အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ နှစ်(၇၀)ပြည့် ဌာနနှစ်ပတ်လည်နေ့ ဂုဏ်ပြုဆောင်းပါး

“ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကျိုးလို့”

         လူတို့၏ လောဘ၊ ဒေါသ၊ မောဟတရားများ အားကြီးမှုသည် အမှုအခင်းများ ဖြစ်ရခြင်း၏ အခြေခံဖြစ်ပေသည်။ လောဘအားကောင်းသူသည် အလိုရမက် ကြီးမားပြီး မိမိ၏အကျိုး အတွက်ကိုသာ ဦးတည်လုပ်ဆောင်ပေသည်။ ဒေါသအား ကောင်းသူသည်လည်း စိတ်ကိုထိန်းကျောင်းမှုမရှိဘဲ စိတ်နောက်လိုက်၍ လုပ်ဆောင်ကြသည်။ မောဟအား ကောင်းသူသည် မှန်သည်၊ မှားသည် စသည်ဖြင့် အမှားအမှန်ကို ဆင်ခြင်တွေးတော နိုင်မှုမရှိဘဲ တွေဝေမိန်းမောကာ လုပ်ဆောင်ကြပေသည်။ လောဘ၊ ဒေါသ၊ မောဟတို့ ဖုံးလွှမ်းလာခြင်းကြောင့် အမှုအခင်း အကြီးအငယ်တို့ မပျောက်ကွယ် မဆိပ်သုဉ်းဘဲ အစဉ်ရှိနေခြင်း ဖြစ်ပေသည်။

မိမိတို့နိုင်ငံတွင်လည်း ရှေးယခင်ကတည်းက လောဘ၊ ဒေါသ၊ မောဟတို့ကြောင့် အမှုအခင်း များဖြစ်ပေါ်ခဲ့ရာ အစိုးရအသီးသီးက ဥပဒေများထုတ်ပြန်ကာ ထိန်းသိမ်းပေး နေရပေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု ကာလ၌ပင် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စီးပွားရေးသမား များပူးပေါင်း၍ လောဘအခြေပြု အမှုအခင်းများ ကျူးလွန်ခဲ့ပေသည်။ နိုင်ငံပိုင်ပစ္စည်းများ၊ အများပြည်သူပိုင် ပစ္စည်းများ၊ ပြည်သူ့ဘဏ္ဍာငွေများ များစွာဆုံးရှုံး ခဲ့ရသည်အထိ ဖြစ်ပေါ်ခဲ့ပြီး အဂတိ လိုက်စားမှုများလည်း ဖြစ်ပေါ်ခဲ့ပေသည်။ နိုင်ငံပိုင်နှင့် အများပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုကြီးမား လာသည့်အခါ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ဦးဆောင်၍ စီမံကိန်းများ ချမှတ်ရေးဆွဲခြင်း၊ ဥပဒေ များပြဌာန်း၍ ဖမ်းဆီးရေးအဖွဲ့များ ဖွဲ့စည်း၍ အရေးယူဆောင်ရွက် ခဲ့ရပေသည်။ ဤသို့နှင့် ၁၉၅၁ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်တွင် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန ပေါ်ပေါက်လာပြီး အဂတိလိုက်စား သည့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝိသမ လောဘသား စီးပွားရေးသမားများကို စုံစမ်းဖော်ထုတ် အရေးယူခဲ့ပေသည်။

အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနသည် စတင်ဖွဲ့စည်း ပေါ်ပေါက်လာချိန်မှစ၍ လောဘရှေ့ထား ကျူးလွန်သော အမှုများဖြစ်သည့် လာဘ်ပေး လာဘ်ယူမှုများ၊ စီးပွားရေးဆိုင်ရာ မသမာမှုများ၊ ကုန်ဈေးနှုန်းများ ကမောက်ကမ ဖြစ်အောင် တရားမဲ့ ဆောင်ရွက်မှုများကို အစဉ်တစိုက် စောင့်ကြည့် စုံစမ်းဖော်ထုတ် အရေးယူလျက် ရှိပေသည်။ စစ်ဆင်ရေးကြီးများ အသွင်ဖြင့်လည်းကောင်း၊ စုံစမ်းစစ်ဆေးမှုများ ဖြင့်လည်းကောင်း၊ အထက်အဆင့်ဆင့်က ပေးအပ်လာသည့် တာဝန်များနှင့် ဦးစီးဌာနသို့ တိုက်ရိုက် တိုင်ကြားချက်များအပေါ် တာဝန်ကျေစွာ ဆောင်ရွက်လျက် ရှိသည့်အဖွဲ့အစည်း ဖြစ်ပေသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ ဌာနဝင်အရာရှိ များသည် စတင်ဖွဲ့စည်းစဉ် ကတည်းက “အခါခပ်သိမ်း ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်တကွ တရားဥပဒေကို  ထိန်းသိမ်းစောင့်ရှောက်ပါမည်၊ နိုင်ငံတော်၏ အမှုတော်ကို လည်းကောင်း၊ တရားဥပဒေအရ အပ်နှင်းထားသော အာဏာနှင့် တာဝန်ဝတ္တရား များကိုလည်းကောင်း၊ ရိုးသားဖြောင့်မတ် တည်ကြည်မှန်ကန်စွာ မျက်နှာကြီးငယ် မရွယ်မထောက်၊ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ ဂတိများသို့မလိုက် ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ကျေကုန်အောင် ထမ်းဆောင်ပါမည်” ဟု လေးနက်တည်ကြည်စွာ ကျမ်းသစ္စာ ကျိမ်ဆိုခဲ့ကြရပေသည်။

ကျိမ်ဆိုခဲ့သည့် ကျမ်းသစ္စာအရ မျက်နှာကြီးရာ ဟင်းဖတ်မပါခဲ့သည့် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနသည် အမှုကြီးငယ်များကို ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေး ဖော်ထုတ်ခဲ့ပြီး ဖြစ်သည့်အပြင်  “စိစစ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ ဥပဒေအကြံပေးခြင်း၊ တရားစွဲတင်ခြင်းနှင့် တရားရုံးအမှုလိုက်ပါ ဆောင်ရွက်ခြင်း၊ သတင်းထောက်လှမ်း စုဆောင်းတင်ပြခြင်း၊ နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လုံခြုံရေးပူးပေါင်း ဆောင်ရွက်ခြင်း ” စသည့် အဓိက လုပ်ငန်း တာဝန်များကို “ဖြစ်ရပ်မှန် ပေါ်ပေါက်အောင် စုံစမ်းဖော်ထုတ်၍ တာဝန်ရှိသူများကို ပြစ်မှု ကြောင်းနှင့် ဌာနဆိုင်ရာအရ အရေးယူနိုင်ရေး၊ ပြစ်မှုတွင် အကျုံးဝင်သည့် ငွေကြေးနှင့် ပစ္စည်းများ ပြန်လည်သိမ်းဆည်း နိုင်ခြင်းဖြင့် ဆုံးရှုံးသွားသော ပြည်သူ့ဘဏ္ဍာများ ပြန်လည်ရရှိရေး၊ ဖြစ်ရပ်သည် မည်သည့်အကြောင်း ကြောင့်ဖြစ်ရသည်၊ မည်သူ့တွင် တာဝန်ရှိသည်၊ မည်သို့ပြုပြင် သင့်သည်တို့ကို ဖော်ထုတ်သုံးသပ်၍ နောင်အလားတူ ဖြစ်ရပ်မျိုး မပေါ်ပေါက်စေရန် စီမံခန့်ခွဲရေးအပိုင်းမှ ကြိုတင်တားဆီး ကာကွယ်နိုင်ရေး” စသည့် ရည်ရွယ်ချက်များဖြင့် မှန်မှန်ကန်ကန် ဆက်လက် ဆောင်ရွက်လျက် ရှိပေသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် အောက်ပါတိကျသည့် မူဝါဒများကိုလည်း ချမှတ်ပြီး စွမ်းရည်အပြည့်ဖြင့် မူဝါဒများအောင်မြင်ရေး မမှိတ်မသုန် ကြိုးပမ်းနေပေသည်-

  • နိုင်ငံတော်အစိုးရ၏ စီးပွားရေးမူဝါဒများ အောင်မြင်စေရေး အစွမ်းကုန် ကာကွယ် စောင့်ရှောက်ရန်၊
  • ပြည်သူပိုင်နှင့် အများနှင့်သက်ဆိုင်သော ပစ္စည်းများကို ခိုးယူခြင်း၊ အလွဲသုံးစားပြုခြင်း၊ လိမ်လည်ခြင်း၊ တရားမဝင် လက်ဝယ်ထားရှိခြင်း၊ အကျိုးဖျက်စီးခြင်းများကို ကာကွယ်စောင့်ရှောက်ရန်နှင့် စုံစမ်းဖော်ထုတ် အရေးယူရန်၊
  • ပြည်သူ့ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းစေရန်နှင့် အကျင့်စာရိတ္တ ကြံ့ခိုင်စေရန်၊
  • ကုန်ပစ္စည်းများ တရားမဝင်တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ နိုင်ငံခြားငွေများ တရားမဝင် လဲလှယ်ခြင်း၊ အခြားတရားမဝင်သော နည်းလမ်းများဖြင့် စီးပွားရှာခြင်း၊ ကုန်ဈေးနှုန်းများ ကမောက်ကမဖြစ်အောင် ဆောင်ရွက်ခြင်းစသည့် စီးပွားရေးမသမာမှုများကို စုံစမ်းဖော်ထုတ်၍ တရားဥပဒေ နှင့်အညီ အရေးယူရန်၊

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် အစဉ်အဆက် လူရိုသေရှင်ရိုသေ အဖွဲ့အစည်း အဖြစ် သိက္ခာရှိစွာ ရပ်တည်လာခဲ့သည်မှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့တွင် နှစ်(၇၀)ပြည့်ခဲ့ပြီ ဖြစ်သည်။ ဌာနဝင်အရာရှိများ အဆက်ဆက်၏ နိုင်ငံတော်နှင့် ပြည်သူအပေါ် သစ္စာစောင့်သိမှု၊ မိခင် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ဦးစီးဌာနကြီးအပေါ် သစ္စာစောင့်သိမှု၊ ဦးစီးဌာန၏ လုပ်ငန်းများအပေါ် စေတနာတရား ကြီးမားစွာထားပြီး စွမ်းစွမ်းတမံ မဆုတ်မနစ် ဆောင်ရွက်ခဲ့မှုတို့ကြောင့် ယနေ့အထိ နိုင်ငံတော်နှင့် အများပြည်သူက ယုံကြည်အားထားရသည့် အဖွဲ့အစည်း တစ်ရပ်အဖြစ် ဆက်လက် တည်ရှိနေသေးပေသည်။

ဦးစီးဌာနဝင် အရာရှိများအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးများ၊ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အကြီးအကဲများ၏ လမ်းညွှန်မှုများကို လိုက်နာ၍ ပြောင်းလဲလာသည့် နည်းပညာများ၊ ခေတ်ရေစီးကြောင်းနှင့် ကာလအခြေအနေ များအပေါ် မျက်ခြည်မပြတ် လေ့လာသင်ယူနေပြီး မိမိတို့ဆောင်ရွက်ရသည့် လုပ်ငန်း တာဝန်များအပေါ် စိတ်စေတနာ သန့်သန့်၊ အတွေးအခေါ် အယူအဆ သန့်သန့်ဖြင့် ကောင်းရာကောင်းကြောင်း ရည်ရွယ် ဆောင်ရွက်ကြဖို့၊ အများပြည်သူ အထင်အမြင် မလွဲမှားစေရေး ဥပဒေနှင့်အညီ ဖြစ်စေဖို့၊ ဦးစီးဌာနကြီး အဓွန့်ရှည် ရပ်တည်နိုင်ဖို့၊ အထူးသဖြင့် ဝန်ထမ်းများ အနေဖြင့် တာဝန်ဝတ္တရားများ ထမ်းဆောင်ရာတွင် အမှန်တရား အတိုင်း ဘက်လိုက်မှုမရှိဘဲ အကောင်းကိုသာ ဦးတည်လုပ်ဆောင် နိုင်ကြစေဖို့ အောက်ပါ လောကသာရ ဆုံးမစာကို စံပြုကျင့်ကြံကြ စေရန် တိုက်တွန်းလိုက်ရပေသည်။

 

အသက်ရှည်စွာ ၊ အနာမဲ့ကြောင်း

ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ

ကွပ်ဆုံးမသား။

မိဘဆရာ၊ စကားနာ၍

ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့။

ပေါ်လွင်မပြု၊ ကောင်းရာတုလျက်

ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကျိုး၍

ကောင်းကျိုးကိုယ်၌၊ တည်စေမင်း။

#သန်းထွဋ်ဝင်း