အခန်း (၂)

၇။ ။ (၁) ၁၉၄၅ ခုနှစ် ရဲအဖွဲ့အက်ဥပဒေတွင်သော်၎င်း၊ ရန်ကုန်မြို့ ရဲအဖွဲ့အက်ဥပဒေ တွင်သော် ၎င်းမည်သို့ပင်ပါရှိစေကာမူနိုင်ငံတော်သမတသည် အထူးစုံစမ်း စစ်ဆေးရေးဌာနကို ဖွဲ့စည်းရမည်။ ထိုဌာနသည် အဖွဲ့၏ ကြီးကြပ်အုပ်ချုပ်ခြင်း ကိုလိုက်နာလျက် ဤအက်ဥပဒေအရ ပြစ်မှုအရပ်ရပ်ကိုဖြစ်စေ၊ ပြည်သူ့ ပစ္စည်း နှင့်စပ်လျဉ်းသည့်ပြစ်မှုကိုဖြစ်စေ၊ ဇယား ၁ တွင်သီးခြား ဖော်ပြထား သည့် ပြစ်မှုကိုဖြစ်စေ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စုံစမ်းစစ်ဆေးရမည်။

(၂) ဌာနကို နိုင်ငံတော်သမ္မတက အခါအားလျော်စွာအမိန့်ဖြင့် သတ်မှတ်သည့် နည်းလမ်းအတိုင်းဖွဲ့စည်း၍ဌာနတွင် ယင်းသို့သတ်မှတ်ထားသည့် အရေ အတွက်ရှိသော ရာထမ်းမှုထမ်းများ ပါဝင်ရမည်၊ ထိုရာထမ်းမှုထမ်းများကို နည်းလမ်းတကျစာရင်း တင်သွင်းထားရှိရမည်၊ ထိုရာထမ်းမှုထမ်းများသည် နိုင်ငံတော်သမ္မတကသတ်မှတ်သည့်လစာကို ရရှိရမည်။

(၃) ဌာနဆိုင်ရာစီရင်အုပ်ချုပ်မှုကို ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက ခန့်ထားသည့် ညွှန်ကြားရေးဝန်ကအဖွဲ့၏ ကြီးကြပ်အုပ်ချုပ်ခြင်းကို လိုက်နာလျက်ဆောင် ရွက် ရမည်။

၈။ ။ နိုင်ငံတော်သမ္မတသည် ဌာနဆိုင်ရာစီရင်အုပ်ချုပ်မှုတွင်ညွှန်ကြားရေးဝန်အား ကူညီရန် မိမိသင့်သည် ထင်မြင်သည့်အရေအတွက်ရှိသော ဒုတိယညွှန်ကြားရေးဝန်များနှင့် လက်ထောက်ညွှန်ကြားရေးဝန်များကိုခန့်ထားနိုင်သည်၊ အဆိုပါဒုတိယညွှန်ကြားရေးဝန် များနှင့် လက်ထောက် ညွှန်ကြားရေးဝန်များသည် ညွှန်ကြားရေးဝန်၏ လက်အောက်ခံဖြစ်၍ ညွှန်ကြားရေးဝန်၏ ကြီးကြပ် အုပ်ချုပ်ခြင်းကိုခံရမည့်ပြင်မိမိတို့အား နိုင်ငံတော်သမ္မတက အပ်နှင်းထားသည့် အာဏာများနှင့် တာဝန်ဝတ္တရားများကိုလည်း သုံးစွဲဆောင်ရွက်ရမည်။

၉။ ။ (၁) ဒုတိယညွှန်ကြားရေးဝန်များနှင့်လက်ထောက်ညွှန်ကြားရေးဝန်များ၏လက်အောက် တွင် အောက်ပါဌာနဆိုင်ရာ အရာရှိအဆင့်အတန်းများရှိရမည်။

(က)   အထက်တန်းစုံစမ်းစစ်ဆေးရေးအရာရှိများ

(ခ)    အောက်တန်းစုံစမ်းစစ်ဆေးရေးအရာရှိများ

(ဂ)    လက်ထောက်စုံစမ်းစစ်ဆေးရေးအရာရှိများ

  • (၂)     ပုဒ်မခွဲ (၁)တွင်ဖော်ပြထားသည့် အရာရှိအသီးသီးသည် မိမိအထက်ကဆက် လျက်ဖော် ပြထားသည့်  အရာရှိအောက်အဆင့်အတန်းနိမ့်ရမည့်အပြင် မိမိအထက် ကဖော်ပြထား သည့် အရာရှိ၏ လက်အောက်ခံလည်းဖြစ်ရမည်။

၁၀။   နိုင်ငံတော်သမ္မတက ဒုတိယညွှန်ကြားရေးဝန်များနှင့်လက်ထောက်ညွှန်ကြားရေးဝန် များခန့်ထားခြင်း၊ ရာထူး တိုးမြှင့်ပေးခြင်းနှင့် ရွှေ့ပြောင်းခြင်းပြုလုပ်ရမည်။

၁၁။ ။ (၁)     အဖွဲ့၏ကြီးကြပ်အုပ်ချုပ်ခြင်းကိုလိုက်နာ၍ ညွှန်ကြားရေးဝန်ကဌာနဆိုင်ရာ လက်အောက်ရာထူးအဆင့်အတန်းများရှိ အရာရှိများခန့်ထားခြင်း၊ ရာထူး တိုးမြှင့်ပေးခြင်းနှင့်ရွှေ့ပြောင်းခြင်းပြုလုပ်ရမည့်ပြင်အဆိုပါ ကြီးကြပ်အုပ်ချုပ် ခြင်းကို လိုက်နာလျက် တာဝန်ဝတ္တရားဆောင်ရွက်ရာတွင် ပျက်ကွက်သည်ဟူ၍ သော်၎င်း၊ ပေါ့လျော့သည်ဟူ၍သော်၎င်း၊ တာဝန်ဝတ္တရားဆောင်ရွက်ရန် မသင့်တော်ဟူ၍ သော်၎င်း မိမိထင်မြင်သော အဆိုပါအရာရှိတဦးဦးကိုလည်း ရာထူးမှခေတ္တချထားခြင်း သို့တည်းမဟုတ် လျော့ချခြင်း သို့တည်းမဟုတ် ထုတ် ပယ်ခြင်း သို့တည်းမဟုတ်  အမြဲတန်းထုတ်ပယ်ခြင်းပြုနိုင်သည် သို့တည်းမဟုတ် တာဝန်ဝတ်တရားကို မလေးစား သည့် သို့တည်းမဟုတ် ပေါ့ပေါ့ဆဆ ဆောင်ရွက် သည့် သို့တည်းမဟုတ်မိမိ၏ ပရောဂ ကြောင့်တာဝန်ဝတ္တရား ဆောင်ရွက်ရန် မသင့်တော်အောင်ဖြစ်ရသည့် အရာရှိအား ပုဒ်မခွဲ(၂)အရပြုလုပ်သည့် နည်း ဥပဒေများဖြင့် ပြဌာန်းထားသော ပြစ်ဒဏ်တခုခု ကိုဖြစ်စေ၊ တခုထက်ပို သော ပြစ်ဒဏ်များကို ဖြစ်စေပေးနိုင်သည်။

(၂)     နိုင်ငံတော်သမ္မတ၏ သဘောတူညီချက်ကို ကြိုတင်ရယူ၍ ညွှန်ကြားရေးဝန် သည် အောက်ပါကိစ္စများအတွက် နည်းဥပဒေများပြုလုပ်နိုင်သည်။

(က)   ဌာနဆိုင်ရာလက်အောက်ရာထူးအဆင့်အတန်းများရှိ အရာရှိအား ပုဒ်မခွဲ (၁) အရ ပေးနိုင် သည့် ပြစ်ဒဏ်များပြဌာန်းရန်ကိစ္စ။

(ခ)    ပြဌာန်းသည့်ရာထူးအဆင့်အတန်း သို့တည်းမဟုတ် အဆင့်အတန်း များရှိ အရာရှိများနှင့်ပတ်သက်၍ ပုဒ်မခွဲ(၁)အရမိမိ၏ အာဏာကို အထက်တန်း စုံစမ်းစစ်ဆေးရေးအရာရှိ အောက်ရာထူးမနိမ့်သော အရာရှိတဦးဦးအား လွှဲအပ်ရန်ကိစ္စ။

၁၂။ ။ ဤအက်ဥပဒေအရ ခန့်ထားသည့် ဌာနဆိုင်ရာအရာရှိအသီးသီးသည် ဇယား ၃ တွင် ဖော်ပြထားသည့် ပုံစံအတိုင်း ကျမ်းသစ္စာဆို၍ လက်မှတ်ရေးထိုးရမည့်ပြင် မိမိအားရာထူး ခန့်ထားသည့်အခါ ဇယား ၄ တွင် ဖော်ပြထား သည့်ပုံစံဖြင့်အစိုးရတံဆိပ် ခတ်နှိပ်ထား သော တာဝန်ခံလက်မှတ်ကိုလည်းရရှိရမည်၊ အဆိုပါ တာဝန်ခံလက်မှတ်ရသူသည် ဌာနဆိုင်ရာ အရာရှိ၏ အာဏာများ၊ အလုပ်ဝတ်တရားများနှင့် အထူးအခွင့်အရေးများရရှိ သူ ဖြစ်ရမည်၊ မည်သည့် အခါတွင်မဆို အဆိုပါတာဝန်ခံလက်မှတ်တွင် အမည်ဖော်ပြထား သူသည် အကြောင်း တခုခုကြောင့် ဌာနဆိုင်ရာအရာရှိအဖြစ်မှရပ်စဲသွားလျှင် ထိုတာဝန်ခံ လက်မှတ်သည် ပျက်ပြယ် ရမည်။

၁၃။ ။ ဌာနဆိုင်ရာအရာရှိအဖြစ်မှ ရပ်စဲသွားသူအသီးသီးသည် ပုဒ်မ ၁၂ အရ မိမိအား ပေးအပ်ထားသည့် တာဝန်ခံလက်မှတ်ကို၎င်း၊ မိမိ၏တာဝန်ဝတ္တရား ဆောင်ရွက်ရန် အလို့ ငှာ မိမိအားပေးထားသော အဝတ်တန်ဆာများ၊ အသုံးအဆောင်များနှင့်အခြား ပစ္စည်းများ ကို၎င်း ညွှန်ကြားရေးဝန်အားချက်ခြင်းပေးအပ်ရမည်၊ သို့တည်းမဟုတ် ဤကိစ္စအလို့ငှာ ညွှန်ကြားရေးဝန်က ခန့်ထားသည့် အခြားအရာရှိအား ချက်ခြင်းပေးအပ်ရမည်။

၁၄။ ။ ဌာနဆိုင်ရာအရာရှိသည် မိမိအား ရာထူးမှခေတ္တချထားသည့် အကြောင်းကြောင့် ဌာနဆိုင်ရာ အရာရှိအဖြစ်မှ ရပ်စဲခြင်းမရှိစေရ၊ မိမိအားဌာနဆိုင်ရာအရာရှိအဖြစ်ဖြင့် အပ်နှင်းထား သောအာဏာများ၊ အလုပ်ဝတ်တရားများနှင့် အထူးအခွင့်အရေးများသည် ထိုသို့ရာထူးမှ ခေတ္တ ချထားသည့် ကာလအပိုင်းအခြားအတွင်း ခေတ္တရပ်စဲ၍နေရမည် ဖြစ်သော် လည်း ထိုအရာရှိသည် မိမိအား ရာထူးမှခေတ္တချထားခြင်းမရှိသကဲ့သို့ပင် တာဝန်များနှင့် စည်းကမ်းသေဝပ်မှုရှိမြဲ အတိုင်းရှိရမည့်ပြင် ပြစ်ဒဏ်များကိုလည်း ခံထိုက်ရမည်။

၁၅။ ။ (၁)   ဌာနဆိုင်ရာမည်သည့်အရာရှိမှာမျှ မိမိရာထူးနှင့်သက်ဆိုင်သော တာဝန် ဝတ္တရားများ ကို မဆောင်ရွက်ဘဲနေရန် မိမိအားနိုင်ငံတော်သမ္မတက အတည့် အလင်းခွင့်မပြုလျှင် သို့တည်းမဟုတ် ထိုသို့နေနိုင်ခွင့်ပြုရန် နိုင်ငံတော် သမ္မတက အာဏာအပ်နှင်းထား သည့် အခြားအရာရှိက အတည့်အလင်း ခွင့်မပြုလျင် ထိုတာဝန်ဝတ္တရားများကို မဆောင်ရွက်ဘဲနေနိုင်ခွင့်မရှိစေရ သို့တည်းမဟုတ် မိမိသည် ဌာနတွင်အနည်းဆုံး နှစ်နှစ်မျှ ဆက်လက်၍ အမှုထမ်းရွက်နေသေးလျှင်၎င်း၊ မိမိ၏ရာထူးမှနုတ်ထွက် လိုကြောင်းဖြင့် သုံးလထက်မနည်း ကြိုတင်၍ နိုင်ငံတော်သမ္မတထံ စာဖြင့် အကြောင်းကြား မထားလျှင်၎င်း နိုင်ငံတော်သမ္မတ သို့တည်းမဟုတ် အဆိုပါ အာဏာ အပ်နှင်း ထားသည့် အရာရှိ၏ အခွင့်မရဘဲ မိမိ၏ ရာထူးမှ နုတ်ထွက်ခွင့်မရှိစေရ။

  • (၂)     ဌာနဆိုင်ရာမည်သည့်အရာရှိမှာမျှ ဤအက်ဥပဒေအရမိမိ၏တာဝန်ဝတ္တရား များမှတပါး အခြားမည်သည့်အလုပ်သို့တည်းမဟုတ်ရာထူးတွင်မျှနိုင်ငံတော် သမ္မတ ကစာဖြင့် ရေးသား၍ အတည့်အလင်းလုပ်ခွင့် မပြုလျှင်မလုပ်ရ။

၁၆။ ။  ညွှန်ကြားရေးဝန်သည်၊ ဌာနဆိုင်ရာအရာရှိများဖွဲ့စုရေး၊ အတန်းအစားခွဲခြားရေး၊နေရာ ချထားရေးနှင့်၎င်း၊ ဌာနဆိုင်ရာရာထမ်းမှုထမ်းများနေထိုင်ရမည့် အရပ်ဒေသများနှင့်၎င်း၊ ထိုရာထမ်းမှုထမ်းများ ဆောင်ရွက်ရမည့် သီးခြားအမှုကိစ္စများနှင့်၎င်း၊ ထိုရာထမ်းမှုထမ်း များကိုစစ်ဆေးကြည့်ရှုခြင်းနှင့်၎င်း၊ ထိုရာထမ်းမှုထမ်းများအားပေးရမည့် လက်နက် တန်ဆာနှင့် အခြားလိုအပ်သည့် အရာဝတ္ထုမျိုးမည်နှင့်၎င်း၊ ထိုရာထမ်းမှုထမ်းများက သတင်းစုဆောင်းပေးပို့ ခြင်းနှင့် ၎င်းစပ်လျဉ်း၍ မိမိသင့်သည်ထင်မြင်သည့် အမိန့်များနှင့် နည်းဥပဒေများ၊ ထို့ပြင် တာဝန်ဝတ္တရားအလွဲသုံးစားမှု သို့တည်းမဟုတ် ပေါ့လျော့မှုကို တားမြစ်ရန်နှင့် ဌာနကမိမိတာဝန်ဝတ္တရား များကိုကျေပွန်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ အခါအားလျော်စွာ မိမိသင့်သည်ထင်မြင်သည့် ဌာန ဆိုင်ရာ အခြားအမိန့်နှင့်နည်း ဥပဒေ များကို နိုင်ငံတော်သမ္မတ၏သဘောတူညီချက်ဖြင့် အခါအား လျော်စွာပြုနိုင်သည်။

၁၇။ ။  ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတ ချမှတ်သည့်အမိန့်နှင့် မဆန့်ကျင်စေဘဲ ဌာန ဆိုင်ရာ အရာရှိများမှာ ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်းလုံးတွင် ၁၉၄၅ ခုနှစ် ရဲအဖွဲ့အက် ဥပဒေပုဒ်မ ၁၆၊ ၁၇၊ ၁၈၊ ၁၉ နှင့် ၂၀ အရ၎င်း၊ ရန်ကုန်မြို့မခရိုင်တွင် ရန်ကုန်မြို့ ရဲအဖွဲ့ အက် ဥပဒေပုဒ်မ၁၅ နှင့် ၁၆ အရ ၎င်းရဲအရာရှိများအားအပ်နှင်းထားသည့် အာဏာနှင့် တာဝန်ဝတ္တရားအားလုံးကို ရရှိမည့်ပြင် ပြည်သူ့ပစ္စည်းနှင့်စပ်လျဉ်းသည့် ပြစ်မှုများကို သော်၎င်း၊ ဇယား ၁ တွင် သီးခြား ဖော်ပြထားသည့် ပြစ်မှုများကိုသော်၎င်း၊ ဤအက်ဥပဒေ အရ ပြစ်မှုများကိုသော်၎င်း စုံစမ်းစစ်ဆေး၍ အဆိုပါပြစ်မှုကျူးလွန်ခဲ့သည့် သို့တည်း မဟုတ် ကျူးလွန်နေသည်ဟုသင်္ကာမကင်း ဘွယ်ရာ အကြောင်းရှိသူများကိုဖမ်းဆီးရန် အလို့ငှာ ပြည်ထောင်စုအတွင်းကျူးလွန်သည့် ပြစ်မှု များစုံစမ်းစစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေရ သို့တည်းမဟုတ် အခြားတည်ဆဲဥပဒေအရ ပြည်ထောင်စုရဲ အရာရှိများ ရရှိသော အာဏာတာဝန်ဝတ်တရားနှင့်အထူးအခွင့်အရေး အားလုံးကိုလည်းရရှိမည်၊ ထို့ပြင် ထိုရဲအရာရှိ များခံယူရမည့် တာဝန်ကိုလည်းခံယူရမည်။