ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအများဆုံးဖြစ်ပွားသည့် ဒေသများတွင် အသုံးပြုနေသည့် ယွမ်ငွေစက္ကူ များကို ဖျက်ဆီးသွားမည်ဟု တရုတ်ဗဟိုဘဏ်ကကြေညာခဲ့မှု

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးဖြစ်ပွားသည့် ဒေသများတွင် အသုံးပြုနေသည့် ငွေစက္ကူများကို ဖျက်ဆီးသွားမည်ဟု တရုတ်ဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်း ကြေညာခဲ့ကြောင်း သိရှိရပါသည်။

တရုတ်ဗဟိုဘဏ်၏ ကြေညာချက်အရ ဗိုင်းရပ်စ်ကူးစက်မှုအများဆုံးဖြစ်ပွားရာ ဟူပေ ပြည်နယ်အပါအဝင် အနီးတဝိုက်ရှိ ပြည်နယ်ဒေသများရှိ ဆေးရုံများ၊ တိရိစ္ဆာန်နှင့်သားငါးဈေးကွက်များ နှင့် ခရီးသည်တင်မော်တော်ယာဉ်များအစရှိသည်တို့၌ လှည့်ပတ်သုံးစွဲနေသော ငွေစက္ကူများမှာ ဗိုင်းရပ်စ်ကူးစက်နိုင် ခြေမြင့်မားသည့်အတွက် ငွေစက္ကူများကို ဖျက်ဆီးခြင်းနှင့် ပိုးသန့်စင်ခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားရာ ပြည်နယ် ဒေသများရှိ ကူးသန်းရောင်းဝယ်ရေးဘဏ်များအနေဖြင့် ဗိုင်းရပ်စ်ကူးစက်ရာဒေသများမှ ငွေစက္ကူ များကို သီးသန့်စုစည်းခွဲခြားထားကာ ပိုးမွှားသန့်စင်မှုများပြုလုပ်၍ ဗဟိုဘဏ်ထံသို့ လွှဲပြောင်း ပေးပို့ရမည်ဖြစ်ကြောင်း၊ အလားတူ တရုတ်နိုင်ငံအတွင်းရှိ ကိုရိုနာဗိုင်းရပ်စ်ပြဿနာ မဖြစ်ပွား သေးသော အခြားပြည်နယ်ဒေသများမှဘဏ်များသည်လည်း ဘဏ်သို့ရောက်ရှိလာသော ငွေစက္ကူ များကို ရက်သတ္တပတ်(၂)ပတ်ကြာ သိုလှောင်သိမ်းဆည်းကာ ခရမ်းလွန်ရောင်ခြည်ဖြင့်ဖြစ်စေ၊ မြင့်မားသောအပူချိန်ဖြင့်ဖြစ်စေ ပိုးသန့်စင်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရမည်ဟုသိရှိရကြောင်း၊ ထို့ပြင် တရုတ်အစိုးရသည် ပြည်နယ်များအကြား ငွေကြေးလွှဲပြောင်းမှုများကိုပါ ယခုအခါ ရပ်ဆိုင်း ခဲ့သည်ဟု သိရှိရပါသည်။

တရုတ်အာဏာပိုင်များသည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၃)ရက်မှ (၁၃)ရက်ထိ ကာလ အတွင်း ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် တရုတ်နိုင်ငံ သုံးယွမ်ငွေစက္ကူစုစုပေါင်းတန်ဖိုး တရုတ် နိုင်ငံသုံးယွမ်ငွေ (၇.၈)ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ)ခန့်ကို သိမ်းဆည်းဖျက်သိမ်းခဲ့ပြီး တရုတ်နိုင်ငံသုံး ယွမ်ငွေ(၃)ဘီလီယံ(အမေရိကန်ဒေါ်လာ ၄၂၉ သန်း)ခန့်တန်ဖိုးရှိ ငွေစက္ကူအသစ် များကို ပြန်လည် ဖြန့်ချီပေးခဲ့သည်ဟု သိရှိရကြောင်းဖြင့် www.nypost.com အင်တာနက် website တွင်ဖော်ပြထားပါသည်။