အမေရိကန် Pfizer နှင့် ဂျာမန် BioNTech ဆေးဝါးကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးမှာ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂနိုင်ငံများ၌ အရေးပေါ်အသုံးပြုခွင့် ရရှိဖွယ်ရှိပြီး ယခု နှစ်ခရစ္စမတ်မတိုင်မီဖြန့်ချိနိုင်ဖွယ်ရှိကြောင်း

အမေရိကန် Pfizer နှင့် ဂျာမန် BioNTech ဆေးဝါးကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးမှာ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂနိုင်ငံများ၌ အရေးပေါ် အသုံးပြုခွင့် ရရှိဖွယ်ရှိပြီး ယခုနှစ် ခရစ္စမတ်မတိုင်မီ ဖြန့်ချီနိုင်ဖွယ်ရှိကြောင်း

အမေရိကန် Pfizer နှင့် ဂျာမန် BioNTech ဆေးဝါးကုမ္ပဏီတို့သည် ၎င်းတို့ပူးပေါင်းထုတ်လုပ်နေသည့် ကာကွယ်ဆေးနှင့် ပတ်သက်သည့် နောက်ဆုံးအဆင့် (Phase 3)စမ်းသပ်ချက်ရလဒ်များကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၈)ရက်တွင် ထပ်မံထုတ်ပြန်ခဲ့ရာ ၎င်းတို့၏ COVID-19 ကာကွယ်ဆေးသည် အသက်အရွယ် အပိုင်းအခြားမရွေး၊ နေရာဒေသမရွေး၊ လူဖြူလူမည်းမရွေး အာနိသင်ထိရောက်မှု ၉၅% ခန့်ရှိပြီး ပြင်းထန်သောဘေးထွက် ဆိုးကျိုးများဖြစ်ပေါ်ခြင်းမရှိကြောင်း၊ ထို့ကြောင့် လာမည့်ဒီဇင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂနိုင်ငံများ၌ အရေးပေါ်အသုံးပြုခွင့်ရရှိဖွယ်ရှိပြီး ယခုနှစ် ခရစ္စမတ်မတိုင်မီဖြန့်ချိနိုင်ဖွယ်ရှိသည်ဟု အဆိုပါဆေးဝါးကုမ္ပဏီများက ပြောကြားခဲ့ကြောင်း၊

BioNTech ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် အူဂါဆာဟင်က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၈)ရက် တွင်ပြောကြားရာ၌ မိမိတို့၏ ကာကွယ်ဆေးအား အရေးပေါ် အသုံးပြုခွင့်ပေးရန် အမေရိကန် ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ထံ နိုဝင်ဘာလ (၂၀)ရက်တွင် ခွင့်ပြုချက် တောင်းခံသွားမည်ဖြစ်ပြီး လာမည့်ဒီဇင်ဘာ လလယ်ပိုင်းခန့်တွင် အမေရိကန် FDA ထံမှ အရေးပေါ် အသုံးပြုခွင့် ရရှိဖွယ်ရှိကြောင်း၊ အလားတူ ဥရောပသမဂ္ဂသည်လည်း လာမည့်ဒီဇင်ဘာလ ဒုတိယ လဝက်ခန့်အတွင်း မိမိတို့၏ ကာကွယ်ဆေးအား အရေးပေါ် အသုံးပြုရန် ခွင့်ပြုသွားဖွယ်ရှိကြောင်း၊ ထို့ကြောင့် မိမိအမြင်အရ ကာကွယ်ဆေးနှင့် ပတ်သက်၍ အခြေအနေ အရပ်ရပ် အားလုံးချွင်းချက်မရှိ ကောင်းမွန်နေမည်ဆိုပါက အရေးပေါ် အသုံးပြုခွင့်များက လာမည့် ဒီဇင်ဘာလအတွင်း ရရှိနိုင်မည်ဖြစ်ပြီး လာမည့်ခရစ္စမတ်နေ့ မတိုင်မီတွင် ဖြန့်ချိနိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့ကြောင်း၊ Pfizer-BioNTech တို့၏ ကာကွယ်ဆေးသည် FDA ၏ အရည်အသွေး သတ်မှတ်ချက်များထက်ပင် ပိုမိုကောင်းမွန်လျက်ရှိသည်ဟု အခြားဆေးဝါးသုတေသန ပညာရှင်များက သုံးသပ်ထားကြကြောင်း၊

အမေရိကန် FDA ရှိ အကြံပေးကော်မတီသည် Pfizer-BioNTech ကုမ္ပဏီတို့၏ COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်၍ လာမည့် ဒီဇင်ဘာလ(၈)ရက်မှ (၁၀)ရက်နေ့အတွင်း တွေ့ဆုံ ဆွေးနွေးသွားရန် ယာယီ စီစဉ်ထားသည်ဟူသော သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း အမေရိကန် FDA ကမူ တစ်စုံတစ်ရာ အတည်ပြု ထုတ်ပြန်ပြောကြားခြင်း မရှိသေးကြောင်း၊

အလားတူ အမေရိကန် ဆေးကုမ္ပဏီကြီးဖြစ်သော Moderna သည် ၎င်းစမ်းသပ် ထုတ်လုပ်နေသည့် COVID-19 ကာကွယ်ဆေး၏ အာနိသင် ထိရောက်မှာ ၉၄.၅% ရှိသည်ဟု ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ အမေရိကန် FDA သည် Pfizer-BioNTech တို့၏ ကာကွယ်ဆေးအား အရေးပေါ် အသုံးပြုခွင့် ပေးပြီးနောက် (၇)ရက်မှ (၁၀)ရက်ခန့် ကာလအတွင်း Moderna ၏ ကာကွယ်ဆေးကိုပါ အရေးပေါ် အသုံးပြုခွင့် ထုတ်ပေးဖွယ်ရှိကြောင်း၊ ထို့ကြောင့် Moderna သည် FDA ထံမှ ခွင့်ပြုချက် ရရှိသည့်အချိန်မှစ၍ (၂၄)နာရီ အတွင်း ဖြန့်ချီရေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်ဟု သိရှိရကြောင်း၊

Pfizer – BioNTech ကုမ္ပဏီတို့၏ COVID-19 ကာကွယ်ဆေးကို အေးခဲမှတ် အနုတ်(၇၀) ဒီဂရီ ဆဲလ်စီးယက်ဖြင့်သာ အာနိသင် မပျက် ကာလရှည်ထားသို သိမ်းဆည်းနိုင်မည် ဖြစ်သော်လည်း သာမန်ရေခဲ သေတ္တာအတွင်း(၅)ရက်ခန့်နှင့် သင်္ဘောများရှိအအေးခန်းများတွင်(၁၅)ရက်အထိ ထားသိုသိမ်းဆည်းနိုင်ကြောင်း၊ Moderna ၏ ကာကွယ်ဆေးမှာမူ အနုတ်(၂၀)ဒီဂရီ ဆဲလ်စီးယက်ဖြင့် (၆)လခန့် အာနိသင်မပျက် သိမ်းဆည်းနိုင်ပြီး (၂)ဒီဂရီ ဆဲလ်စီးယက်မှ (၈)ဒီဂရီ ဆဲလ်စီးယက်အတွင်း သိမ်းဆည်းမည်ဆိုပါက ရက်ပေါင်း (၃၀)အထိ အာနိသင်မပျက် တည်ရှိနေမည်ဟု သိရှိရကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

source: www.reuters.com