Omicron မျိုးကွဲ BA.1 ကူးစက်ပြီးသူများတွင် BA.2 ကူးစက်မှုထပ်မံဖြစ်ပေါ်နိုင်သည်ဟု ဒိန်းမတ် သုတေသနပညာရှင်များက ပြောကြား

 

လူတစ်ဦးတစ်ယောက် အနေဖြင့် ပထမအကြိမ် Omicron(BA.1) ကူးစက်ခံရပြီးနောက် ထပ်မံကူးစက် ခံရတော့မည်မဟုတ်ဟု ယူဆထား၍မရဘဲ ဒုတိယအကြိမ် ထပ်မံကူးစက်ခံရ နိုင်ဖွယ် ရှိသည်ဟု ဒိန်းမတ်နိုင်ငံ ကူးစက်ရောဂါ ကာကွယ်ရေးဌာန (Statens Serum Institut – SSI)မှ သုတေသန ပညာရှင်များက ပြောကြားခဲ့ကြောင်း၊ သို့သော် ယင်းနှစ်ကြိမ်ကူးစက်မှုမှာ ကြုံတောင့်ကြုံခဲ ရှားရှားပါးပါး ဖြစ်စဉ်မျှသာ ဖြစ်သည်ဟု သိရှိရပါသည်။

SSI မှ သုတေသနပညာရှင်များ၏ ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သည့် ကြေညာချက်၌ BA.1 နှင့် BA.2 နှစ်မျိုးစလုံး ကူးစက်ခံရသည့်ဖြစ်စဉ်များကို လေ့လာရာ၌  ပထမအကြိမ် နှင့် ဒုတိယ အကြိမ်ကူးစက်မှုမှာ အနည်းဆုံးရက်ပေါင်း(၂၀) မှ အများဆုံး ရက်ပေါင်း(၆၀)ခန့် ခြား၍ ဖြစ်ပေါ်ခြင်း ဖြစ်ကြောင်း၊ ကူးစက်မှုနှစ်ကြိမ် ကြုံတွေ့ရသူများမှာ ပထမအကြိမ်တွင် BA.1 ကူးစက်ခံရပြီး ဒုတိယအကြိမ်တွင် BA.2 ကို ထပ်မံကူးစက် ခံရခြင်းဖြစ်ကြောင်း၊ ယင်းသို့ ကူးစက်ခံရသူအများစုမှာ လူငယ်များ နှင့် ကာကွယ်ဆေး မထိုးနှံထားသူများဖြစ်ကြကြောင်း၊ သို့သော် ရောဂါ ကူးစက်မှုနှစ်ကြိမ် ကြုံတွေ့ရသူများအနေဖြင့် ရောဂါကို ပြင်းထန်စွာခံစားရခြင်း၊ ဆေးရုံတက်ရောက် ကုသရခြင်းများ မရှိဘဲ အပျော့စားရောဂါဝေဒနာများသာ ဖြစ်ပေါ်ခံစားခဲ့ကြကြောင်း၊ အလားတူ ပထမအကြိမ် နှင့် ဒုတိယအကြိမ် ကူးစက်ခံရမှု၌ ရောဂါခံစားရမှု အတိုင်းအတာမှာလည်း အတူတူပင်ဖြစ်ကြောင်း၊  ထို့ပြင် BA.1 ဖြစ်ပွားပြီးသူများ၌ BA.1  ပင် ထပ်မံဖြစ်ပွား တတ်ကြောင်းကိုလည်း တွေ့ရှိခဲ့ရသည်ဟု သိရှိရပါသည်။

အလားတူ အင်္ဂလန်နိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကူးစက်ရောဂါကာကွယ်ရေး အေဂျင်စီ၏ ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေး Pfizer ၏ အာနိသင်သည် BA.1 နှင့်  BA.2  နှစ်မျိုးစလုံးအပေါ်၌ အခြား ကိုဗစ်-၁၉ ရောဂါပိုး များနှင့် နှိုင်းယှဉ်ပါက ထိရောက်မှုအနည်းငယ် လျော့နည်းသည်ကို လေ့လာတွေ့ရှိခဲ့ကြောင်း၊ Booster shot ထိုးနှံပြီး ရက်သတ္တပတ်(၂)ပတ် အကြာတွင် Pfizer ၏ အာနိသင်သည် BA.1 အပေါ် ၌ ထိရောက်မှု ၆၉% နှင့် BA.2  အပေါ်၌ ထိရောက်မှု ၇၄% အသီးသီးရှိသည်ဟု သိရှိရပါသည်။

တစ်ကျော့ပြန်ရောဂါ ကူးစက်မှုနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ပြောကြားချက်အရ လူ့ကိုယ်ခန္ဓာအတွင်းသို့ ပထမဦးစွာ ရောဂါပိုးစတင် ဝင်ရောက်ကူးစက်ချိန်တွင် ခန္ဓာကိုယ်တွင်းရှိ အလိုအလျောက် ခုခံအားစနစ်က ဦးစွာ ကာကွယ်မှုများကို လုပ်ဆောင်ကြောင်း၊ ယင်းနောက်တွင်မှ B cell နှင့် T cell ဟုခေါ်သော သွေးဖြူဥများကို လှုံ့ဆော်ထွက်ပေါ်လာစေကာ ခုခံအားစနစ် (Immune System or Antibody)ကို ဖြစ်ပေါ်စေကြောင်း၊ သို့သော် အဆိုပါ Immune System သည် အချိန် အတိုင်းအတာ တစ်ခုအထိသာ ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေနိုင်ပြီး အချိန် ကာလ(၃)လမှ (၆)လခန့် ကြာမြင့်ပြီးနောက်တွင် ပြန်လည်မှေးမှိန် လျော့ကျသွားကြောင်း၊ ယင်းသို့ Immune System လျော့ကျ သွားသည့်အချိန်တွင် ရောဂါပိုးနှင့် ထိတွေ့မိပါက တစ်ကျော့ပြန် ရောဂါကူးစက်ခြင်းကို ကြုံတွေ့ခံစား ရနိုင်သည်ဟု သိရှိရပါသည်။

WHO စာရင်းအချက်အလက်များအရ BA.2 သည် ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း (၇၄)နိုင်ငံသို့ ပျံ့နှံ့ရောက်ရှိကြောင်း၊ ယခုရက်သတ္တပတ် အတွင်း ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်မှု အသစ်များ၏ ၃၅% မှာ BA.2  ကူးစက်မှုဖြစ်သည်ဟု သိရှိရကြောင်း www.fortune.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။