(၇၁)နှစ်မြောက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန နှစ်ပတ်လည်နေ့ ဂုဏ်ပြုဆောင်းပါး

ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ

 

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကို ၁၉၅၁ ခုနှစ်၊ စက်တင်ဘာ လ (၁)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်နှင့် အများပြည်သူ အကျိုးအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ထမ်းဆောင်နေသည့် တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်း ဖြစ်ပါသည်။ ဦးစီး ဌာနကြီး ဖွဲ့စည်းပြီးနောက် ၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့၌ ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ ရှေ့မှောက်တွင် “ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်တကွ တရားဥပဒေများကို ထိန်းသိမ်း စောင့်ရှောက်ပါမည်၊ နိုင်ငံတော်၏ အမှုတော်ကို လည်းကောင်း၊ တရားဥပဒေအရ အပ်နှင်းထားသော အာဏာနှင့် တာဝန်ဝတ္တရား များကိုလည်းကောင်း၊ ရိုးသားဖြောင့်မတ် တည်ကြည် မှန်ကန်စွာ မျက်နှာကြီးငယ် မရွယ်မထောက်၊ ဆန္ဒာ၊ ဒေါသ၊ ဘယာ၊ မောဟ၊ ဂတိများသို့မလိုက် ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ ကျေကုန်အောင် ထမ်းဆောင်ပါမည်” ဟု ဌာနဝင်အရာရှိများက ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါသည်။ ဆိုခဲ့သည့် ကျမ်းသစ္စာ အတိုင်းလည်း တိမ်းစောင်း တွန့်ဆုတ်မှုမရှိ ကျေကုန်အောင် ထမ်းဆောင်လျက် ရှိပါသည်။

ဌာနဝင်အရာရှိများအနေဖြင့် နိုင်ငံတော်၊ အများပြည်သူနှင့် ဌာနအပေါ် သစ္စာရှိစေရန် ရည်ရွယ်၍ ဦးစီးဌာန၏ ဆောင်ပုဒ်ကို “သစ္စံ၊ ဓမ္မော၊ ဓိတိ၊ စာဂေါ၊ ဇေယျော” ဟု သတ်မှတ်ခဲ့ပြီး ဌာနဝင်အရာရှိများ ဆောင်းသည့် ဦးထုပ်တံဆိပ်တွင် “ မင်းမှာသစ္စာ၊ လူမှာကတိ” စာတန်းကို ဖော်ပြထားပါသည်။ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၏ စုံစမ်းစစ်ဆေးမှု လုပ်ငန်းများသည် အမှန်တရား ပေါ်ပေါက်ရေးကို အလေးထားကြောင်း ဖော်ညွှန်းသည့်အနေဖြင့် ဦးစီးဌာန၏ ဆောင်ပုဒ်ကို “စုံစမ်းခြင်းသည် အမှန်တရားကို ရှာဖွေခြင်းဖြစ်သည်” ဟု ပြောင်းလဲသတ်မှတ်ခဲ့ပြီး စုံစမ်းစစ်ဆေးရသည့် ဖြစ်စဉ်၊ ဖြစ်ရပ်နှင့် လူပုဂ္ဂိုလ်များမှာ အမှန်တစ်ကယ် ပြစ်မှုမြောက် ကြောင်း၊ ကျူးလွန်ကြောင်း၊ ပြဋ္ဌာန်းထားသည့် ဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ထင်ရှားပေါ်လွင်စေမည့် သက်သေ အထောက်အထား အပြည့်အစုံရရှိရေးအတွက် စုဆောင်း တင်ပြခြင်းသာဖြစ်ပါသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် စီးပွားရေးဆိုင်ရာ ပြစ်မှုများ၊ ဝန်ထမ်းမသမာမှု များနှင့် ငွေကြေးခဝါချမှုများကို စုံစမ်းဖော်ထုတ်၍ ဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဖြစ်ရာ ဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်သော အဖွဲ့အစည်း (Law Enforcement Agency) ဖြစ်စေရေးအတွက် လုပ်ပိုင်ခွင့်ပေးထားသည့် အထူးစုံစမ်း စစ်ဆေးမှု အုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်း စစ်ဆေးရေးဌာန အက်ဥပဒေနှင့် တည်ဆဲဥပဒေ များ၏ဘောင်အတွင်းမှ ဆောင်ရွက်နေသည့် အဖွဲ့အစည်းလည်းဖြစ်ပါသည်။

စိစစ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ ဥပဒေအကြံပေးခြင်း၊ တရားစွဲတင်ပို့ခြင်းနှင့် တရားရုံး အမှုလိုက်ပါဆောင်ရွက်ခြင်း၊ သတင်းထောက်လှမ်း စုဆောင်းတင်ပြခြင်း၊ နိုင်ငံတော် တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ခြင်း စသည့်အဓိက လုပ်ငန်းတာဝန်များကို တိတိကျကျ မှန်မှန်ကန်ကန် ဆောင်ရွက်နေပြီး လိုအပ်ပါက မြန်မာနိုင်ငံစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန တို့အပါအဝင် အခြားဌာနများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စုံစမ်းစစ်ဆေး ပေါ်ပေါက်ချက်များကို သက်ဆိုင်ရာ တရားရုံးများက အရေးယူနိုင်ရေး တရားစွဲတင်ပို့ရာတွင် ဌာနတွင်း ဥပဒေအကြံပြုချက် ရယူသကဲ့သို့ လိုအပ်ပါက ပြည်ထောင်စုရှေ့နေချုပ်ရုံး (ဥပဒေရေးရာ ဝန်ကြီးဌာန) မှလည်း ဥပဒေဆိုင်ရာ အကြံပြုချက်များရယူ၍ ဆောင်ရွက်လျက်ရှိပါသည်။ ဦးစီးဌာန၏ စုံစမ်းစစ်ဆေး ပေါ်ပေါက်ချက်၊ ဌာနတွင်း အကြံပြုချက်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး (ဥပဒေရေးရာဝန်ကြီးဌာန) ၏ ဥပဒေအကြံပြုချက်များကို ပေါင်းစပ်၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့သို့တင်ပြပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် ဘဏ္ဍာငွေရှာဖွေသည့် ဌာနမဟုတ်သော်လည်း  စုံစမ်းစစ်ဆေးရေး လုပ်ငန်းများမှ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အစိုးရ လက်ထက်တွင် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၉၇ ခုနှစ်၊ အောက်တိုဘာလအထိ မြန်မာ ကျပ်ငွေ သန်း ၂၅၀၀ ကျော် (၂.၅ ဘီလီယံ)၊ အမေရိကန်ဒေါ်လာ ၄၆၉ နှင့် စင်ကာပူဒေါ်လာ ၇၁၇၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၁ ခုနှစ်၊ မတ်လအထိ မြန်မာငွေကျပ် ၃၀,၃၉၅,၈၂၅ သန်း (၃၀,၃၉၅.၈၂၅ ဘီလီယံ)၊ အမေရိကန်ဒေါ်လာ ၁၄,၀၉၀,၇၂၇ ဒေါ်လာ ၊ FEC ၁၄၀,၆၂၇ ယူနစ် ၊ ယူရို ၂၆,၃၆၂ ၊ ထိုင်းဘတ် ၆,၅၅၃,၀၇၀ ၊ တရုတ်ယွမ် ၁၀၇,၈၁၂ ၊ စင်ကာပူဒေါ်လာ ၅၇၉၂ ၊ နီပေါရူပီး ၆၈ ၊ ဆော်ဒီရီယရ်လ် ၅၆ ၊ ကိုရီးယားဝမ် ၁၉,၀၀၀ ၊ အင်ဒိုနီးရှား ရူပီး ၁၀,၁၀၀ ၊ ဂျပန်ယန်း ၁၉၃,၀၀၀ နှင့် နိုင်ငံခြားငွေအချို့၊ အရပ်သားအစိုးရများ လက်ထက်တွင် ၂၀၁၁ ခုနှစ်၊ ဧပြီလမှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ မြန်မာကျပ်ငွေ ၂၁၅၉.၃၀၈ သန်း(၂.၁၅၉ ဘီလီယံ)၊ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ မြန်မာကျပ်ငွေ ၇၂၅၈.၄၉ သန်း (၇.၂၅၈ ဘီလီယံ)၊ အမေရိကန်ဒေါ်လာ ၆၄၀,၆၂၀ ၊ ယူရိုငွေ ၃၃,၀၀၀ ၊ ဂျပန်ယန်း ၅,၂၆၁,၀၀၀ (၅၂.၆ သန်း) ၊ မလေးရှားရင်းဂစ် ၂၈,၅၀၅ ၊ တရုတ်ယွမ် ၃၃,၁၉၃ ၊ အင်္ဂလန်နိုင်ငံသုံးငွေ ၆၁၀ စတာလင်ပေါင်၊ ထိုင်ဝမ်ဒေါ်လာ ၅၀,၇၀၀၊ ကိုရီးယားဝမ် ၁,၀၀၁,၀၀၀၊ ဟောင်ကောင်ဒေါ်လာ ၁၇,၁၀၀၊ ထိုင်းဘတ် ၃,၀၈၅,၁၆၃၊ ရူပီး ၂၉၀၀၊ စင်ကာပူဒေါ်လာ ၄၀၀ နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ လက်ထက်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအထိ မြန်မာငွေကျပ် ၉၀၈၂.၅ သန်း(၉.၀၈၂ ဘီလီယံ)၊ အမေရိကန်ဒေါ်လာ ၃၂၄,၅၄၇ ၊ စင်ကာပူ ဒေါ်လာ ၃၀၄၂ ၊ ဟောင်ကောင်ဒေါ်လာ ၁၀၀၀ ၊ ထိုင်းဘတ် ၃၂၀ ၊ မလေးရှားရင်းဂစ် ၆၃ ၊ တရုတ်ယွမ် ၁၀၀ နှင့် လာအိုကစ်ပ် ၁၀၀၀ တို့ကို မှုခင်းများအပေါ် စုံစမ်းစစ်ဆေး ပေါ်ပေါက်ချက် အရ နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ပါသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကြီး စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ ဌာနဝင်အရာရှိများ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှု၊ မဆုတ်မနစ်သော ဇွဲလုံ့လ၊ ဝီရိယတို့ဖြင့် ဆောင်ရွက်တတ်မှု၊ နိုင်ငံတော်နှင့် အများပြည်သူအကျိုးကို ရှေ့ရှု၍ သစ္စာရှိစွာ ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်မှု တို့ကြောင့် လူရိုသေရှင်ရိုသေ ဌာနကြီးအဖြစ် ရေရှည်ရပ်တည် နိုင်နေခြင်းဖြစ်ပါသည်။ ဌာနကြီး အဓွန့်ရှည်ရပ်တည်ပြီး အောင်မြင်မှုများ ဆက်လက်ရရှိရေးသည် မျိုးဆက်သစ် အရာရှိများ၏ သစ္စာရှိမှုနှင့် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ပေါ်၌သာ မူတည်ပေသည်။ ဌာနဝင်ဝန်ထမ်း တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် မြင့်မားလာပါက ဌာနကြီး၏ ပုံရိပ်လည်း တိုးတက်ကောင်းမွန် လာမည်ဖြစ်ပြီး ဌာနကြီး၏ ပုံရိပ်တိုးတက်လာပါက ဌာနဝင် ဝန်ထမ်းများအနေဖြင့် ဂုဏ်သိက္ခာ ရှိစွာ လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ရာ “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ” သဘောဖြစ်ပါသည်။ သို့ဖြစ်၍ ဌာနဝင်မျိုးဆက်သစ် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ အရည်အသွေးများ မြင့်မားလာစေရေး၊ ခေတ်နှင့်အညီ ပြောင်းလဲလာသည့် နည်းပညာများကို ကျွမ်းကျင်ပိုင်နိုင် စေရေး၊ အတွေးအခေါ် အယူအဆများမှန်ကန်ပြီး အဂတိတရားကင်းစွာဖြင့် ဆောင်ရွက် တတ်ကြစေရေး အမြဲမပြတ် လေ့ကျင့်ကြိုးပမ်း နေကြရမည်ဖြစ်ပါသည်။

 

သန်းထွဋ်ဝင်း
၁-၉-၂၀၂၂