အမေရိကန်ပြည်ထောင်စုအတွင်း COVID-19 ရောဂါပျံ့နှံ့မှုကို ထိန်းချူပ်ရန်အတွက် ဥရောပနိုင်ငံသားများအား အမေရိကန်ပြည်ထောင်စုသို့ လာရောက်ခြင်းကို ယာယီပိတ်ပင်ထားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီးနောက် ကမ္ဘာ့ရေနံနှုန်းများမှာ ၆% ခန့်ကျဆင်းခဲ့

          အမေရိကန်ပြည်ထောင်စုအတွင်း COVID-19 ရောဂါပျံ့နှံ့မှုကိုကောင်းစွာထိန်းချုပ်နိုင်ရန်အတွက် အင်္ဂလန်နိုင်ငံသားများမှအပ အခြားဥရောပနိုင်ငံသားများအားလုံး အမေရိကန်ပြည်ထောင်စုသို့လာရောက်ခြင်းကို ရက်ပေါင်း(၃၀) ယာယီပိတ်ပင်ထားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၂၀၂၀ ပြည့်နှစ်၊မတ်လ(၁၁)ရက်တွင်ပြောကြားခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၆% ခန့် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

          အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားရာ၌ ဥရောပနိုင်ငံများသည် COVID-19 ရောဂါစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံအပါအဝင် ရောဂါကူးစက်ခံရမှုများပြားသည့်အခြားသောနိုင်ငံများမှ ခရီးသွားများအပေါ်၌ ထိရောက်သောတားမြစ်ပိတ်ပင်မှုများမပြုလုပ်ခဲ့သည့်အတွက်ဥရောပနိုင်ငံများ၌ COVID-19 ရောဂါကူးစက်မှုများပြားလာခဲ့ကြောင်း၊ အမေရိကန်အစိုးရသည်ဥရောပတိုက်သားများမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ COVID-19 အများအပြား ကူးစက်ခြင်းမရှိစေရန်အတွက်အင်္ဂလန်နိုင်ငံသားများမှအပ အခြားဥရောပနိုင်ငံများမှ ခရီးသွားများအားလုံးကို အမေရိကန် ပြည်ထောင်စုသို့ လာရောက်ခြင်းအား ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၄)ရက် နံနက်ပိုင်းမှစ၍ ရက်ပေါင်း (၃၀)ကြာ ယာယီပိတ်ပင်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တားမြစ်ပိတ်ပင်မှုသည် လူများအပေါ်၌ သာမက ကုန်စည် တင်သွင်း/တင်ပို့ ရောင်းဝယ်မှုများအပေါ်၌ပါ ချမှတ်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့သောလုပ်ဆောင်ခြင်းသည် ပြည်ပမှဝင်ရောက်လာသော ဗိုင်းရပ်စ်ရောဂါပိုးကို တိုက်ဖျက်နှိမ်နင်းရန်အကျယ်တဝင့်ဖြင့် ထိထိရောက်ရောက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊အမေရိကန် ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးကဏ္ဍအပေါ် သမ္မတ ဒေါ်နယ်ထရန့်၏တားမြစ်ပိတ်ပင်မှုသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို ပိုမိုနှောင့်နှေးစေပြီး ကမ္ဘာတစ်ဝန်း ရေနံဝယ်လိုအားလည်း လျော့နည်းသွားနိုင်သည်ဟူသော ခန့်မှန်းချက်များ ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

          ထို့ပြင် ဆော်ဒီအာရေဗျနိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့ကလည်း ၎င်းတို့၏ နေ့စဉ်ရေနံထုတ်လုပ်မှုပမာဏကို လက်ရှိထုတ်လုပ်နေသည့်ပမာဏထက်စည်ပေါင်း(၁)သန်းခန့်စီ တိုးမြှင့်ထုတ်လုပ်သွားမည်ဟု ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၁)ရက်တွင် ကြေညာခဲ့ကြခြင်းသည်လည်း ကမ္ဘာ့ရေနံဈေးနှုန်းများကို ကျဆင်းစေသည့် အခြားသောအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၂)ရက်နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်း ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၅.၇% ကျဆင်းခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၃၁.၁၁)သို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၅.၉% ကျဆင်း ခဲ့ပြီး တစ်စည်လျှင်အမေရိကန်ဒေါ်လာ(၃၃.၆၇)သို့ ရောက်ရှိခဲ့ကြောင်း www.channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။