နိုင်ငံပိုင်သိမ်းဆည်းထားသောပစ္စည်းများ စီမံခန့်ခွဲမှုကော်မတီနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံတော်ဘဏ္ဍာ အဖြစ်သိမ်းဆည်းသည့် ရွေ့ပြောင်းနိုင်သော ပစ္စည်း၊မရွေ့မပြောင်းနိုင်သောပစ္စည်းများကို စိစစ်စာရင်းပြုစုခြင်း၊လိုအပ်ပါကထုခွဲရောင်းချပြီးနိုင်ငံတော်ဘဏ္ဍာစာရင်းသို့ထည့်သွင်းခြင်းစသည်တို့ကို စနစ်တကျစီမံခန့်ခွဲနိုင်ရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရုံး၏ ၆-၉-၂၀၀၅ ရက်စွဲပါစာအမှတ်၊၂၂၉/နယက(ဥ)/နသစဖြင့် နိုင်ငံပိုင်သိမ်းဆည်းထားသော ပစ္စည်းများ စီမံခန့်ခွဲမှုကော်မတီကို ဥက္ကဌအဖြစ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ဝန်ကြီးနှင့် အတွင်းရေးမှူးအဖြစ် ဗဟိုစက်ပစ္စည်း၊ စာရင်းအင်းနှင့်စိစစ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးအပါအဝင် အဖွဲ့ဝင်(၁၃)ဦး၊ စုစုပေါင်းအဖွဲ့ဝင် (၁၅)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

ကော်မတီ၏လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် အောက်ဖော်ပြပါအထောက်အကူပြုဆပ်ကော်မတီ(၆)ခုကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ ချမှတ် ပေးခဲ့ပါသည်။

    • (က) သိမ်းဆည်းပစ္စည်းများ စာရင်းစိစစ်ပြုစုရေးဆပ်ကော်မတီ
    • (ခ) သိမ်းဆည်းပစ္စည်းများ လက်ခံထိန်းသိမ်းရေးနှင့် လွှဲပြောင်းထုတ်ပေးရေး
      ဆပ်ကော်မတီ
    • (ဂ) သိမ်းဆည်းပစ္စည်းများ ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးဆပ်ကော်မတီ
    • (ဃ) သိမ်းဆည်းပစ္စည်းများထုခွဲချရေးဆပ်ကော်မတီ
    • (င) သိမ်းဆည်းပစ္စည်းများဆိုင်ရာ ဘဏ္ဍာငွေစီမံခန့်ခွဲရေးနှင့် စစ်ဆေးရေးဆပ်ကော်မတီ
    • (စ) သိမ်းဆည်းပစ္စည်းများဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရုံးလုပ်ငန်းဆပ်ကော်မတီ

အဆိုပါအထောက်အကူပြု ဆပ်ကော်မတီများအနက် သိမ်းဆည်းပစ္စည်းများ လက်ခံ ထိန်းသိမ်းရေးနှင့် လွှဲပြောင်းထုတ်ပေးရေးဆပ်ကော်မတီတွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပါသည်။

၂၀၁၁ခုနှစ်၊ဧပြီလ ၂၀ရက်နေ့ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၊၂၉/၂၀၁၁ ဖြင့် နိုင်ငံပိုင်သိမ်းဆည်းထားသောပစ္စည်းများစီမံခန့်ခွဲမှုကော်မတီ၏ နိုင်ငံတော်ပိုင် အဆောက်အဦများနှင့် နိုင်ငံတော်၏ကြီးကြပ်မှုဖြင့်အကောင်အထည်ဖော်လျက်ရှိသော အိမ်ရာစီမံကိန်း အဆောက်အဦများ၊ မြေယာကွက်များရောင်းချရေးကော်မတီတို့ကို နိုင်ငံပိုင်သိမ်းဆည်းထားသောပစ္စည်းများ အိမ်ယာ စီမံကိန်းများရှိအဆောက်အဦများနှင့်မြေယာကွက်များစီမံခန့်ခွဲမှုကော်မတီအဖြစ် ပြင်ဆင်ဖွဲ့စည်း ခဲ့ပါသည်။

ပြန်လည်ဖွဲ့စည်းခဲ့သော ကော်မတီတွင် အောက်ဖော်ပြပါဆပ်ကော်မတီနှင့် အဖွဲ့များအား ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။

      • (က) လက်ခံထိန်းသိမ်းစိစစ်ရေးနှင့်လွှဲပြောင်းထုတ်ပေးရေးဆပ်ကော်မတီ
      • (ခ) ကွင်းဆင်းတိုင်းတာတွက်ချက်ရေးနှင့် တန်ဖိုးသတ်မှတ်ရေးဆပ်ကော်မတီ
      • (ဂ) ဘဏ္ဍာငွေစီမံခန့်ခွဲရေးနှင့် စာရင်းစစ်ဆေးရေးအဖွဲ့
      • (ဃ) ထုခွဲရောင်းချရေးအဖွဲ့
      • (င) ရုံးလုပ်ငန်းအဖွဲ့

ပြင်ဆင်ဖွဲ့စည်းခဲ့သည့် လက်ခံထိန်းသိမ်းရေးနှင့် လွှဲပြောင်းထုတ်ပေးရေး ဆပ်ကော်မတီတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးအား ဥက္ကဌအဖြစ်လည်းကောင်း ၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အား အတွင်းရေးမှူးအဖြစ်လည်းကောင်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းကြောင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့်လည်း အဆိုပါလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့ရပါသည်။