြားစာရေးသားပေးပို့ခဲ့ရာ၌ အီရန်နိုင်ငံအနေဖြင့်အမေရိကန်စစ်စခန်းများကို ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့ခြင်းမှာ ကုလသမဂ္ဂပဋိဉာဉ်စာတမ်းပါ ပြဌာန်းချက်(၅၁)နှင့်အညီ အချိုးအစားညီမျှစွာလက်တုန့်ပြန်ခဲ့ခြင်းဖြစ်ပြီး  အရပ်သားများထိခိုက်နစ်နာခြင်းမရှိစေအောင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် စစ်ပွဲအရှိန်မြင့်တက်လာမည်ကို မလိုလားပါကြောင်း အစရှိသည့်အချက်များကို ထည့်သွင်းဖော်ပြထားကြောင်း သိရှိရပါသည်။

အီရန်နိုင်ငံသည် အီရတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း(၂)ခုကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခြင်းမပြုမီ အီရတ်အစိုးရထံသို့ ကြိုတင်အကြောင်းကြားခဲ့သည်ဟု အီရတ်နိုင်ငံဝန်ကြီးချုပ်ရုံးက၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၈)ရက်(ဗုဒ္ဓဟူးနေ့)တွင် ကြေညာခဲ့ကြောင်း၊ အီရတ်နိုင်ငံဝန်ကြီးချုပ်ရုံး၏ကြေညာချက်၌ အီရန်နိုင်ငံသည် ဒုံးကျည်များမပစ်လွှတ်မီ အချိန်ပိုင်းအလိုတွင် အီရတ်ဝန်ကြီးချုပ်ရုံးသို့အကြောင်းကြားခဲ့ကြောင်း၊ ထိုသို့အကြောင်းကြားရာ၌ အီရန်ဗိုလ်ချုပ်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့်အတွက် အီရတ်ရှိအမေရိကန်အခြေစိုက်စခန်းများကို လက်တုန့်ပြန်တိုက်ခိုက်တော့မည်ဟူသောအချက်သာပါဝင်ပြီး တိုက်ခိုက်မည့်ပစ်မှတ်နေရာအတိအကျကို ပြောဆိုခဲ့ခြင်းမရှိကြောင်း၊ အီရတ်ဝန်ကြီးချုပ်ရုံးသည် အီရန်နိုင်ငံ၏အကြောင်းကြားချက်ကို ရရှိသည်နှင့်တစ်ပြိုင်နက် အီရတ်တပ်မတော်ခေါင်းဆောင်များအားသတိပေးခဲ့ပြီး အမေရိကန်တပ်ဖွဲ့များထံသို့ပါ အမြန်ဆုံးအကြောင်းကြားခဲ့သည့်အတွက် လူသူထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ကြောင်း၊ အီရတ်အစိုးရအနေဖြင့် အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်ပိုင်နက်ကိုကျူးကျော်သည့် မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို ပြစ်တင်ရှုံ့ချပါသည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၈)ရက်(ဗုဒ္ဓဟူးနေ့) ညပိုင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အီရန်၏ ဒုံးကျည်ဖြင့်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အမေရိကန်နိုင်ငံသား တစ်ဦးတစ်ယောက်မျှဒဏ်ရာရခြင်းမရှိကြောင်းနှင့် အီရန်နိုင်ငံသည် အမေရိကန်နှင့်စစ်မက်ဖြစ်ပွားလိုခြင်းမရှိဘဲအလျှော့ပေးလိုသည့်အရိပ်အယောင်များကိုပြသနေပြီဖြစ်သောကြောင့်ကမ္ဘာ့နိုင်ငံများအနေဖြင့် စစ်ပွဲဖြစ်ပွားမည့်အရေးကို စိုးရိမ်ပူပန်ခြင်းမပြုရန်ပြောကြားခဲ့ပြီး တိုက်ခိုက်မှုများအတွက် အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုအသစ်များကိုသာ ထပ်မံပြုလုပ်မည်ဖြစ်ပြီး နျူကလီးယားမပိုင်ဆိုင်စေရန်အတွက် ဆောင်ရွက်သွားမည်ဟုကတိပြုခဲ့ကြောင်း၊ သမ္မတဒေါ်နယ်ထရန့်၏ ပြောကြားချက်ထွက်ပေါ်ပြီးနောက်တွင် အရှေ့အလယ်ပိုင်းဒေသအရေးအပေါ်စိုးရိမ်ပူပန် မှုများလျော့ကျလာခြင်းနှင့်အတူ ဇန်နဝါရီလ(၉)ရက်နံနက်ပိုင်း၌ ကမ္ဘာ့တစ်ဝန်းစတော့ရှယ်ယာဈေးနှုန်းများမှာ ၀.၅% မှ ၀.၇% ထိမြင့်တက်လာပြီး WTI ရေနံစိမ်းတစ်စည်၏ ဈေးနှုန်းမှာ ၄.၉% ခန့်ကျဆင်းကာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၉.၆၁)သို့လည်းကောင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၀.၉% ကျဆင်းပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၅၆၀.၂၀)သို့လည်းကောင်းအသီးသီးရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

အီရတ်ရှိအမေရိကန်စစ်စခန်းများအား အီရန်နိုင်ငံက ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပြီး (၂၄) နာရီခန့်ကြာမြင့်ပြီးနောက် ၂၀၂၀ ပြည့်နှစ် ၊ ဇန်နဝါရီလ(၉)ရက်(ကြာသပတေး)နေ့ နံနက်ပိုင်းတွင် အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးနှင့် နိုင်ငံခြားသား သံရုံးများတည်ရှိရာ ရပ်ကွက် အတွင်းသို့ ဒုံးကျည်(၂)လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် လူသူထိခိုက်ဒဏ်ရာ ရမှုမရှိကြောင်း၊တိုက်ခိုက်မှုမှာ အီရန်လိုလားသော အီရတ်ပြည်သူ့စစ်အဖွဲ့ မာရှယ်အယ်ရှာဘီအဖွဲ့၏ လက်ချက်ဖြစ်လိမ့်မည်ဟုယူဆထားကြောင်း၊ အဆိုပါအဖွဲ့၏ဒုတိယခေါင်းဆောင် အယ်လ်မာဟာ ဒစ်ခ်သည် အမေရိကန်၏ဒရုန်းဖြင့် လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်အတွင်း၌ အီရန်ဗိုလ်ချုပ်ဆိုလိုင်မန်နီနှင့်အတူ သေဆုံးခဲ့သည့်အတွက် အမေရိကန်အပေါ်လက်တုန့်ပြန်မည်ဟု အဆိုပါအဖွဲ့ကခြိမ်းခြောက်ခဲ့ကြောင်းဖြင့်www.channelnewsasia.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို အီရန်က ဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်ပြီးနောက် ရေနံဈေးနှုန်းမှာ ၄ % ခန့်မြင့်တက်ခဲ့ပြီး ကမ္ဘာ့ရွှေတစ်အောင်စ၏ ဈေးနှုန်းမှာအမေရိကန်ဒေါ်လာ (၁၆၀၀) အထက်သို့ရောက်ရှိခဲ့

အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို အီရန်က ဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်ပြီးနောက် ရေနံဈေးနှုန်းမှာ ၄ % ခန့်မြင့်တက်ခဲ့ပြီးကမ္ဘာ့ရွှေတစ်အောင်စ၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၁၆၀၀) အထက်သို့ရောက်ရှိခဲ့

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၈) ရက်(ဗုဒ္ဓဟူး) နေ့ နံနက်အစောပိုင်းအချိန်တွင် အီရန်တပ်ဖွဲ့များသည် အီရတ်နိုင်ငံရှိအမေရိကန်စစ်အခြေစိုက်စခန်း (၂) ခုကို ပဲ့ထိန်းဒုံးကျည်အများအပြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့သည့် အမေရိကန်တပ်ဖွဲ့ဝင်များရှိ/ မရှိကိုမသိရှိရသေးကြောင်း၊ အီရန်နိုင်ငံ၏ ကြေညာချက်၌ အီရန်တပ်မတော်ဗိုလ်ချုပ်ဆိုလီမန်နီအတွက် လက်တုန့်ပြန်ခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တွင် စင်ကာပူခရီးသည်တင်လေကြောင်းလိုင်းသည် ၎င်း၏ခရီးစဉ်များအား အီရန်လေပိုင်နက်ကိုရှောင်လွှဲ၍ ပျံသန်းတော့မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး အမေရိကန်လေကြောင်းအာဏာပိုင်အဖွဲ့ကလည်း အမေရိကန်လေကြောင်းလိုင်းများအားလုံးအနေဖြင့် အီရတ်၊ အီရန်နှင့် အိုမန်ပင်လယ်ကွေ့တို့နှင့် ဆက်စပ်နေသော ဝေဟင်ပိုင်နက်များကို ရှောင်လွှဲ ပျံသန်းကြရန် သတိပေးတားမြစ်ချက်ထုတ်ပြန်ခဲ့ကြောင်း၊ အလားတူမလေးရှားလေကြောင်းလိုင်း၊ ကနေဒါလေကြောင်းလိုင်း၊ တရုတ်လေကြောင်းလိုင်းများကလည်းအီရန်နှင့် အီရတ်လေကြောင်းပိုင်နက်ကိုရှောင်လွှဲပျံသန်းကြရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ဒူဘိုင်းအခြေစိုက် Emirates လေကြောင်းလိုင်းနှင့် Fly Dubai လေကြောင်းလိုင်းတို့သည် အီရတ်နိုင်ငံသို့ ပျံသန်းမည့်ခရီးစဉ်အားလုံးကိုဖျက်သိမ်းခဲ့ကြောင်း၊ ကိုးရီးယားလေကြောင်းလိုင်းနှင့် ထိုင်းလေကြောင်းလိုင်းများသည်လည်းအီရန်နိုင်ငံ၏ ဒုံးကျည် တိုက်ခိုက်မှုမတိုင်မီကတည်းကအီရန်နှင့် အီရတ်လေကြောင်းပိုင်နက်များကိုအသုံးမပြုရန် ဆုံးဖြတ် ခဲ့ကြကြောင်းသိရှိရပါသည်။

မလေးရှားဝန်ကြီးချုပ်မဟာသီရာမိုဟာမက်သည် အမေရိကန်-အီရန်ပဋိပက္ခနှင့်ပတ်သက်၍ ဇန်နဝါရီလ (၇)ရက်(အင်္ဂါနေ့)တွင် ပြောကြားရာ၌ မွတ်စလင်နိုင်ငံများအနေဖြင့်  ပြင်ပအန္တရာယ်ကိုကာကွယ်နိုင်ရန်အတွက် စည်းလုံးညီညွတ်မှုရှိရန်လိုအပ်ကြောင်းနှင့် ယခုအချိန်အခါသည် မွတ်စလင် နိုင်ငံသားများအားလုံးအတူတကွ ရပ်တည်ရမည့်အချိန်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ မဟာသီယာသည် အီရန်နိုင်ငံနှင့်ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်ထားပြီးလွန်ခဲ့သည့် ဒီဇင်ဘာလအတွင်းမလေးရှားနိုင်ငံ၌ မွတ်စလင်နိုင်ငံများ ထိပ်သီးအစည်းအဝေးပွဲကျင်းပခဲ့စဉ်ကလည်း အစည်းအဝေးသို့ တက်ရောက်လာသော အီရန်သမ္မတဟာဆန်ရိုဟာနီနှင့်တွေ့ဆုံစဉ် မွတ်စလင်နိုင်ငံများအချင်းချင်းကုန်သွယ်ရာ၌ အမေရိကန်ဒေါ်လာအစားမွတ်စလင်နိုင်ငံများ၏သက်ဆိုင်ရာငွေကြေးများကို သုံးစွဲရန် ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မလေးရှားနိုင်ငံ၌ အီရန်နိုင်ငံသား (၁၀၀၀၀) ဦးခန့်နေထိုင်လျက်ရှိပြီး ယခုရက်ပိုင်းအတွင်း ကွာလာလမ်ပူမြို့ရှိ အီရန်သံရုံးရှေ့၌ အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

အီရတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းများအား အီရန်နိုင်ငံက ဒုံးကျည်များဖြင့် တိုက်ခိုက်သည့် ဖြစ်စဉ်ပေါ်ပေါက်ပြီးနောက်တွင် အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေးအခြေအနေအပေါ် စိုးရိမ်ပူပန်မှုများကြောင့်  ရေနံဈေးနှုန်းများမှာ မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၈)ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းဈေးဖွင့်ချိန်တွင်  နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်းတစ်စည်၏ဈေးနှုန်းမှာ ၄.၅ % မြင့်တက်ခဲ့ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၆၅.၆၅)သို့ ရောက်ရှိခဲ့ကြောင်း၊ အမေရိကန်၏ လက်တုန့်ပြန်မှုအပေါ်မူတည်၍ WTI ရေနံဈေးနှုန်းမှာတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၇၀)ခန့် ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြကြောင်း၊ လန်ဒန်ဈေးကွက်၌  ဘရန့်ရေနံစိမ်းတစ်စည်၏ဈေးနှုန်းမှာ ၄% မြင့်တက်ခဲ့ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၇၁.၇၅) အထိရောက်ရှိခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလနောက်ပိုင်း (၄) လတာကာလအတွင်းအမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်းသိရှိရပါသည်။

အီရန်၏ လက်တုန့်ပြန်တိုက်ခိုက်မှုဖြစ်စဉ်အပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ(၈)ရက်နေ့ နံနက်ပိုင်းတွင် ကမ္ဘာတစ်ဝန်းရှိ စတော့ရှယ်ယာဈေးနှုန်းများ ကျဆင်းကာ စတော့ဈေးကွက်အစား ရွှေဈေးကွက်အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပိုမိုပြုလုပ်လာကြသည့်အတွက် ကမ္ဘာ့ရွှေဈေးမှာ ၂% မြင့်တက်ခဲ့ပြီးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၆၀၃.၂၁) အထိရောက်ရှိခဲ့ရာအဆိုပါဈေးနှုန်းသည် ၂၀၁၃ ခုနှစ်မတ်လနောက်ပိုင်းအမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်းwww.cnbc.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

အရှေ့အလယ်ပိုင်းဒေသအတွင်း ဖြစ်ပေါ်နေသည့် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ကမ္ဘာ့ရွှေ ဈေးနှုန်းမှာ ၂၀၁၃ ခုနှစ်နောက်ပိုင်းအမြင့်ဆုံးသို့ မြင့်တက်ခဲ့

အရှေ့အလယ်ပိုင်းဒေသအတွင်း ဖြစ်ပေါ်နေသည့် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၂၀၁၃ ခုနှစ်နောက်ပိုင်းအမြင့်ဆုံးသို့ မြင့်တက်ခဲ့

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း အမေရိကန်အစိုးရ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံတော်လှန်ရေးအစောင့်တပ်၏ ဗိုလ်ချုပ်ကက်စ်ဆင်မ်ဆိုလီမန်နီနှင့် အီရတ်နိုင်ငံပြည်သူ့စစ်တပ်ဖွဲ့ ဗိုလ်မှူးတို့ သေဆုံးခဲ့ပြီးနောက် အမေရိကန်နှင့် အရှေ့အလယ်ပိုင်းဒေသတို့အကြား ပထဝီနိုင်ငံရေးတင်းမာမှုများ ပိုမိုပြင်းထန်လာသည့် အခြေအနေရှိခြင်းကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ရေနံဈေးနှုန်းများဆက်လက် မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်အစိုးရ၏ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် အီရတ် ပြည်သူ့စစ်တပ်ဖွဲ့ ဗိုလ်မှူးတစ်ဦးသေဆုံးခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၅) ရက်(တနင်္ဂနွေနေ့) တွင် အီရတ်ပါလီမန် သည် နိုင်ငံအတွင်းရှိ အမေရိကန်အပါအဝင် အခြားပြည်ပစစ်သည်များအား အီရတ်နိုင်ငံအတွင်းမှ ပြန်လည် ထွက်ခွာသွားရန် ဆုံးဖြတ်ချက်တစ်ရပ်အား အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ အီရတ်အစိုးရအနေဖြင့် ပြန်လည်စဉ်းစားရန် သမ္မတဒေါ်နယ်ထရန့်က တောင်းဆိုခဲ့ပြီးအမေရိကန် တပ်ဖွဲ့များအီရတ်နိုင်ငံမှ ပြန်လည်ဆုတ်ခွာခဲ့ရမည်ဆိုပါက အီရန်နိုင်ငံအပေါ်ချမှတ်ထားသည့်  အရေးယူပိတ်ဆို့မှုများနည်းတူ အီရတ်နိုင်ငံအပေါ်၌လည်း ပြင်းထန်သောအရေးယူပိတ်ဆို့မှုများချမှတ်သွားမည်ဟု သမ္မတဒေါ်နယ်ထရန့်က ခြိမ်းခြောက်ပြောကြားထားကြောင်းသိရှိရပါသည်။

အလားတူအီရန်တော်လှန်ရေးအစောင့်တပ်၏ ဗိုလ်ချုပ်ကိုသေဆုံးစေခဲ့သော အမေရိကန် အစိုးရ၏ လေကြောင်းတိုက်ခိုက်မှုအပေါ် အီရန်နိုင်ငံကလက်တုံ့ပြန်လာမည်ဆိုပါက အမေရိကန် အစိုးရသည် အီရန်နိုင်ငံအတွက် လွန်စွာအရေးပါသောနေရာများနှင့် ယဉ်ကျေးမှုအမွေအနှစ်နေရာများအပါအဝင် နေရာပေါင်း (၅၂) နေရာအား ပထမဆုံးပစ်မှတ်ထား၍ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုများပြုလုပ်သွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ခြိမ်းခြောက်ပြောကြားထားကြောင်း၊ သမ္မတဒေါ်နယ်ထရန့်၏ ခြိမ်းခြောက်ပြောကြားမှုထွက်ပေါ် ပြီးနောက် အီရန်သမ္မတ၏ စစ်ရေးအကြံပေးပုဂ္ဂိုလ် ဟော့ဆိန် ဒါဟ်ဂန်ကလည်း အီရန်နိုင်ငံအနေဖြင့် လက်တုံ့ပြန်သွားမည်ဖြစ်ပြီး အမေရိကန်စစ်ဘက် နှင့် စစ်စခန်းများကို လက်တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ထို့ပြင် ယခုအခါတွင် အီရန်နိုင်ငံတစ်ဝန်းရှိ အီရန်အမြောက်တပ်များအား အသင့်အနေအထားတပ်လှန့်ထားမှုများ ပြုလုပ်ထားသည်ကို အမေရိကန်အစိုးရဘက်က စုံစမ်းသိရှိထားသည်ဟု အစိုးရတာဝန်ရှိသူတစ်ဦးကရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ကြောင်း၊ ယင်းသို့သော အခြေအနေများကြောင့် အမေရိကန်နှင့် အရှေ့အလယ်ပိုင်းဒေသတို့အကြား ပထဝီနိုင်ငံရေးတင်းမာမှုများ ပိုမိုပြင်းထန်လာပါကစီးပွားရေးကဏ္ဍအပေါ် ဆိုးကျိုးသက်ရောက်မှုများရိုက်ခတ်လာမည်ကို စိုးရိမ်ပူပန်မှုများ မြင့်တက်လာခြင်းနှင့်အတူ ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၆)ရက်(တနင်္လာနေ့)နံနက်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေ လက်ငင်းရောင်းဝယ်မှုဈေးနှုန်းမှာ ၁.၅% မြင့်တက်ခဲ့ပြီးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၇၉.၅၅)သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ ဈေးနှုန်းသည် ၂၀၁၃ ခုနှစ်၊ ဧပြီလနောက်ပိုင်း (၇)နှစ် နီးပါးကာလအတွင်းအမြင့်ဆုံးအနေအထားပင်ဖြစ်ကြောင်းသိရှိရပါသည်။

အလားတူကမ္ဘာ့ရေနံဈေးနှုန်းများမှာလည်း ၂% ခန့်မြင့်တက်ခဲ့ပြီးနယူးယောက်ဈေးကွက်တွင် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၆၄.၂၂)သို့ လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၇၀.၀၆)သို့လည်းကောင်းအသီးသီးမြင့်တက်ခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းများသည် (၄)လတာကာလအတွင်းအမြင့်ဆုံးဈေးနှုန်းများဖြစ်ကြောင်းwww.reuters.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

အိန္ဒိယနိုင်ငံ၏ နိုင်ငံသားပြင်ဆင်ချက်ဥပဒေသစ်အရ နိုင်ငံသားဖြစ်ခွင့်မရရှိသည့် မွတ်စလင်ဒုက္ခသည်များအား နိုင်ငံအတွင်းမှ ပြန်လည်နှင်လွှတ်သွားမည်ဟု အိန္ဒိယဝန်ကြီးချုပ်ရုံးဝန်ကြီးက ပြောကြားခဲ့

အိန္ဒိယနိုင်ငံ၏ နိုင်ငံသားပြင်ဆင်ချက်ဥပဒေသစ်အရ နိုင်ငံသားဖြစ်ခွင့်မရရှိသည့် မွတ်စလင်ဒုက္ခသည်များအား နိုင်ငံအတွင်းမှ ပြန်လည်နှင်လွှတ်သွားမည်ဟု အိန္ဒိယဝန်ကြီးချုပ်ရုံးဝန်ကြီးက ပြောကြားခဲ့

အိန္ဒိယနိုင်ငံရှိ မွတ်စလင်ဒုက္ခသည်များသည် အသစ်ပြဌာန်းခဲ့သည့် နိုင်ငံသားပြင်ဆင်ချက်အက်ဥပဒေ(CAA)အရ နိုင်ငံသားဖြစ်ခွင့်မရရှိသည့် အိန္ဒိယအစိုးရအနေဖြင့် ၎င်းတို့အား နိုင်ငံအတွင်းမှပြန်လည်နှင်လွှတ်သွားမည် ဖြစ်ပြီးနှင်လွှတ်ရေးလုပ်ငန်းစဉ်အား ဆက်လက်လုပ်ဆောင်သွားရန်စီစဉ်ထားသည်ဟုအိန္ဒိယအရှေ့ မြောက်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် အိန္ဒိယဝန်ကြီးချုပ်ရုံးဝန်ကြီး ဂျစ်သန်ဒရာဆင်းမ် ကပြောကြားခဲ့ကြောင်း  သိရှိရပါသည်။

အိန္ဒိယဝန်ကြီးချုပ်ရုံးဝန်ကြီး ဂျစ်သန်ဒရာဆင်းမ်သည် ယခုရက်ပိုင်းအတွင်း ကျင်းပခဲ့သည့် ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၏အထွေထွေရန်ပုံငွေစည်းမျဉ်းဆိုင်ရာအစည်းအဝေးသို့တက်ရောက်စဉ်ဒေသခံ အာဏာပိုင်များအား ပြောကြားခဲ့ခြင်းဖြစ်ပြီး ဂျစ်သန်ဒရာဆင်းမ်ကပြောကြားရာ၌ အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့်ကက်ရှ်မီးယားဒေသတွင် နိုင်ငံသားပြင်ဆင်ချက်အက်ဥပဒေ(CAA)အား ယခုရက်ပိုင်းအတွင်း ပါလီမန်မှအတည်ပြုခဲ့ပြီးအကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိရာဥပဒေသစ်အရ နိုင်ငံသားဖြစ်ခွင့် မရရှိသည့် မွတ်စလင်ဒုက္ခသည်များအား နိုင်ငံအတွင်းမှနှင်လွှတ်သွားမည်ဖြစ်ကြောင်း၊ အိန္ဒိယ ဗဟိုအစိုးရအနေဖြင့်လည်း အိန္ဒိယနိုင်ငံအတွင်းမွတ်စလင်ဒုက္ခသည်များ အခြေချနေထိုင်လျက်ရှိသည့် အပေါ်စိုးရိမ်လျက်ရှိကာ စာရင်းအချက်အလက်များ ရယူပြုစုသွားမည်ဖြစ်ကြောင်း၊ မွတ်စလင်ဒုက္ခသည် များမှာ တရားမဝင် ခိုးဝင်လာသူများဖြစ်ခြင်းကြောင့် ၎င်းတို့၏မူလနေရပ်နိုင်ငံများသို့သာ ပြန်လည် သွားရောက်နေထိုင်ကြရမည်ဟုပြောကြားခဲ့ကြောင်း  သိရှိရပါသည်။

ထို့ပြင်ဝန်ကြီး ဂျစ်သန်ဒရာဆင်းမ်သည် ဂျမူးမြောက်ဘက်ပိုင်းရှိဒေသများအတွင်း မွတ်စလင်ဒုက္ခသည်အများအပြား အခြေချနေထိုင်လျက်ရှိခြင်းနှင့်ပတ်သက်၍ ဝင်ရောက်လာသည့်အခြေနေအား စုံစမ်းတင်ပြရန်အတွက်လည်း  သက်ဆိုင်ရာပြည်နယ်အာဏာပိုင်များအား ညွှန်ကြားခဲ့ကြောင်း၊အိန္ဒိယအစိုးရမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ ဂျမူးနှင့် ဆမ်ဘာခရိုင်များတွင် အခြေချနေထိုင်လျက်ရှိသော မွတ်စလင်ဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအရေအတွက်မှာ (၁၃,၇၀၀) ကျော်ခန့်ရှိပြီး ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း လူဦးရေ(၆,၀၀၀)ကျော်ခန့် တိုးတက်များပြားလာခြင်းဖြစ်ကြောင်း၊ အလားတူ အာဏာရ BJP ပါတီ၊ ဂျမူးနှင့်ကက်ရှ်မီးယားရှိ JKNPP ပါတီ၊ VHP ပါတီ၊ RSS ပါတီနှင့် အခြားသောလူမှုရေးအဖွဲ့အစည်းများသည်လည်း မွတ်စလင်ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ပေးရန် ယခင်ကာလများကတည်းက တိုက်တွန်းထားခဲ့ကြသည်ဟု သိရှိရကြောင်းwww.indiatoday.in အင်တာနက် website တွင်  ဖော်ပြပါရှိပါသည်။

ဟွာဝေးကုမ္ပဏီသည် အမေရိကန်အစိုးရ၏အရေးယူပိတ်ဆို့မှုများနှင့် ကြုံတွေ့နေရသော်လည်းကုမ္ပဏီ၏ စမတ်ဖုန်းရောင်းချရမှုဝင်ငွေပမာဏမှာ မြင့်တက်ခဲ့

ဟွာဝေးကုမ္ပဏီသည် အမေရိကန်အစိုးရ၏အရေးယူပိတ်ဆို့မှုများနှင့် ကြုံတွေ့နေရသော်လည်းကုမ္ပဏီ၏ စမတ်ဖုန်းရောင်းချရမှုဝင်ငွေပမာဏမှာ မြင့်တက်ခဲ့

ဟွာဝေးကုမ္ပဏီသည် အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများနှင့် ကြုံတွေ့ရလျက်ရှိသော်လည်းလွန်ခဲ့သည့်၂၀၁၉ ခုနှစ်အတွင်းကုမ္ပဏီ၏ စမတ်ဖုန်းရောင်းချရမှုမှရရှိခဲ့သည့်ဝင်ငွေပမာဏမှာ ၁၈% ခန့် မြင့်တက်ခဲ့သည်ဟု ဟွာဝေးကုမ္ပဏီက ယခုရက်ပိုင်းအတွင်းထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

ဟွာဝေးကုမ္ပဏီ၏ ထုတ်ပြန်ကြေညာချက်အရ ၂၀၁၈ ခုနှစ်အတွင်း ဟွာဝေးစမတ်ဖုန်းများအား ပြည်ပသို့တင်ပို့ရောင်းချရမှု စုစုပေါင်းပမာဏမှာ အလုံးရေ(၂၀၆)သန်းခန့်ရှိခဲ့ပြီး လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်တွင်မူ ပြည်ပသို့ တင်ပို့ရောင်းချခဲ့သည့် စုစုပေါင်းစမတ်ဖုန်းအလုံးရေ ပမာဏမှာ(၂၄၀) သန်းခန့် အထိသို့မြင့်တက်ခဲ့ကြောင်း၊ ရောင်းချနိုင်ခဲ့သည့် စမတ်ဖုန်းအရေအတွက်မြင့်တက်ခဲ့သည့်နည်းတူ ရောင်းချရမှုမှရရှိသည့် စုစုပေါင်းဝင်ငွေပမာဏမှာလည်း  တရုတ်ယွမ်ငွေ ၇၂၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၂၂ ဘီလီယံ)ခန့်ရှိခဲ့ရာ ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၈% ခန့် မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရကြောင်းသိရှိရပါသည်။

ဟွာဝေးကုမ္ပဏီ ဥက္ကဋ္ဌ အဲရစ်ခ်ရှုကကုမ္ပဏီဝန်ထမ်းများအတွက်ရည်ရွယ်၍ ရေးသားသည့် နှစ်သစ်မိန့်ခွန်းလွှာ၌၂၀၁၉ ခုနှစ်အတွင်း ကုမ္ပဏီရောင်းရဝင်ငွေ မြင့်တက်ခဲ့သော်လည်း ဟွာဝေးကုမ္ပဏီအပေါ် အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုများ ဆက်လက်ချမှတ်ထားဖွယ်ရှိသည့်အတွက် ယခု ၂၀၂၀ ခုနှစ်တွင် ဟွာဝေးကုမ္ပဏီသည် စိန်ခေါ်မှုအခက်အခဲများဖြင့် ကြုံတွေ့ရဦးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုမ္ပဏီ၏“ရှင်သန်ရပ်တည်နိုင်ရေး”ကို ပထမဦးစားပေးရည်မှန်းချက်အဖြစ် အကောင်အထည်ဖော်လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ဟွာဝေးစမတ်ဖုန်းများသည် အမေရိကန်အစိုးရ၏ အရေးယူ ပိတ်ဆို့မှုကြောင့် Google အင်တာနက်ဝန်ဆောင်မှုများကိုသုံးစွဲခွင့်မရရှိသည့်အတွက် ဟွာဝေး၏ မိုဘိုင်းဝန်ဆောင်မှု (Huawei Mobile Services) အခန်းကဏ္ဍကို တည်ဆောက်ဖြန့်ကျက်ခြင်းဖြင့် ပြည်ပဈေးကွက်များ၌ ဆက်လက်ရောင်းချနိုင်အောင် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ Huawei Mobile Services ကို ဖြန့်ကျက်တည်ဆောက်နိုင်ရန်အတွက် ကုမ္ပဏီဝန်ထမ်းများအနေဖြင့် အားထုတ်ကြိုးပမ်းသွားကြရမည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

တရုတ်ဗဟိုဘဏ်သည် ဗဟိုဘဏ်၌ ပြည်တွင်းဘဏ်များက ထားရှိရမည့်အာမခံငွေကြေးပမာဏကို လျှော့ချခဲ့သည့်အတွက် တရုတ်ယွမ်ငွေတန်ဖိုးကျဆင်းသွားခဲ့

တရုတ်ဗဟိုဘဏ်သည် ဗဟိုဘဏ်၌ ပြည်တွင်းဘဏ်များက ထားရှိရမည့်အာမခံငွေကြေးပမာဏကို လျှော့ချခဲ့သည့်အတွက် တရုတ်ယွမ်ငွေ တန်ဖိုးကျဆင်းသွားခဲ့

ပြည်တွင်းဘဏ်များက ဗဟိုဘဏ်၌ ထားရှိရမည့် အာမခံငွေကြေးပမာဏ (RRR) အား တရုတ်ဗဟိုဘဏ်က လျှော့ချပေးခဲ့ပြီးနောက်၂၀၂၀ခုနှစ်၊ နှစ်ဆန်းရက်ဈေးကွက်ဖွင့်ချိန်တွင်တရုတ်ယွမ်ငွေတန်ဖိုးကျဆင်းသွားခဲ့ကြောင်းသိရှိရပါသည်။

၂၀၂၀ခုနှစ်၊ဇန်နဝါရီလ(၁) ရက် (ဗုဒ္ဓဟူးနေ့) တွင် တရုတ်ဗဟိုဘဏ်သည် ပြည်တွင်းဘဏ်များကဗဟိုဘဏ်၌ထားရှိရမည့် အာမခံငွေကြေးပမာဏ (RRR) ကို ယခုဇန်နဝါရီလ (၆) ရက်မှစတင်၍ ၀.၅၀% လျှော့ချပေးသွားမည်ဟု ကြေညာခဲ့ကြောင်း၊ ဗဟိုဘဏ်သည် ပြည်တွင်းစီးပွားရေးတိုးတက်ကောင်းမွန်စေရန်နှင့် လူမှုရေးဆိုင်ရာ ဘဏ္ဍာငွေကုန်ကျမှုများ လျော့ကျစေရန်ရည်ရွယ်၍ ဗဟိုဘဏ်၌ ထားရှိရမည့် ပြည်တွင်းဘဏ်များ၏ အာမခံငွေကြေးပမာဏအားယခုကဲ့သို့ လျှော့ချပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဗဟိုဘဏ်၏ လျှော့ချပေးမှုကြောင့် တရုတ်ယွမ်ငွေ၈၀၀ဘီလီယံ (အမေရိကန်ဒေါ်လာ၁၁၄.၈၄ဘီလီယံ) ခန့်မှာ ဈေးကွက်အတွင်း ဝင်ရောက်လာဖွယ်ရှိရာ ငွေကြေးဖောင်းပွမှုများဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများထွက်ပေါ်လာပြီး တရုတ်ယွမ်ငွေတန်ဖိုး ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် တရုတ်နိုင်ငံ၊ ဘေကျင်းမြို့အခြေစိုက်ဘဏ္ဍာရေးနှင့်စီးပွားရေးသတင်းအချက်အလက်များထုတ်ပြန်ပေးလျက်ရှိသည့် Caixin ကုမ္ပဏီက၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၂) ရက် (ကြာသပတေးနေ့) တွင်ထုတ်ပြန်သည့်စစ်တမ်းအစီရင်ခံစာ၌၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလအတွင်းတရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍ တိုးတက်မှုအညွှန်းကိန်းအမှတ်မှာ လွန်ခဲ့သည့်နိုဝင်ဘာလနှင့် နှိုင်းယှဉ်ပါက (၀.၃) မှတ်ကျဆင်းကာ တိုးတက်မှုအညွှန်းကိန်းအမှတ် (၅၁.၅) မှတ်သာရှိခဲ့သည်ဟု ဖော်ပြထားခြင်းသည်လည်း တရုတ်ယွမ်ငွေတန်ဖိုးကို ကျဆင်းစေသည့်အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်(ကြာသပတေးနေ့) နံနက်ပိုင်းတွင်တရုတ်ဗဟိုဘဏ်သည် အမေရိကန်ဒေါ်လာနှင့် ရည်ညွှန်းငွေလဲလှယ်မှုနှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင် (၆.၉၆၁၄) ယွမ်လဲလှယ်မှုနှုန်းသတ်မှတ်ခဲ့သော်လည်း နေ့လည်ပိုင်းတွင်မူ တရုတ်ပြည်တွင်းငွေကြေးဈေးကွက်၌ တရုတ်ယွမ်ငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ၀.၀၄% ကျဆင်းသွားခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၆.၉၆၆၃) ယွမ်လဲလှယ်မှုနှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း www.nasdaq.com အင်တာနက်website တွင်ဖော်ပြပါရှိပါသည်။

ကမ္ဘာတစ်ဝန်းဗဟိုဘဏ်များ၌ စုဆောင်းထားရှိသည့် နိုင်ငံခြားအရန်ငွေကြေးပမာဏတွင် အမေရိကန် ဒေါ်လာပါဝင်မှု ပမာဏမြင့်တက်လာခဲ့သည်ဟု နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့က ထုတ်ပြန်ခဲ့

ကမ္ဘာတစ်ဝန်းဗဟိုဘဏ်များ၌ စုဆောင်းထားရှိသည့် နိုင်ငံခြားအရန်ငွေကြေးပမာဏတွင် အမေရိကန် ဒေါ်လာပါဝင်မှု ပမာဏမြင့်တက်လာခဲ့သည်ဟု နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့က ထုတ်ပြန်ခဲ့

၂၀၁၉ ခုနှစ်၊ တတိယ (၃) လပတ်ကာလအတွင်း ကမ္ဘာတစ်ဝန်းဗဟိုဘဏ်များ၌ စုဆောင်းထားရှိသည့် နိုင်ငံခြားအရန်ငွေကြေးပမာဏတွင် အမေရိကန်ဒေါ်လာ ပါဝင်မှုပမာဏမှာ (၁)နှစ်တာကာလအတွင်း အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့သည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်(အင်္ဂါနေ့) တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

IMF က ထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ ဒုတိယ (၃) လပတ်ကာလတွင် ကမ္ဘာတစ်ဝန်း ဗဟိုဘဏ်များ၏ နိုင်ငံခြားအရန်ငွေကြေးပမာဏတွင် အမေရိကန်ဒေါ်လာပါဝင်မှု စုစုပေါင်းပမာဏမှာ ၆၁.၄၉% ခန့်သာရှိခဲ့သော်လည်း တတိယ (၃) လပတ်ကာလတွင်မူ ၆၁.၇၈% သို့ မြင့်တက်ခဲ့ကြောင်း၊ အဆိုပါပမာဏသည် ၂၀၁၈ ခုနှစ်၊ တတိယ (၃) လပတ်ကာလနောက်ပိုင်း (၁) နှစ်တာကာလအတွင်း ကမ္ဘာတစ်ဝန်းနိုင်ငံခြားအရန်ငွေကြေးပမာဏတွင် အမေရိကန်ဒေါ်လာပါဝင်မှု အမြင့်ဆုံးအနေအထား ဖြစ်သည်ဟု ဖော်ပြထားကြောင်း  သိရှိရပါသည်။

အမေရိကန်ဒေါ်လာနည်းတူ ကမ္ဘာတစ်ဝန်း နိုင်ငံခြားအရန်ငွေကြေးပမာဏတွင် ဂျပန်ယန်းငွေ ပါဝင်မှုပမာဏမှာလည်း ၅.၀၆% သို့ မြင့်တက်ခဲ့ရာ ၂၀၀၀ ခုနှစ် နောက်ပိုင်း ဂျပန်ယန်းငွေအား ကမ္ဘာတစ်ဝန်း ဗဟိုဘဏ်များက စုဆောင်းထားရှိမှု အများဆုံး အနေအထားပင်ဖြစ်ကြောင်း၊ အလားတူ တရုတ်ယွမ်ငွေအား ကမ္ဘာတစ်ဝန်းက စုဆောင်းထားရှိမှုပမာဏမှာ ၂.၀၁% သို့ မြင့်တက်ခဲ့ရာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ကမ္ဘာတစ်ဝန်းနိုင်ငံခြားအရန်ငွေကြေးပမာဏတွင် တရုတ်ယွမ်ငွေပါဝင်မှု အများဆုံးအနေအထားပင်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်း နိုင်ငံခြားအရန်ငွေကြေးပမာဏတွင် အမေရိကန်ဒေါ်လာ၊ ဂျပန်ယန်းငွေနှင့် တရုတ်ယွမ်ငွေများပါဝင်မှုပမာဏမှာအသီးသီးမြင့်တက်ခဲ့သော်လည်း ယူရိုငွေကြေး ပါဝင်မှုမှာမူ ၂၀.၀၇% ခန့်သာ ရှိတော့ရာ ၂၀၁၇ ခုနှစ်၊ တတိယ (၃) လပတ်ကာလ နောက်ပိုင်း အနိမ့်ဆုံး အနေအထားသို့ ကျဆင်းခဲ့သည်ဟု IMF ၏ အစီရင်ခံစာ၌ ဖော်ပြထားကြောင်း  သိရှိရပါသည်။ လတ်တလောနှစ်ကာလအပိုင်းအခြားများတွင် ကမ္ဘာတစ်ဝန်းရှိ ဗဟိုဘဏ်များသည် ၎င်းတို့၏ နိုင်ငံခြားအရန်ငွေ စုဆောင်းမှုတွင် အမေရိကန်ဒေါ်လာအစား အခြားသော ငွေကြေးများကို ပြောင်းလဲ စုဆောင်းမှုများပြုလုပ်လျက်ရှိကြောင်း၊ သို့သော် လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာသည် ကမ္ဘာပေါ်၌ အထင်အရငွေကြေးတစ်ရပ်အဖြစ် ရပ်တည်နေဆဲဖြစ်ပြီး အမေရိကန်ဒေါ်လာသည် နိုင်ငံတကာကုန်သွယ်ရေး ငွေပေးချေမှုများနှင့် နိုင်ငံခြားအရန်ငွေကြေး စုဆောင်းမှုများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေဦးမည်သာဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ထားကြကြောင်း www.reuters.com အင်တာ က် website တွင် ဖော်ပြပါရှိပါသည်။