ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ကမ္ဘာ့ ITဈေးကွက်ကို လွှမ်းမိုးထားသည့် Apple ကုမ္ပဏီ၏ ဝင်ငွေဆုံးရှုံးမှုသတင်းနှင့် တရုတ်ဗဟိုဘဏ်၏ အတိုးနှုန်းလျှော့ချမှု သတင်းများကြောင့် ကမ္ဘာ့ရွှေဈေးမှာ ရက်သတ္တပတ်(၂)ပတ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ကမ္ဘာ့ IT ဈေးကွက်ကို လွှမ်းမိုးထားသော အမေရိကန် နည်းပညာကုမ္ပဏီကြီး Apple သည် တရုတ်နိုင်ငံအတွင်းရှိ i Phone ထုတ်လုပ်သည့် စက်ရုံများ နှင့် i Phone ရောင်းချသည့် အရောင်းဆိုင်များကို ခေတ္တပိတ်ထားရသည်ဖြစ်ရာApple ကုမ္ပဏီအနေဖြင့် ဝင်ငွေဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ Apple သည် လက်ရှိ ၂၀၂၀ ပြည့်နှစ်၊ ပထမ(၃)လတာ ကာလအတွင်း၌ အမေရိကန်ဒေါ်လာ(၆၃)ဘီလီယံမှ (၆၇)ဘီလီယံအထိ ဝင်ငွေရရှိရန် မျှော်မှန်း ထားသော်လည်း တရုတ်နိုင်ငံဈေးကွက်၌ ဝယ်လိုအားရပ်တန့်သွားသောကြောင့် မျှော်မှန်းထားသည့် ဝင်ငွေပမာဏကို မရရှိနိုင်တော့ဟု Appleကုမ္ပဏီတာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်(အင်္ဂါနေ့)တွင် ကြေညာခဲ့ကြောင်း၊ တရုတ်နိုင်ငံဈေးကွက်သည် Apple ပစ္စည်းများကို တတိယမြောက် အများဆုံးဈေးကွက်ဖြစ်ကြောင်း၊ Apple ပစ္စည်းများကို အများဆုံးဝယ်ယူနေသည့် ဈေးကွက်မှာအမေရိကန်ပြည်ထောင်စုနှင့်ဒုတိယအများဆုံးဝယ်ယူနေသည့်ဈေးကွက်မှာ ဥရောပတိုက် တို့မှ ဖြစ်ကြောင်း သိရှိရပါသည်။

Apple ၏ ကြေညာချက်ထွက်ပေါ်ပြီးနောက်တွင် Apple နှင့်အကျိုးစီးပွားဆက်စပ်နေသော ကမ္ဘာတစ်ဝန်းရှိ နည်းပညာကုမ္ပဏီကြီးများ၏ စတော့ရှယ်ယာများ၏ တန်ဖိုးမှာ နာရီပိုင်းအတွင်း ၌ပင် ၁.၃% အထိ ဆက်တိုက်ကျဆင်းခဲ့သောကြောင့် အဆိုပါ စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံ ထားသူများသည်ရွှေဈေးကွက်အတွင်းသို့ပြောင်းလဲ၍ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာကြသောကြောင့် ကမ္ဘာ့ရွှေဈေးမှာ ထပ်မံမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် တရုတ်ဗဟိုဘဏ်သည် ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် စီးပွားရေးကျဆင်းနေမှု များကို ကုစားနိုင်ရန်အတွက် ပြင်ပစီးပွားရေးလုပ်ငန်းများသို့ ဗဟိုဘဏ်မှထုတ်ပေးနေသည့် တစ်နှစ်တာ ကာလအတွက် ချေးငွေများအပေါ်၌ ဘဏ်တိုးနှုန်းကို ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ စတင်၍ လက်ရှိသတ်မှတ်ထားသည့် ၃.၂၅% မှ ၃.၁၅% သို့ လျှော့ချပေးခဲ့သည့်အတွက် ယွမ်ငွေ တန်ဖိုးအားပျော့လာမည့်အပေါ် စိုးရိမ်ပူပန်နေသူများက တရုတ်နိုင်ငံသုံးယွမ်ငွေအစား ရွှေကိုဝယ်ယူ စုဆာင်းနေခြင်းသည်လည်း ကမ္ဘာ့ရွှေဈေးနှုန်းကို ထပ်မံမြင့်တက်စေသည့် အခြားအချက်တစ်ခု ဖြစ်ကြောင်း သိရှိရ ပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်(အင်္ဂါနေ့)နံနက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၀.၄% မြင့်တက်ပြီး (၁)အောင်စလျှင် အမေရိကန်ဒေါ်လာ(၁,၅၈၆.၃၂)သို့ မြင့်တက်ရောက်ရှိခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းသည် ရက်သတ္တပတ်(၂)ပတ်အတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်သည်ဟု သိရှိရကြောင်း ဖြင့် www.cnbc.com အင်တာနက် website တွင်ဖော်ပြထားပါသည်။