အာရှစီးပွားရေးအင်အားကြီး တောင်ကိုရီးယားနိုင်ငံ၊ ဥရောပတိုက်မှအီတလီနိုင်ငံနှင့် အရှေ့အလယ်ပိုင်းဒေသတို့ပါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေသည့်သတင်းကြောင့် ကမ္ဘာ့ရွှေဈေးမှာတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁,၆၈၀)အထက်သို့ရောက်ရှိခဲ့

အာရှစီးပွားရေးအင်အားကြီး တောင်ကိုရီးယားနိုင်ငံ၊ ဥရောပတိုက်မှအီတလီနိုင်ငံနှင့် အရှေ့အလယ်ပိုင်းဒေသတို့ပါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေသည့်သတင်းကြောင့် ကမ္ဘာ့ရွှေဈေးမှာတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁,၆၈၀)အထက်သို့ရောက်ရှိခဲ့

တရုတ်နိုင်ငံဝူဟန်မြို့မှစတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ပြဿနာသည် ယခုအခါ အာရှစီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်သည့် တောင်ကိုရီးယားနိုင်ငံ၌ ဒုတိယအများဆုံးဖြစ်ပွားနေပြီးရောဂါဖြစ်ပွားသူဦးရေ (၇၀၀)ကျော်ရှိကာသေဆုံးသူ(၇)ဦးရှှိခဲ့ပြီးနောက်တွင် တောင်ကိုရီးယားအစိုးရသည် နိုင်ငံအတွင်း၌ အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ တောင်ကိုရီးယားနိုင်ငံနည်းတူဥရောပတိုက်မှ အီတလီနိုင်ငံတွင်လည်းရောဂါပိုးကူးစက်ခံရသူ(၁၅၀)ဦးရှိကာရောဂါကြောင့်လူ(၃)ဦးသေဆုံးခဲ့ကြောင်း၊ ကိုရိုနာ‌ဗိုင်းရပ်စ်သည် အရှေ့အလယ်ပိုင်းဒေသသို့ပါ ဆက်လက်ကူးစက်ပြီးအီရန်နိုင်ငံတွင် ရောဂါ ဖြစ်ပွားသူ(၄၃)ဦးရောဂါကြောင့် သေဆုံးသူ(၈)ဦးခန့်ရှိခဲ့သည့်အတွက် ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ အီရတ်၊ တူရကီနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့သည် ၎င်းတို့၏နိုင်ငံသားများအားအီရန်နိုင်ငံသို့ ခရီးသွားလာခြင်းမပြုရန်တားမြစ်ပိတ်ပင်ခဲ့ပြီးအီရန်နိုင်ငံသားများကိုလည်းပြည်ဝင်ခွင့်မပေးတော့ကြောင်းသိရှိရပါသည်။

အာရှစီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်သောတောင်ကိုရီးယားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကိုအပြင်းအထန်ကြုံတွေ့နေရသည့်သတင်းကြောင့် ကိုရီးယားစတော့ရှယ်ယာများသာမကအာရှပစိဖိတ်ဒေသအတွင်းရှိစတော့ရှယ်ယာများ၏တန်ဖိုးနှင့် ငွေကြေးတန်ဖိုးများပါဆက်တိုက် ကျဆင်းလျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၄)ရက်တွင် ကိုရီးယားစတော့ရှယ်ယာများတန်ဖိုးမှာ ၃%၊ ဩစတြေးလျစတော့ရှယ်ယာများတန်ဖိုးမှာ ၂.၂%၊ နယူးဇီလန်စတော့ရှယ်ယာများတန်ဖိုးမှာ ၁.၃%၊ တရုတ်စတော့ရှယ်ယာများ၏တန်ဖိုးမှာ ၀.၆ % အသီးသီးကျဆင်းခဲ့ကြောင်း၊ ဂျပန်စတော့ရှယ်ယာဈေးကွက်မှာမူ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် ကျရောက်သည့် ဂျပန်ဘုရင်နာရိုဟီတို၏ အသက်(၆၀)ပြည့်နှစ်မွေးနေ့ကိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီလ(၂၄) ရက်နေ့ကိုပါအားလပ်ရက်အဖြစ်သတ်မှတ်ပြီးဈေးကွက်ပိတ်ထားသည့်အတွက် ဂျပန်စတော့ရှယ်ယာဈေးများမှာအပြောင်းအလဲမရှိကြောင်းသိရှိရပါသည်။

အာရှစတော့ရှယ်ယာဈေးနှုန်းများကျဆင်းသည့်နည်းတူအာရှငွေကြေးတန်ဖိုးများမှာလည်းဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် ဆက်လက်ကျဆင်းခဲ့ရာတောင်ကိုရီးယားဝမ်ငွေတန်ဖိုးမှာ ၀.၉% ၊ ဩစတြေးလျဒေါ်လာတန်ဖိုးမှာ ၀.၃% ၊နယူးဇီလန်ဒေါ်လာတန်ဖိုးမှာ ၀.၅%၊ တရုတ်ယွမ်ငွေတန်ဖိုးမှာ ၀.၁၂% အသီးသီးကျဆင်းခဲ့ကြောင်း၊ အလားတူယူရိုငွေတန်ဖိုးမှာလည်းဥရောပသမဂ္ဂအဖွဲ့ဝင် အီတလီနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြံတွေ့နေရခြင်းကိုအကြောင်းပြု၍ ၀.၂၆ % ခန့်ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

ကမ္ဘာ့ဈေးကွက်အတွင်းအာရှစတော့ရှယ်ယာများနှင့် အာရှငွေကြေးအများစုတန်ဖိုးကျဆင်းနေသည့်အတွက် စတော့ရှယ်ယာနှင့်ငွေကြေးဈေးကွက်များအစား ရွှေဈေးကွက်အတွင်းသို့ပြောင်းလဲရင်းနှီးမြှပ်နှံမှုများပြားလာသောကြောင့် ကမ္ဘာရွှေဈေးနှုန်းမှာဖေဖော်ဝါရီလ(၂၄)ရက်နေ့ နံနက်ပိုင်းတွင် ၂% မြင့်တက်ခဲ့ပြီးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁,၆၈၀.၈၆)သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ ဈေးနှုန်းသည် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း(၇)နှစ်တာကာလအတွင်းအမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်းwww.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

မှတ်ချက်။     ကမ္ဘာ့ရွှေဈေးနှုန်းသည် ၂၀၀၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ဘဏ္ဍာရေးအကျပ် အတည်းဖြစ်ပေါ်ခဲ့ပြီးနောက် အမေရိကန်ဗဟိုဘဏ်၏ဘဏ်တိုးနှုန်းအဆမတန်လျှော့ချမှုများနှင့် ငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာအများအပြားဖြည့်တင်းပေးခဲ့မှုများကြောင့်  ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ(၂၂)ရက်နေ့၌ သမိုင်းတစ်လျှောက်အမြင့်ဆုံးဈေးနှုန်းဖြစ်သည့် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁,၉၁၇.၉၀)သို့ ရောက်ရှိခဲ့ဖူးကြောင်း၊ ထို့နောက် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလဆန်းတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့်အီရန်နိုင်ငံတို့အကြားရယူထားသည့် နျူကလီးယားသဘောတူညီချက် စာချုပ်မှ အီရန်နိုင်ငံနှုတ်ထွက်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ(၁၇)ရက်တွင် သမိုင်းတစ်လျှောက် ဒုတိယအမြင့်ဆုံးဖြစ်သည့် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁,၆၈၆.၈၈)သို့လည်းကောင်းအသီးသီးရောက်ရှိခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံနှင့်စင်ကာပူနိုင်ငံတို့၌ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ပိုမိုများပြားလာခြင်းနှင့်အတူ တောင်ကိုရီးယားဝမ်ငွေကြေးတန်ဖိုးနှင့် စင်ကာပူဒေါ်လာတန်ဖိုးများကျဆင်းခဲ့

တောင်ကိုရီးယားနိုင်ငံနှင့်စင်ကာပူနိုင်ငံတို့၌ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ပိုမိုများပြားလာခြင်းနှင့်အတူ တောင်ကိုရီးယားဝမ်ငွေကြေးတန်ဖိုးနှင့် စင်ကာပူဒေါ်လာတန်ဖိုးများကျဆင်းခဲ့

        တောင်ကိုရီးယားနိုင်ငံနှင့်စင်ကာပူနိုင်ငံတို့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေပိုမိုမြင့်တက်လာခြင်းနှင့်အတူ တောင်ကိုရီးယားနိုင်ငံသုံးဝမ်ငွေကြေးနှင့်စင်ကာပူဒေါ်လာငွေကြေးတန်ဖိုးများ ကျဆင်းလာခဲ့ကြောင်း သိရှိရပါသည်။

          တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် တရုတ်အစိုးရက ခရီးသွားလာရေးဆိုင်ရာ တားမြစ်မှုများချမှတ်ခဲ့ခြင်း၊ တရုတ်နိုင်ငံအတွင်း၌ စီးပွားရေးလုပ်ငန်းများ အတန်ကြာရပ်ဆိုင်းခဲ့ခြင်း တို့ကြောင့် ယခု ဖေဖော်ဝါရီလ(၁)ရက်မှ(၂၀)ရက်အတွင်း တောင်ကိုရီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုပမာဏမှာ ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃.၇% ခန့် ကျဆင်းခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံ၊ အကောက်ခွန်ဌာနက ယခုရက်ပိုင်းအတွင်း အစီရင်ခံစာထုတ်ပြန်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၃)ရက်တွင် တောင်ကိုရီးယားနိုင်ငံရောဂါထိန်းချုပ်ကာကွယ်ရေး ဌာနကထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ တောင်ကိုရီးယားနိုင်ငံသည် တရုတ်နိုင်ငံ နောက်မှနေ၍ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံအဖြစ်သို့ရောက်ရှိလာပြီးနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူအရေအတွက်မှာ(၆၀၂)ဦးရှိပြီး သေဆုံးသူ(၄)ဦးရှိနေပြီဟု သိရှိ ရကြောင်း၊ ထို့ကြောင့်တောင်ကိုရီးယားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများနှင့် အတူတောင်ကိုရီးယားပြည်သူများအနေဖြင့် လူစုလူဝေးစုဖွဲ့မှုများမပြုလုပ်ရန်နှင့် အစိုးရ၏ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်မှုများအပေါ်ဆန့်ကျင်စွက်ဖက်မှုများမပြုလုပ်ရန် တောင်ကိုရီးယား ဝန်ကြီးချုပ် ချွမ်ဆေးကျွမ်က သတိပေးချက်ထုတ်ပြန်ခဲ့ခြင်း၊ တောင်ကိုရီးယားလေကြောင်းလိုင်းများ သည်လည်းလေကြောင်းခရီးစဉ်ပျံသန်းမှုများကိုလျှော့ချခြင်း၊ လေကြောင်းဝန်ထမ်းများအား လုပ်ခမဲ့ ခွင့်ပေးခြင်းတို့ကို ပြုလုပ်လာခဲ့ကြောင်း၊ ထို့ပြင်အမေရိကန်အစိုးရသည် တောင်ကိုရီးယားနိုင်ငံသို့ ခရီးသွားလာမည့် အမေရိကန်နိုင်ငံသားများအတွက် ခရီးသွားသတိပေးချက်ကို အဆင့်(၂)သို့တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း၊အစရှိသည့်အခြေအနေတို့ကြောင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို အကြောင်းပြု၍ တောင်ကိုရီးယားနိုင်ငံ၏စီးပွားရေးအခြေအနေအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင် သည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်လာပြီး တောင်ကိုရီးယားနိုင်ငံသုံး ဝမ်ငွေကြေးတန်ဖိုးနှင့် စတော့ရှယ်ယာတန်ဖိုးများ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

          ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ယခုရက်သတ္တပတ်အတွင်း တောင်ကိုရီးယားစတော့ရှယ်ယာ များတန်ဖိုးမှာ ၃.၆၀% ခန့်ကျဆင်းခဲ့ပြီး ကိုရီးယားဝမ်ငွေကြေးတန်ဖိုးမှာလည်း  အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ၂.၁၇% ခန့်ကျဆင်းခဲ့ရာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်း (၄)နှစ်ကျော်ကာလ အတွင်း ကိုရီးယားဝမ်ငွေတန်ဖိုးကျဆင်းမှုအများဆုံး ရက်သတ္တပတ်ဖြစ်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ကိုရီးယားဝမ်ငွေ(၁၂၀၉.၂)ဝမ်လဲလှယ်မှုနှုန်း၌ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။           ထို့အတူတရုတ်နိုင်ငံနှင့် ကုန်သွယ်ဆက်ဆံရေးကောင်းမွန်သော စင်ကာပူနိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူစုစုပေါင်းမှာ(၈၉)ဦးအထိရှိနေပြီး နိုင်ငံအတွင်း၌ ခရီးသွားလာရေး ဆိုင်ရာ တားမြစ်ပိတ်ပင်မှုများချမှတ်ထားခြင်းကြောင့် နိုင်ငံ၏ခရီးသွားလုပ်ငန်းကဏ္ဍအပေါ် ထိခိုက်မှု များဖြစ်ပေါ်စေပြီး ဆက်စပ်၍လည်းအခြားသောစီးပွားရေးလုပ်ငန်းများကိုပါထိခိုက်လာမည်ကို စိုးရိမ်ပူပန်မှုများနှင့်အတူ စင်ကာပူဒေါ်လာငွေကြေးတန်ဖိုးမှာ အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းမှ လက်ရှိအချိန်အထိကာလအတွင်း ၃.၉% ခန့် ကျဆင်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၂)ရက်(စနေနေ့)ညနေပိုင်းဈေးကွက်ပိတ်ချိန်တွင် အမေရိကန်တစ်ဒေါ်လာလျှင် စင်ကာပူဒေါ်လာ(၁.၄၀)လဲလှယ်မှုနှုန်းဖြင့် ဈေးပိတ်သွားခဲ့ကြောင်း၊ အဆိုပါလဲလှယ်မှုနှုန်းထားမှာ ၂၀၁၇ခုနှစ်၊ မေလနောက်ပိုင်း(၃)နှစ်တာကာလအတွင်း စင်ကာပူဒေါ်လာတန်ဖိုးအနိမ့်ဆုံးအနေအထားဖြစ်သည်ဟုသိရှိရကြောင်းဖြင့်www.straitstimes.com အင်တာနက် website တွင်ဖော်ပြထားပါသည်။

အနောက်နိုင်ငံများမှ ရေနံကုမ္ပဏီကြီးများ၏ ရင်းနှီးမြှပ်နှံမှုများနှောင့်နှေးမှုကြောင့်အာဖရိကတိုက်၌ ရေနံအများဆုံးထုတ်လုပ်နေသည့်နိုင်ဂျီးရီးယားနိုင်ငံ၏ ရေနံထုတ်လုပ်မှုမှာ ၃၅% ခန့်ကျဆင်းဖွယ် ရှိ

အနောက်နိုင်ငံများမှ ရေနံကုမ္ပဏီကြီးများ၏ ရင်းနှီးမြှပ်နှံမှုများနှောင့်နှေးမှုကြောင့်အာဖရိကတိုက်၌ ရေနံအများဆုံးထုတ်လုပ်နေသည့်နိုင်ဂျီးရီးယားနိုင်ငံ၏ ရေနံထုတ်လုပ်မှုမှာ ၃၅% ခန့်ကျဆင်းဖွယ် ရှိ

လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ အားပျော့နေသည့်အတွက် အနောက်နိုင်ငံ များမှရေနံကုမ္ပဏီကြီးများသည် ရေနံထုတ်လုပ်မှုနှင့်ပတ်သက်သော ရင်းနှီးမြှုပ်နှံမှုများကို ရွှေ့ဆိုင်းလျက်ရှိရာအာဖရိကတိုက်၌ ရေနံအများဆုံးထုတ်လုပ်နေသည့် နိုင်ဂျီးရီးယားနိုင်ငံ၏ ရေနံထုတ်လုပ် မှုမှာလည်း ၃၅% ခန့်ကျဆင်းနိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။

နိုင်ဂျီးရီးယားနိုင်ငံသည်လက်ရှိအချိန်၌နေ့စဉ်ရေနံစည်ပေါင်း(၂)သန်းကျော် ထုတ်လုပ်နေသည့် အနက်ကမ်းလွန်ရေနံတွင်းအသစ်(၃)ခုမှထုတ်လုပ်နေသည့်ပမာဏမှာ တစ်နေ့လျှင်စည်ပေါင်း(၃) သိန်းခန့်ရှိကြောင်း၊သို့သော်လက်ရှိအချိန်၌ကမ္ဘာ့ဈေးကွက်အတွင်း WTI ရေနံဈေးနှုန်းမှာတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၀) ဝန်းကျင်ခန့် ၊ ဘရန့်ရေနံဈေးနှုန်းမှာတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၀) အောက်ဝန်းကျင်၌ ဖြစ်ပေါ်လျက်ရှိရာ ရေနံထုတ်လုပ်မှုကုန်ကျစရိတ်နှင့်နှိုင်းယှဉ်ပါက အမြတ် အစွန်းမရရှိနိုင်သည့်အတွက်နိုင်ဂျီးရီးယားနိုင်ငံရှိ ကမ်းလွန်ရေနံလုပ်ကွက်သစ်(၃)ခုတို့တွင်လုပ်ငန်းများလုပ်ကိုင်နေသည့် ရေနံကုမ္ပဏီကြီးများဖြစ်သော Exxon ၊ Shell နှင့် Total တို့သည် ၎င်းတို့၏ ရေနံထုတ်လုပ်မှုလုပ်ငန်းများကို(၂)နှစ်မှ(၄) နှစ်အထိ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြကြောင်း၊ ထို့ကြောင့် နိုင်ဂျီးရီးယားနိုင်ငံ၏ ရေနံထုတ်လုပ်မှုမှာမကြာမီကာလများအတွင်း၌ တစ်နေ့လျှင် ရေနံစည်ပေါင်း (၁.၇) သန်းဝန်းကျင်၌သာ ဖြစ်ပေါ်ဖွယ်ရှိကြောင်း သိရှိရပါသည်။          

နိုင်ဂျီးရီးယားအစိုးရသည်နိုင်ငံရပ်ခြားရေနံကုမ္ပဏီများအားထပ်မံဖိတ်ခေါ်ထားပြီး ရေနံလုပ်ငန်း နှင့်ပတ်သက်သည့်ဥပဒေသစ်အား ၂၀၂၀ပြည့်နှစ်၊ နှစ်လယ်ပိုင်းတွင် ပြဌာန်းမည်ဖြစ်ကြောင်း၊ နိုင်ဂျီးရီးယားအစိုးရသည် နိုင်ငံ၏နေ့စဉ်ရေနံထုတ်လုပ်မှုအားစည်ပေါင်း(၃)သန်းခန့်အထိ ထုတ်လုပ် နိုင်ရန်မျှော်မှန်းထားသောကြောင့် ရင်းနှီးမြှပ်နှံလိုသည့် နိုင်ငံခြားရေနံကုမ္ပဏီအသစ်များအား ရှာဖွေ လျက်ရှိပြီး ရင်းနှီးမြှပ်နှံမှုများနှင့်ပတ်သက်၍ အာမခံချက်အပြည့်အဝပေးမည်ဟုကမ်းလှမ်းထားကြောင်း ဖြင့် www.rt.comအင်တာနက် website တွင်ဖော်ပြထားပါသည်။

အင်္ဂလန်ဗဟိုဘဏ်သည် အတုအပပြုလုပ်ရန် လွန်စွာခက်ခဲသော စတာလင်ပေါင် (၂၀) တန်ငွေစက္ကူ အသစ်ကို စတင်ထုတ်ဝေခဲ့

အင်္ဂလန်ဗဟိုဘဏ်သည် အတုအပပြုလုပ်ရန် လွန်စွာခက်ခဲသော စတာလင်ပေါင် (၂၀) တန်ငွေစက္ကူ အသစ်ကို စတင်ထုတ်ဝေခဲ့

          အင်္ဂလန် ဗဟိုဘဏ်(BOE)သည် နိုင်ငံသုံးငွေ စတာလင်ပေါင်(၂၀)တန် ငွေစက္ကူအသစ်ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော် ဝါရီလ(၂၀)ရက်တွင် စတင်ထုတ်ဝေဖြန့်ချိခဲ့သည်ဟု သိရှိရပါသည်။

          BOE မှ ထုတ်ဝေသည့် စတာလင်ပေါင်(၂၀)တန်ငွေစက္ကူအသစ်တွင် ဗြိတိန်ဘုရင်မကြီး၏ ရုပ်ပုံကို ငွေစက္ကူ၏အရှေ့ဘက်တွင် ရိုက်နှိပ်ဖော်ပြထားပြီး နောက်ကျောဘက်တွင်မူ ဗြိတိသျှ        နာမည်ကျော်ရေဆေးပန်းချီဝီလျှံတန်နာ၏ရုပ်ပုံနှင့်အတူ ၎င်း၏နာမည်ကျော်ပန်းချီလက်ရာတစ်ခုကိုပါ ထည့်သွင်းဖော်ပြထားကြောင်း၊ ယခု ထုတ်ဝေသည့် စတာလင်ပေါင်(၂၀)တန် ငွေစက္ကူအသစ်သည် ယခင်ထုတ်ဝေပြီးသား (၂၀)တန်ငွေစက္ကူအဟောင်းနှင့်နှိုင်းယှဉ်ပါက အရွယ်အစားပိုမိုသေးငယ်ပြီး အင်္ဂလိပ်အက္ခရာ “T” အကြီးစာလုံးအား ခရမ်းရောင်အနားသတ်ဖြင့် စက်ဝန်းသဏ္ဍန်ဝန်းရံ ဖော်ပြ ထားသော ပါးလှပ်သည့်အကွက်(၂)ကွက်ကို ရိုက်နှိပ်ထားကြောင်း၊ ထိုသို့ပြုလုပ်ရိုက်နှိပ်ထားသည့် အတွက် အတုအပပြုလုပ်ရန် လွန်စွာခဲယဉ်းသည်ဟုသိရှိရကြောင်း၊ ထို့ပြင်မျက်မမြင်များနှင့် အမြင် အာရုံမကောင်းသူများအနေဖြင့် ငွေစက္ကူ၏တန်ဖိုးအား စမ်းသပ်သိရှိနိုင်ရန်အတွက်“Bank of England” ဟူသောစာသားကို ဖောင်းကြွသဏ္ဍန်ရိုက်နှိပ်ထားသည့်အပြင် အစက်ကလေးများအပြွတ်လိုက်ရှိသောအစုအဖွဲ့(၃)ခုကိုလည်း ဖောင်းကြွသဏ္ဍန်ရိုက်နှိပ်ဖော်ပြထားကြောင်း၊ အဆိုပါ စတာလင်ပေါင်(၂၀)တန် ငွေစက္ကူအသစ်ကိုစူးရှသောအလင်းရောင်တွင်ထောင်ကြည့်ပါက “20” ဟူသောဂဏန်းကို အနီရင့်ရောင်၊ အစိမ်းရင့်ရောင်ဖြင့် တွေ့ရှိရမည်ဟု သိရှိရပါသည်။

          BOE မှအသစ်ထုတ်ဝေသည့် စတာလင်ပေါင်(၂၀)တန် ငွေစက္ကူအသစ်တွင် ဖော်ပြခြင်းခံရသော ဂျိုးဆက်မော်လော့ဒ်ဝီလျှံတန်နာသည် အသက်(၁၅)နှစ်အရွယ်သို့ရောက်ရှိသည့် ၁၉၇၀ ခုနှစ်တွင် လန်ဒန်အနုပညာပြခန်း၌ ၎င်း၏ပထမဦးဆုံးသောပန်းချီပြပွဲကိုပြုလုပ်နိုင်ခဲ့ပြီး ဆီဆေးပန်းချီ ကားပေါင်း (၅၅၀)ကျော်၊ ရေဆေးပန်းချီ(၂၀၀၀)ကျော်အပါအဝင် ပန်းချီကားမျိုးစုံအရေအတွက် (၃)သောင်းကျော် ရေးဆွဲခဲ့သည့် နာမည်ကျော်ပန်းချီပညာရှင်တစ်ဦးဖြစ်သည်ဟု သိရှိရပါသည်။

          BOEသည် ၂၀၂၀ ပြည့်နှစ်၊ဖေဖော်ဝါရီလ(၂၀)ရက်တွင် စတာလင်ပေါင်(၂၀)တန်ငွေစက္ကူ အသစ်ကို စတင်ထုတ်ဝေခဲ့သည်ဖြစ်ရာ ယခုထုတ်ဝေလိုက်သည့် (၂၀)တန်ငွေစက္ကူအသစ်ကို လာမည့်ရက်သတ္တပတ်(၂)ပတ်အတွင်း၌ နိုင်ငံတစ်ဝန်းရှိ အလိုအလျောက်ငွေထုတ်စက်(ATM)များတွင် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဗြိတိန်နိုင်ငံတစ်ဝန်း၌သုံးစွဲနေသည့် စတာလင်ပေါင်(၂၀)တန် ငွေစက္ကူအဟောင်းများ၏ အရွက်အရေအတွက်မှာ(၂)ဘီလီယံကျော်ရှိကြောင်း၊ ဗြိတိန်ပြည်သူများ အနေဖြင့် အဆိုပါ(၂၀)တန်ငွေစက္ကူအဟောင်းများကို ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပြီး ပြန်လည် ရုပ်သိမ်းမည်ဆိုပါက(၆)လကြိုတင်၍ သတိပေးချက်ထုတ်ပြန်သွားမည်ဟု BOE က ကြေညာထားကြောင်း www. xinhuanet.com အင်တာနက် website တွင်ဖော်ပြထားပါသည်။

ကိုရိုနာဗိုင်းရပ်(စ်)ပြဿနာကြောင့် အမေရိကန်ဗဟိုဘဏ် အနေဖြင့် ဘဏ် တိုးနှုန်းကိုထပ်မံလျှော့ချဖွယ်ရှိပြီး တရုတ် ဗဟိုဘဏ်သည်လည်း ဘဏ် တိုးနှုန်းများကိုလျှော့ချနေသည့်သတင်းကြောင့် ကမ္ဘာ့ရွှေဈေးမှာ(၇)နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိ ခဲ့မှု

ကိုရိုနာဗိုင်းရပ်(စ်)ပြဿနာကြောင့်အမေရိကန်ဗဟိုဘဏ်အနေဖြင့်ဘဏ်တိုးနှုန်းကိုထပ်မံလျှော့ချဖွယ်ရှိပြီး တရုတ်ဗဟိုဘဏ်သည်လည်း ဘဏ်တိုးနှုန်းများကိုလျှော့ချနေသည့်သတင်းကြောင့် ကမ္ဘာ့ ရွှေဈေးမှာ(၇)နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှစတင်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်ပြဿနာသည် ယခုအခါ ကမ္ဘာတစ်ဝန်း သို့ အရှိန်အဟုန်မြင့်စွာ ပျံ့နှံ့လျက်ရှိပြီး လက်ရှိအချိန်တွင် တရုတ်နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ ရောဂါကူးစက်ခံရသူပေါင်း (၇၅,၇၅၃)ဦးနှင့် သေဆုံးသူ(၂,၁၃၀)ဦးထိ ရောက်ရှိခဲ့ကြောင်း၊ ဗိုင်းရပ်(စ်) ပြဿနာသည် ကာလမည်မျှကြာရှည်စွာဖြစ်ပွားနေမည်ကို ခန့်မှန်းမရသည့်အပြင် ဗိုင်းရပ်(စ်) ပြဿနာကြောင့် ကမ္ဘာတစ်ဝန်းရှိ ကဏ္ဍပေါင်းစုံမှစီးပွားရေးလုပ်ငန်းများ သာမက ရင်းနှီးမြှုပ်နှံသူများအတွက် ယုံကြည်စိတ်ချရသည့် Apple အပါအဝင် နည်းပညာကုမ္ပဏီကြီးများပင် ဝင်ငွေ ကျဆင်းမှုများနှင့်ကြုံတွေ့လျက်ရှိကြောင်း၊ ထို့ကြောင့် အမေရိကန်ဗဟိုဘဏ်သည်ကမ္ဘာ့စီးပွားရေးကျဆင်းလာမည့်အရေးကိုမျှော်မှန်း၍ဘဏ်တိုးနှုန်းကိုလက်ရှိသတ်မှတ် ထားသည့် ၁.၇၅% မှ ထပ်မံလျှော့ချဖွယ်ရှိသည်ဟူသော သတင်းများထွက်ပေါ်လျက်ရှိသည့် အတွက် ကမ္ဘာ့ရွှေဈေးမှာ (၇)နှစ် တာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် တရုတ်ဗဟိုဘဏ်သည် နိုင်ငံအတွင်းရှိ ကူးသန်းရောင်းဝယ်ရေးဘဏ်များမှ ပြင်ပ စီးပွားရေး လုပ်ငန်းများသို့ ထုတ်ချေးနေသည့်ချေးငွေများအပေါ်၌ သတ်မှတ်ထားသည့် အတိုးနှုန်းများအား လျှော့ချရန် ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းနှင့် ကမ္ဘာပေါ်ရှိ ရွှေရောင်းဝယ်ရေးကုမ္ပဏီကြီးများအနေဖြင့် ပြင်ပဈေးကွက်အတွင်းမှ ရွှေများအား ယခုရက်ပိုင်းအတွင်း အများအပြားဝယ်ယူစုဆောင်းနေကြခြင်း အစရှိသည့် အချက်များသည်လည်း ကမ္ဘာ့ရွှေဈေးကို ဆက်လက်မြင့်တက်စေသည့်အခြားအချက်များဖြစ်ကြောင်း သိရှိရပါသည်။

SPDR Gold Trust ကုမ္ပဏီတစ်ခုတည်းပင် ဖေဖော်ဝါရီလ(၁၉)ရက် တစ်နေ့တာ ကာလ အတွင်း၌ အရန်ရွှေစုဆောင်းထားရှိမှု ပမာဏကို ၀.၂% တိုးမြှင့်ခဲ့ပြီး စုစုပေါင်းရွှေတန်ချိန် (၉၃၁.၆၀) တန်ခန့်အထိ စုဆောင်းထားသည်ဟု သိရှိရပါသည်။

ကမ္ဘာ့ရွှေဈေးသည် ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ၂၀၂၀ပြည့်နှစ်၊နှစ်ဆန်းမှလက်ရှိအချိန်ထိ ကာလအတွင်း ၆% မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီလ (၂၀) ရက် နံနက်ပိုင်း ဈေးကွက် ဖွင့်ချိန်၌ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁,၆၁၀.၄၃)သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းသည် ၂၀၁၃ ခုနှစ် မတ်လနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း၊ ရွှေဈေးနှုန်းသည် လာမည့် ရက်သတ္တပတ်များအတွင်း၌ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁,၆၅၀)ခန့်အထိ ရောက်ရှိနိုင်သည်ဟု ဆွစ်ဇာလန်ဘဏ်လုပ်ငန်း UBS Group AG က ခန့်မှန်းထားကြောင်း www. bloomberg.com အင်တာနက် websiteတွင် ဖော်ပြပါရှိသည်။

မှတ်ချက်။ တရုတ်ဗဟိုဘဏ်သည် နိုင်ငံအတွင်းရှိ ကူးသန်းရောင်းဝယ်ရေးဘဏ်များမှ ပြင်ပ စီးပွားရေးလုပ်ငန်းများသို့­ထုတ်ချေးနေသည့် ချေးငွေများအပေါ်၌ တစ်နှစ်တာချေးငွေများအတွက် ဘဏ်တိုးနှုန်းကို လက်ရှိသတ်မှတ်ထားသည့် ၄.၁၅% မှ ၄.၀၅% သို့လည်းကောင်း၊ (၅)နှစ်တာ ချေးငွေများအတွက် ဘဏ်တိုးနှုန်းကို လက်ရှိ သတ်မှတ်ထားသည့် ၄.၈ % မှ ၄.၇၅ % သို့ လည်းကောင်း လျှော့ချရန် ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ကြေညာခဲ့ကြောင်း၊ တရုတ်ဗဟိုဘဏ် သည် ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင်လည်း ဗဟိုဘဏ်မှ ပြင်ပကူးသန်းရောင်းဝယ်ရေးဘဏ်များသို့ ထုတ်ချေးနေသည့် ချေးငွေများအပေါ်အတိုးနှုန်းအားလက်ရှိသတ်မှတ်ထားသည့် ၃.၂၅% မှ ၃.၁၅% သို့ လျှောချပေးခဲ့ပြီးဖြစ်ရာ (၄)ရက်တာကာလအတွင်း ဘဏ်တိုးနှုန်းများနှင့် ပတ်သက်သည့် ပြင်ဆင်မှုများ (၃)ကြိမ် တိုင်တိုင်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ကမ္ဘာ့ ITဈေးကွက်ကို လွှမ်းမိုးထားသည့် Apple ကုမ္ပဏီ၏ ဝင်ငွေဆုံးရှုံးမှုသတင်းနှင့် တရုတ်ဗဟိုဘဏ်၏ အတိုးနှုန်းလျှော့ချမှု သတင်းများကြောင့် ကမ္ဘာ့ရွှေဈေးမှာ ရက်သတ္တပတ်(၂)ပတ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ကမ္ဘာ့ ITဈေးကွက်ကို လွှမ်းမိုးထားသည့် Apple ကုမ္ပဏီ၏ ဝင်ငွေဆုံးရှုံးမှုသတင်းနှင့် တရုတ်ဗဟိုဘဏ်၏ အတိုးနှုန်းလျှော့ချမှု သတင်းများကြောင့် ကမ္ဘာ့ရွှေဈေးမှာ ရက်သတ္တပတ်(၂)ပတ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ကမ္ဘာ့ IT ဈေးကွက်ကို လွှမ်းမိုးထားသော အမေရိကန် နည်းပညာကုမ္ပဏီကြီး Apple သည် တရုတ်နိုင်ငံအတွင်းရှိ i Phone ထုတ်လုပ်သည့် စက်ရုံများ နှင့် i Phone ရောင်းချသည့် အရောင်းဆိုင်များကို ခေတ္တပိတ်ထားရသည်ဖြစ်ရာApple ကုမ္ပဏီအနေဖြင့် ဝင်ငွေဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ Apple သည် လက်ရှိ ၂၀၂၀ ပြည့်နှစ်၊ ပထမ(၃)လတာ ကာလအတွင်း၌ အမေရိကန်ဒေါ်လာ(၆၃)ဘီလီယံမှ (၆၇)ဘီလီယံအထိ ဝင်ငွေရရှိရန် မျှော်မှန်း ထားသော်လည်း တရုတ်နိုင်ငံဈေးကွက်၌ ဝယ်လိုအားရပ်တန့်သွားသောကြောင့် မျှော်မှန်းထားသည့် ဝင်ငွေပမာဏကို မရရှိနိုင်တော့ဟု Appleကုမ္ပဏီတာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်(အင်္ဂါနေ့)တွင် ကြေညာခဲ့ကြောင်း၊ တရုတ်နိုင်ငံဈေးကွက်သည် Apple ပစ္စည်းများကို တတိယမြောက် အများဆုံးဈေးကွက်ဖြစ်ကြောင်း၊ Apple ပစ္စည်းများကို အများဆုံးဝယ်ယူနေသည့် ဈေးကွက်မှာအမေရိကန်ပြည်ထောင်စုနှင့်ဒုတိယအများဆုံးဝယ်ယူနေသည့်ဈေးကွက်မှာ ဥရောပတိုက် တို့မှ ဖြစ်ကြောင်း သိရှိရပါသည်။

Apple ၏ ကြေညာချက်ထွက်ပေါ်ပြီးနောက်တွင် Apple နှင့်အကျိုးစီးပွားဆက်စပ်နေသော ကမ္ဘာတစ်ဝန်းရှိ နည်းပညာကုမ္ပဏီကြီးများ၏ စတော့ရှယ်ယာများ၏ တန်ဖိုးမှာ နာရီပိုင်းအတွင်း ၌ပင် ၁.၃% အထိ ဆက်တိုက်ကျဆင်းခဲ့သောကြောင့် အဆိုပါ စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံ ထားသူများသည်ရွှေဈေးကွက်အတွင်းသို့ပြောင်းလဲ၍ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာကြသောကြောင့် ကမ္ဘာ့ရွှေဈေးမှာ ထပ်မံမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် တရုတ်ဗဟိုဘဏ်သည် ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် စီးပွားရေးကျဆင်းနေမှု များကို ကုစားနိုင်ရန်အတွက် ပြင်ပစီးပွားရေးလုပ်ငန်းများသို့ ဗဟိုဘဏ်မှထုတ်ပေးနေသည့် တစ်နှစ်တာ ကာလအတွက် ချေးငွေများအပေါ်၌ ဘဏ်တိုးနှုန်းကို ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ စတင်၍ လက်ရှိသတ်မှတ်ထားသည့် ၃.၂၅% မှ ၃.၁၅% သို့ လျှော့ချပေးခဲ့သည့်အတွက် ယွမ်ငွေ တန်ဖိုးအားပျော့လာမည့်အပေါ် စိုးရိမ်ပူပန်နေသူများက တရုတ်နိုင်ငံသုံးယွမ်ငွေအစား ရွှေကိုဝယ်ယူ စုဆာင်းနေခြင်းသည်လည်း ကမ္ဘာ့ရွှေဈေးနှုန်းကို ထပ်မံမြင့်တက်စေသည့် အခြားအချက်တစ်ခု ဖြစ်ကြောင်း သိရှိရ ပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်(အင်္ဂါနေ့)နံနက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၀.၄% မြင့်တက်ပြီး (၁)အောင်စလျှင် အမေရိကန်ဒေါ်လာ(၁,၅၈၆.၃၂)သို့ မြင့်တက်ရောက်ရှိခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းသည် ရက်သတ္တပတ်(၂)ပတ်အတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်သည်ဟု သိရှိရကြောင်း ဖြင့် www.cnbc.com အင်တာနက် website တွင်ဖော်ပြထားပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအများဆုံးဖြစ်ပွားသည့် ဒေသများတွင် အသုံးပြုနေသည့် ယွမ်ငွေစက္ကူ များကို ဖျက်ဆီးသွားမည်ဟု တရုတ်ဗဟိုဘဏ်ကကြေညာခဲ့မှု

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအများဆုံးဖြစ်ပွားသည့် ဒေသများတွင် အသုံးပြုနေသည့် ယွမ်ငွေစက္ကူ များကို ဖျက်ဆီးသွားမည်ဟု တရုတ်ဗဟိုဘဏ်ကကြေညာခဲ့မှု

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးဖြစ်ပွားသည့် ဒေသများတွင် အသုံးပြုနေသည့် ငွေစက္ကူများကို ဖျက်ဆီးသွားမည်ဟု တရုတ်ဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်း ကြေညာခဲ့ကြောင်း သိရှိရပါသည်။

တရုတ်ဗဟိုဘဏ်၏ ကြေညာချက်အရ ဗိုင်းရပ်စ်ကူးစက်မှုအများဆုံးဖြစ်ပွားရာ ဟူပေ ပြည်နယ်အပါအဝင် အနီးတဝိုက်ရှိ ပြည်နယ်ဒေသများရှိ ဆေးရုံများ၊ တိရိစ္ဆာန်နှင့်သားငါးဈေးကွက်များ နှင့် ခရီးသည်တင်မော်တော်ယာဉ်များအစရှိသည်တို့၌ လှည့်ပတ်သုံးစွဲနေသော ငွေစက္ကူများမှာ ဗိုင်းရပ်စ်ကူးစက်နိုင် ခြေမြင့်မားသည့်အတွက် ငွေစက္ကူများကို ဖျက်ဆီးခြင်းနှင့် ပိုးသန့်စင်ခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားရာ ပြည်နယ် ဒေသများရှိ ကူးသန်းရောင်းဝယ်ရေးဘဏ်များအနေဖြင့် ဗိုင်းရပ်စ်ကူးစက်ရာဒေသများမှ ငွေစက္ကူ များကို သီးသန့်စုစည်းခွဲခြားထားကာ ပိုးမွှားသန့်စင်မှုများပြုလုပ်၍ ဗဟိုဘဏ်ထံသို့ လွှဲပြောင်း ပေးပို့ရမည်ဖြစ်ကြောင်း၊ အလားတူ တရုတ်နိုင်ငံအတွင်းရှိ ကိုရိုနာဗိုင်းရပ်စ်ပြဿနာ မဖြစ်ပွား သေးသော အခြားပြည်နယ်ဒေသများမှဘဏ်များသည်လည်း ဘဏ်သို့ရောက်ရှိလာသော ငွေစက္ကူ များကို ရက်သတ္တပတ်(၂)ပတ်ကြာ သိုလှောင်သိမ်းဆည်းကာ ခရမ်းလွန်ရောင်ခြည်ဖြင့်ဖြစ်စေ၊ မြင့်မားသောအပူချိန်ဖြင့်ဖြစ်စေ ပိုးသန့်စင်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရမည်ဟုသိရှိရကြောင်း၊ ထို့ပြင် တရုတ်အစိုးရသည် ပြည်နယ်များအကြား ငွေကြေးလွှဲပြောင်းမှုများကိုပါ ယခုအခါ ရပ်ဆိုင်း ခဲ့သည်ဟု သိရှိရပါသည်။

တရုတ်အာဏာပိုင်များသည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၃)ရက်မှ (၁၃)ရက်ထိ ကာလ အတွင်း ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် တရုတ်နိုင်ငံ သုံးယွမ်ငွေစက္ကူစုစုပေါင်းတန်ဖိုး တရုတ် နိုင်ငံသုံးယွမ်ငွေ (၇.၈)ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ)ခန့်ကို သိမ်းဆည်းဖျက်သိမ်းခဲ့ပြီး တရုတ်နိုင်ငံသုံး ယွမ်ငွေ(၃)ဘီလီယံ(အမေရိကန်ဒေါ်လာ ၄၂၉ သန်း)ခန့်တန်ဖိုးရှိ ငွေစက္ကူအသစ် များကို ပြန်လည် ဖြန့်ချီပေးခဲ့သည်ဟု သိရှိရကြောင်းဖြင့် www.nypost.com အင်တာနက် website တွင်ဖော်ပြထားပါသည်။

လာမည့်ဧပြီလမှစတင်မည့် အိန္ဒိယနိုင်ငံ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ပမှ ပဲမျိုးစုံ တင်သွင်းမှုမှာ ၆၀% အထိကျဆင်းနိုင်သောကြောင့် မြန်မာနိုင်ငံအပါအဝင်နိုင်ငံအချို့မှ ပဲစိုက်တောင်သူများ၏ အကျိုး စီးပွားအပေါ်ထိခိုက်ဖွယ်ရှိမှု

လာမည့်ဧပြီလမှစတင်မည့် အိန္ဒိယနိုင်ငံ၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ပြည်ပမှ ပဲမျိုးစုံ တင်သွင်းမှုမှာ ၆၀% အထိ ကျဆင်းနိုင်သောကြောင့် မြန်မာ နိုင်ငံအပါအဝင်နိုင်ငံအချို့မှ ပဲစိုက်တောင်သူများ၏ အကျိုးစီးပွားအပေါ်ထိခိုက်ဖွယ်ရှိမှု

အိန္ဒိယနိုင်ငံ၌ ယခုနှစ်တွင် ပဲအထွက်နှုန်းများပြားလျက်ရှိသောကြောင့် အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုမှာ ၆၀% ကျဆင်းနိုင်သည်ဟု အိန္ဒိယပဲလုပ်ငန်းရှင်အသင်းဥက္ကဌ  ဂျစ်တူဘီဒါက ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက် (သောကြာနေ့)တွင်ပြောကြားခဲ့ကြောင်း၊ ပဲလုပ်ငန်းရှင် အသင်းဥက္ကဌကပြောကြားရာ၌ လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်သည် လာမည့်မတ်လ၌ ကုန်ဆုံးတော့မည်ဖြစ်ကြောင်း၊ အဆိုပါဘဏ္ဍာရေးနှစ်အတွင်း အိန္ဒိယနိုင်ငံသည် ပြည်ပမှ ပဲမျိုးစုံ တန်ချိန်(၂.၅)သန်းခန့်ဝယ်ယူတင်သွင်းခဲ့ကြောင်း၊ သို့သော် လာမည့် ဧပြီလတွင်စတင်မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌မူ အိန္ဒိယနိုင်ငံအနေဖြင့် ပြည်ပမှပဲမျိုးစုံ တန်ချိန်(၁)သန်းခန့်သာ တင်သွင်း ဖွယ်ရှိရာ ဘဏ္ဍာရေးနှစ်အလိုက်နှိုင်းယှဉ်ပါက ၆၀% ခန့်ကျဆင်းမည့် အနေအထားပင်ဖြစ်ကြောင်း၊ ထိုသို့ ပဲတင်သွင်းမှုကျဆင်းရခြင်း၏ အဓိကအကြောင်းအရင်းများမှာ ယခုနှစ်တွင် အိန္ဒိယနိုင်ငံ အတွင်း ပဲအလျှံအပယ်ထွက်ရှိနေခြင်းနှင့် အစိုးရအနေဖြင့်လည်း ပြည်ပမှပဲ တင်သွင်းမှုများကို ထိန်းချုပ်ပြီး ပြည်တွင်း ပဲစိုက်တောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်လိုခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်၌ ပဲအများဆုံးစားသုံးနေသည့် နိုင်ငံဖြစ်ပြီး စားသုံးမှုနှင့် ထုတ်လုပ်မှု ကွာဟချက်ကြောင့် နှစ်စဉ်ပြည်ပမှ ပဲတန်ချိန် အနည်းဆုံး(၂.၅)သန်းမှ အများဆုံး(၆.၆)သန်းအထိ ပုံမှန်ဝယ်ယူနေရသည့်နိုင်ငံဖြစ်ကာ မြန်မာနိုင်ငံ၊ ကနေဒါနိုင်ငံ၊ သြစတြေးလျနိုင်ငံနှင့် ရုရှားနိုင်ငံ တို့မှပဲများကိုအများဆုံးဝယ်ယူခဲ့ကြောင်း၊ သို့သော်လာမည့်ဘဏ္ဍာရေးနှစ်တွင်အိန္ဒိယနိုင်ငံ၏ပဲတင်သွင်းမှု ၆၀%ခန့်ကျဆင်းမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံအပါအဝင် အဆိုပါနိုင်ငံများရှိ ပဲစိုက်ပျိုးရေး ကဏ္ဍနှင့် တောင်သူများ၏ အကျိုးစီးပွားအပေါ်များစွာ ထိခိုက်စေမည်ဖြစ်ကြောင်းဖြင့် www. reuters.com အင်တာနက် website တွင် ဖော်ပြထားပါသည်။

ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီသည် ၂၀၂၀ ပြည့်နှစ်အတွင်းမြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ရှိ သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများ၌ အမေရိကန်ဒေါ်လာသန်း (၃၀၀)သုံးစွဲသွားမည် ဖြစ်ကြောင်း ဖော်ပြထားမှု

ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီသည် ၂၀၂၀ ပြည့်နှစ်အတွင်းမြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ရှိ သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများ၌ အမေရိကန်ဒေါ်လာသန်း (၃၀၀)သုံးစွဲသွားမည် ဖြစ်ကြောင်းဖော်ပြထားမှု

ထိုင်းနိုင်ငံမှ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေး ကုမ္ပဏီကြီးဖြစ်သည့် PTT Exploration and Production Plc (PTTEP) ကုမ္ပဏီကြီးသည် ၂၀၂၀ ပြည့်နှစ်အတွင်းမြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၌ ကမ်းလွန်သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် စုစုပေါင်းလုပ်ကွက်(၁၈)ခုတို့၌ အမေရိကန်ဒေါ်လာသန်း(၃၀၀)ခန့် အသုံးပြုသွားမည်ဟု ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရှိရပါသည်။

PTTEP ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲဖြစ်သူ ချနာမက်စ်ဆာဆန်နန်းက ပြောကြားရာ၌ မြန်မာနိုင်ငံနှင့်မလေးရှားနိုင်ငံတို့တွင် သဘာဝဓာတ်ငွေ့လိုအပ်မှုသည် အရှိန်အဟုန် ဖြင့် လျင်မြန်စွာ တိုးတက်လာလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝဓာတ်ငွေ့ကို လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ၌ အဓိကအားထား အသုံးပြုလျက်ရှိကြောင်း၊ ထို့ကြောင့် PTTEP အနေဖြင့် သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများအားတိုးမြှင့်လုပ်ကိုင်သွားမည်ဖြစ်ပြီးလွန်ခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းမြန်မာနှင့်မလေးရှားနိုင်ငံတို့တွင် ကမ်းလွန်သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ကွက် (၆) ကွက်သာရှိခဲ့ရာမှ ယခု ၂၀၂၀ပြည့်နှစ်အတွင်း(၃)ဆအထိတိုးမြှင့်ကာလုပ်ကွက် (၁၈)ကွက်ဖြင့် သဘာဝဓာတ်ငွေ့ရှာဖွေမှုအား တိုးမြှင့်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

PTTEP ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်းသဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများကို ကုန်းတွင်းပိုင်းလုပ်ကွက်အမှတ် MOGE 3 နှင့် ကမ်းလွန်လုပ်ကွက်(၂)ခုဖြစ်သော လုပ်ကွက်အမှတ် M 11 နှင့် MD-7 တို့တွင်စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း၊ M3 လုပ်ကွက်တွင် ယခုအခါ တူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများပင် စတင်နိုင်တော့မည်ဖြစ်ကြောင်း၊ PTTEP ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက်များဖြစ်သော ဇောတိက၊ ရတနာနှင့် ရဲတံခွန်တို့တွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းဖြင့် www.bangkokpost.com အင်တာနက် website တွင်ဖော်ပြထားပါသည်။

အမေရိကန်ကွန်ဂရက်လွှတ်တော်၌ ကျင်းပခဲ့သည့် ငွေကြေးမူဝါဒဆိုင်ရာကြားနာစစ်ဆေးမှုတွင် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်နှင့်ပတ်သက်၍ ကမ္ဘာ့စီးပွားရေးအပေါ် အမေရိကန်ဗဟိုဘဏ် ဥက္ကဌကသတိပေးခဲ့ပြီးနောက် ကမ္ဘာ့ ရွှေဈေးမှာဆက်လက် အားကောင်းလျက်ရှိမှု

အမေရိကန်ကွန်ဂရက်လွှတ်တော်၌ကျင်းပခဲ့သည့် ငွေကြေးမူဝါဒဆိုင်ရာကြားနာ စစ်ဆေးမှုတွင် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်နှင့် ပတ်သက်၍ ကမ္ဘာ့စီးပွားရေးအပေါ် အမေရိကန်ဗဟိုဘဏ် ဥက္ကဌက သတိပေးခဲ့ပြီးနောက် ကမ္ဘာ့ရွှေဈေးမှာ ဆက်လက်အားကောင်းလျက်ရှိမှု

အမေရိကန်ဗဟိုဘဏ်ဥက္ကဌ ဂျရိုမီပါဝယ်လ်သည် ဗဟိုဘဏ်မှ ဆက်လက်ကျင့်သုံးမည့် ငွေကြေးမူဝါဒများနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့နှင့် (၁၂)ရက်နေ့ များတွင် အမေရိကန်ကွန်ဂရက်လွှတ်တော်၌ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ထိုသို့ရှင်းလင်းရာတွင် ဗဟိုဘဏ် ဥက္ကဌကအမေရိကန် ပြည်ထောင်စုတစ်ခုတည်း၏ စီးပွားရေးအခြေအနေကို သုံးသပ် မည်ဆိုပါက တိုးတက်မှုရှိနေသည်ကို မြင်တွေ့ရကြောင်း၊ သို့သော် ကိုရိုနာဗိုင်းရပ်စ်ပြဿနာသည် တရုတ်နိုင်ငံကိုသာမကအခြားသောကမ္ဘာ့နိုင်ငံများကိုပါရိုက်ခတ်ပြီးကမ္ဘာ့စီးပွားရေးတစ်ခုလုံးအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် ဗဟိုဘဏ်အနေဖြင့် အထူးသတိထားလျက် ရှိကြောင်း၊ အမေရိကန်ဗဟိုဘဏ်သည် ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်ပူပန်မှုများကြောင့် ဘဏ်တိုးနှုန်းကို လက်ရှိအနေအထားအတိုင်း ဆက်လက်နှိမ့်ချထားရန် ဆုံးဖြတ်ထားပြီး ကိုရိုနာ ဗိုင်းရပ်စ်ဂယက်ကြောင့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်လာမည် ဆိုပါက ယခင်ဗဟိုဘဏ်ဥက္ကဌများ ကျင့်သုံးခဲ့သည့် နည်းလမ်းများအတိုင်းဈေးကွက်အတွင်းမှ အာမခံငွေတိုက်စာချုပ်အများအပြားကို ပြန်လည်ဝယ်ယူခြင်းဖြင့် ငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ အများအပြားဖြည့်တင်းရန် စဉ်းစားထားသည်ဟုပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

အမေရိကန်ဗဟိုဘဏ်ဥက္ကဌ၏ ပြောကြားချက်နှင့် တစ်ချိန်တည်း၌ပင် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားသည့် ဝူဟန်မြို့တည်ရှိရာ တရုတ်နိုင်ငံ၊ ဟူပေးပြည်နယ်၌ ဖေဖော်ဝါရီလ (၁၂) ရက် တစ်နေ့တာ ကာလအတွင်း၌ပင် ရောဂါပိုးကြောင့် လူပေါင်း (၂၄၂)ဦး ထပ်မံသေဆုံးပြီး လူပေါင်း (၁၄,၈၄၀)ဦးခန့် ရောဂါထပ်မံကူးစက်ခံရကြောင်းကို တရုတ်အာဏာပိုင်များက ကြေညာခဲ့သည့် အတွက် ကိုရိုနာဗိုင်းရပ်စ် ပြဿနာအပေါ် ကမ္ဘာတစ်ဝန်းစိုးရိမ်ပူပန်မှုများ ပိုမိုဖြစ်ပေါ်လာခြင်း နှင့်အတူ ကမ္ဘာ့ရွှေဈေးနှုန်းမှာဆက်လက်အားကောင်းလျက်ရှိကြောင်းသိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နံနက်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေလက်ငင်း ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၄% မြင့်တက်ခဲ့ပြီးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၇၁.၇၀) သို့ ရောက်ရှိခဲ့ကြောင်းဖြင့် www.cnbc.com အင်တာနက် website တွင်ဖော်ပြထားပါသည်။

မှတ်ချက်။  ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့ မနက်ပိုင်းအထိရရှိသော သတင်းအချက် အလက်များအရ ကမ္ဘာတစ်ဝန်းရှိနိုင်ငံ/ဒေသကြီး (၂၈)ခုတို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်မှာ(၆၀,၃၈၆)ဦးသေဆုံးသူအရေအတွက်မှာ(၁,၃၆၉)ဦးနှင့် ပြန်လည်ကောင်းမွန်လာသူ အရေအတွက်မှာ(၆,၀၂၃)ဦးခန့်ရှိကြောင်း၊ တရုတ်နိုင်ငံတစ်ခုတည်း၌ပင် ရောဂါဖြစ်ပွားသူ (၅၉,၈၁၇)ဦး၊ သေဆုံးသူ(၁,၃၆၇)ဦးနှင့်ပြန်လည်ကောင်းမွန်လာသူ(၅,၉၄၆)ဦးခန့်ရှိကြောင်းသိရိရပါသည်။