ဦးစီးဌာနသမိုင်းအကျဉ်းချုပ်

ဦးစီးဌာနပေါ်ပေါက်လာပုံ

ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံလွတ်လပ်ရေးမရသေးမီကာလ ၁၉၄၇ ခုနှစ်တွင် စစ်အတွင်းက စစ်ဘေးစစ်ဒဏ်ခံခဲ့ရသော ပြည်သူလူထုအများစုသည် စာရိတ္တမဏ္ဍိုင် ကြံခိုင်မှုမရှိဘဲ အဘက်ဘက်မှပျက်စီးယိုယွင်းခဲ့ကြပါသည်။ ကုန်ပစ္စည်းအမျိုးမျိုးသိုလှောင်ရာ ပြည်သူ့ထောက်ပံ့ရေးဌာနတွင် ပြည်သူပိုင်ပစ္စည်းတန်ဖိုးသိန်းသန်းချီ၍ ဆုံးရှုံးနစ်နာစေသည့် ကိစ္စများ၊ ပြည်သူ့ဘဏ္ဍာငွေများစွာ ဆုံးရှုံးရသည့်ကိစ္စများနှင့် လာဘ်ပေးလာဘ်ယူပြုလုပ်သည့် အဂတိလိုက်စားမှုများ မကြာခဏဖြစ်ပွားခဲ့ပါသည်။ ထိုသို့သောအခြေအနေတွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံတော်၏အနာဂတ်ကောင်းစားရေးအတွက် “ဆိုရန်တိုဗီလာ”အဆောက်အဦ (ယခင် စာပေဗိမာန်အဆောက်အဦ၊ ယခု ဆက်သွယ်ရေး ကုမ္ပဏီ၊ ပြည်လမ်း၊ ဟံသာဝတီအဝိုင်းအနီး)တွင် စီးပွားရေးစီမံကိန်းများချမှတ်ရေးဆွဲသည့် အခါ စားသောက်ကုန်ဈေးနှုန်းကျဆင်းရေးကို အရေးကြီးဆုံးကိစ္စတစ်ရပ်အဖြစ် အကြောင်း ပြု၍ အစိုးရပိုင်ပစ္စည်းများ၊ ပြည်သူပိုင်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုမှ ကာကွယ်ရန်အထူး လိုအပ်ကြောင်း သုံးသပ်ခဲ့ပါသည်။