ကူးစက်မြန် COVID-19 ရောဂါ ဖြစ်ပွားမှုဂယက်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီ(၂) လတာကာလအတွင်း တရုတ်ပြည်သူ(၅) သန်းခန့် အလုပ်လက်မဲ့ဖြစ်ခဲ့မှု

          ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၆)ရက်တွင် တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဌာနက ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ ကူးစက်မြန် COVID-19 ရောဂါဖြစ်ပွားမှုဂယက်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလတို့အတွင်း တရုတ်နိုင်ငံရှိစက်ရုံအလုပ်ရုံများ၌ လုပ်ငန်းများရပ်ဆိုင်းခဲ့သည့်အတွက် တရုတ်ပြည်သူ(၅)သန်းနီးပါးခန့်မှာ အလုပ်လက်မဲ့များဖြစ်ခဲ့သည်ဟု သိရှိရပါသည်။

          တရုတ်နိုင်ငံအမျိုးသားစာရင်းအင်းဌာန၏ကြေညာချက်အရ တရုတ်နိုင်ငံတစ်ဝန်း အလုပ် လက်မဲ့နှုန်းမှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၌ ၅.၂% ခန့်ရှိခဲ့ရာမှ  COVID-19 စတင်ပျံ့နှံ့လာသည့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင်၅.၃% သို့ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလတွင် ၆.၂% အထိ စံချိန်တင်မြင့်တက် လာခဲ့ကြောင်း၊ ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလကုန်အထိကာလအတွင်း တရုတ်နိုင်ငံ၌ အလုပ်လက်မဲ့ဖြစ်ခဲ့သူအရေအတွက်မှာ (၄.၆၇)သန်းခန့်ရှိသည်ဟု  သိရှိရပါသည်။

          လက်ရှိအချိန်၌တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နေပြီဖြစ်သော်လည်း ပုံမှန်အနေအထားသို့ ရောက်ရှိခြင်းမရှိသေးကြောင်း၊တရုတ်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလ(၂)လတာကာလအတွင်း စက်မှုကုန်ထုတ်ကဏ္ဍကျဆင်းခဲ့ခြင်း၊ ကုန်စည်လက်လီရောင်းချရမှုကျဆင်းခဲ့ခြင်းနှင့် အလုပ်လက်မဲ့ပမာဏ မြင့်တက်ခဲ့ခြင်းတို့ကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်အစိုးရ၏ စီးပွားရေးတိုးတက်မှုနှုန်းမျှော်မှန်းချက်ကို ပြည့်မီနိုင်ဖွယ်မရှိသည့်အပြင် ရောဂါပြဿနာကြောင့် တရုတ်ပြည်သူ(၉)သန်းခန့်အထိ အလုပ်လက်မဲ့ဖြစ်နိုင်သည်ဟု အချို့သော စီးပွားရေး ပညာရှင်များက ခန့်မှန်းထားကြကြောင်း ဖော်ပြပါရှိပါသည်။