“ မညှိုးမနွမ်း အဖိုးတန် ပန်းကလေးများ ပွင့်စေချင် ”

 

       ဝန်ထမ်းအမျိုးမျိုးရှိသည်၊ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်း၊ ပုဂ္ဂလိကလုပ်ငန်းများမှ ဝန်ထမ်း စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲကြသည်၊ မည်သို့ပင် အမည်သညာ သတ်မှတ်ထားစေကာမူ ဝန်ထမ်းသည် မိမိနှင့် မသက်ဆိုင်သည့် မိမိအကျိုးမဟုတ်သည့် အခြားသူ၏ အကျိုး၊ အခြားအကြောင်း၏ ကောင်းမှုအတွက် ဆောင်ရွက်နေသူများ၊ ဝန်ဆောင်မှု ပေးကြရသူများဖြစ်သည်။ အခြားသူ၏အကျိုး၊ မိမိအတွက် မဟုတ်သည့် အကျိုးကို ကာယအား၊ ဉာဏအားဖြင့် ဝန်ဆောင်မှုပေးရင်းဖြင့် မိမိ၏စားဝတ်နေမှုအတွက် အထိုက်အလျောက် ပြေလည်မှုရရှိသည်ကို ကျေနပ်နေရသူများဖြစ်သည်။
       နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများအဖို့ လုပ်သက်နှင့် စွမ်းဆောင်ရည်ပေါ်မူတည်၍ ရာထူး အဆင့်အတန်း တိုးမြှင့်ရရှိခြင်း၊ လစာနှင့်စရိတ် တိုးမြှင့်ရရှိခြင်း စသည့်အခွင့်အရေးများ ရရှိသော်လည်း ရရှိသည့် အခွင့်အရေးနှင့် ထပ်တူကျ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးပမ်းကြရပါသည်။ နိုင်ငံ့ဝန်ထမ်း များမှာ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် စည်းစနစ်တကျရှိစေရေး၊ တိကျမှန်ကန်စေရေး၊ ထုတ်ပြန် ထားသော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို လေးစားလိုက်နာ ဆောင်ရွက်ရပါသည်။ လုပ်ငန်းခွင် အတွင်း လိုက်နာရန် သီးခြားထုတ်ပြန်ထားသည့် စည်းကမ်းများကိုလည်း မမှိတ်မသုန် လိုက်နာရပါသည်။ ရာထူးအဆင့် တိုးမြှင့်လာသည်နှင့်အမျှ လုပ်ငန်းတာဝန်မှာလည်း ပိုလာတတ်သည်ကို သတိချပ်ရပါမည်။
       ပုဂ္ဂလိကလုပ်ငန်းများမှ ဝန်ထမ်းများမှာမူ လုပ်ငန်းပိုင်ရှင်များက ချမှတ်ထားသည့် လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအပေါ် လိုက်နာလုပ်ကိုင်ကြရပြီး တင်းကြပ်သည့် စည်းမျဉ်းစည်းကမ်းများဖြစ်ပါက လက်ရှိအလုပ်ကို စွန့်ခွာ၍ အခြားအလုပ်တစ်ခုကို ပြောင်းလဲရှာဖွေ လုပ်ကိုင်ကြရသည်။ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် တပ်ဖွဲ့၊ ဦးစီးဌာနများက ထုတ်ပြန်ချမှတ်ထားသည့် ဥပဒေအမိန့်၊ ညွှန်ကြားချက်များအတိုင်း တသွေမတိမ်း လိုက်နာကျင့်သုံး ကြရသည်။ ပုဂ္ဂလိကလုပ်ငန်းခွင်များမှ ဝန်ထမ်းများထက် စည်းကမ်းကိုပို၍ လိုက်နာတန်ဖိုးထား ကြရသည်။
       “ပြည်ထဲအရေး၊ ပေါက်နှင့်ကျေးသို့၊ ကြံတွေးလှည့်ကာ မသိသာတည့်” ဟူသည့် လောကသာရပျို့ပါ အလင်္ကာမှာ ပေါက်ပင်၏ အရွက်၊ အပွင့်တို့ အရောင်နှင့် ကြက်တူရွေး၏ အမွေးအတောင်၊ နှုတ်သီး အရောင်တို့မှာ ဆင်တူလွန်းပါသဖြင့် ပေါက်ပင်တွင် ကြက်တူရွေးနားနေသည်ကို တွေ့ကြံသိသာရန် ခက်ခဲသကဲ့သို့ ပြည်ထဲအရေးကိုလည်း တွေ့ကြံသိသာရန် ခက်လေသည်ဟု ဖွဲ့ဆိုထားခြင်းဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့နှင့်ဦးစီးဌာနများက ဆောင်ရွက်ရသည့် အရေးအရာနှင့်လုပ်ငန်း ဆောင်တာများမှာ များပြားကျယ်ဝန်းလှသဖြင့် တပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းများမှာ အခြားဝန်ကြီးဌာနများက ဝန်ထမ်းများထက် ပို၍များပြားသည်ဟုပင် ထင်ရလေသည်။ ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှာ မြေပြင်တွင် ပြည်သူလူထုနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံနေရသည့်အပြင် အကျဉ်းဦးစီးဌာနမှာလည်း ဥပဒေအသီးသီးအရ အရေးယူခံရ၍ အပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသားအမျိုးမျိုးကို ထိန်းသိမ်းရလျက်ရှိပေသည်။
       အလားတူ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဝန်ထမ်းများမှာ နိုင်ငံတော်ပိုင်၊ အများပိုင် ပစ္စည်းများနှင့် ငွေကြေးများကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်းတို့ကို စုံစမ်းစစ်ဆေးလျက် ရှိပြီး ပြစ်မှုများမှ တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူနိုင်ရေး၊ ဆုံးရှုံးသွားသော ပြည်သူ့ဘဏ္ဍာငွေများ ပြန်လည်ရရှိရေး၊ ဖြစ်ရပ်မှာလည်း မည်သည့်အကြောင်း ကြောင့်ဖြစ်ရသည်၊ မည်သူ့တွင် တာဝန်ရှိသည်၊ မည်သို့ပြုပြင်သင့်သည်တို့ကိုပါ ဖော်ထုတ်၍ နောင်အလားတူ ဖြစ်ရပ်မျိုး မပေါ်ပေါက်စေရန် စီမံခန့်ခွဲရေး အပိုင်းမှ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးတို့အတွက် ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ ဆောင်ရွက် လျက်ရှိပါသည်။
       ထို့အပြင် စီးပွားရေးဆိုင်ရာပြစ်မှုများ စုံစမ်းဖော်ထုတ်အရေးယူရေး၊ ဝန်ထမ်းမသမာမှုများ စုံစမ်း ဖော်ထုတ်အရေးယူရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် သတင်းများစုဆောင်း တင်ပြရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးတို့အတွက် ရည်မှန်းချက် တာဝန်များချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ လက်တလောတွင် တရားမဝင်သော နည်းလမ်းများမှရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို တရားဝင်နည်းလမ်းမှ ရရှိလေဟန် အသွင်ပြောင်းလဲခြင်း၊ ဖုံးကွယ်ခြင်း၊ လွှဲပြောင်းခြင်းစသည့် ငွေကြေးခဝါချမှုများကိုလည်း စုံစမ်းဖော်ထုတ် အရေးယူမှုများ ပြုလုပ်လျက်ရှိသည့်အပြင် အွန်လိုင်းလိမ်လည်မှုများကိုလည်း စုံစမ်းဖော်ထုတ်လျက် ရှိပါသည်။
       မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့က ဆောင်ရွက်ရသည့် လုပ်ငန်းများမှာ ကျယ်ပြန့်သကဲ့သို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ စုံစမ်းဖော်ထုတ် နေရသည့် အမှုများမှာလည်း နက်နဲကျယ်ပြန့်လျက်ရှိပါသည်။ ခေတ်ရေစီးကြောင်း ပြောင်းလဲလာမှုနှင့်အတူ နည်းပညာများကို အခြေခံ၍ ကျူးလွန်လာသည့် ပြစ်မှုများမှာလည်း သိမ်မွေ့နက်နဲ လာလျက်ရှိပါသည်။ အချို့အမှုများမှာဆိုလျှင် အနုစိတ်ပြီး ခဲရာခဲဆစ် စုံစမ်းဖော်ထုတ်ရလေသည်။
       အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် စတင်ဖွဲ့စည်းကတည်းက နိုင်ငံတော်နှင့် ပြည်သူက အလေးထားယုံကြည်ရသည့် ဌာနတစ်ခုဖြစ်ပြီး နိုင်ငံတော်အစိုးရ အဆက်ဆက် အားထားယုံကြည်ခဲ့သကဲ့သို့ ဌာနဝင်ဝန်ထမ်းများကိုလည်း အများပြည်သူက အလေးထား ဆက်ဆံကြလေသည်။ တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းအဆက်ဆက်၏ ကြိုးစားမှုကြောင့် ဂုဏ်သိက္ခာ မြင့်မားသည့် ဌာနအဖြစ် ရေရှည်ရပ်တည် နိုင်ခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းဖွဲ့စည်းပုံအင်အား နည်းပါးကျစ်လစ်သည့် ဌာနဖြစ်၍ စုပေါင်းဆောင်ရွက်မှုကို အဓိကထားသည့်ဌာနလည်း ဖြစ်ပါသည်။
       အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် အတွေးအခေါ်အယူအဆများ၊ အရည်အသွေးများ မြင့်မားမှန်ကန် နေရမည်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရသည့် အဖွဲ့အစည်းလည်းဖြစ်သဖြင့် ဥပဒေပိုင်းဆိုင်ရာများကို နှံ့စပ်အောင် လေ့လာထားကြရန်လည်း လိုမည်ဖြစ်ပါသည်။ ဌာနဝင်တစ်ဦးချင်းစီက စိတ်စေတနာကောင်းထား၍ မိမိအကျိုး၊ ဌာနဝင်ဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များအကျိုး၊ ဌာန၏အကျိုးကို ရှေ့ရှုပြီး အကောင်းဆုံးဖြစ်နိုင်မည့် နည်းလမ်း ရှာဖွေလုပ်ကိုင်ကြရမည် ဖြစ်ပါသည်။ ပြောင်းလဲလာသည့် ခေတ်စနစ်အရ နည်းပညာဆိုင်ရာ အမှုအခင်းများ၊ အွန်လိုင်းမှတဆင့် လိမ်လည်မှုများကို ကျူးလွန်လာကြသဖြင့် ခေတ်ပေါ်နည်းပညာများကို မဖြစ်မနေလေ့လာ သိရှိထားကြရန် လိုအပ်ပါသည်။
       ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူရာတွင် လယ်တီစံကျောင်းဆရာတော် ဟောကြားခဲ့သည့် သတိပေးတရားကို အစဉ်နှလုံးသွင်းကြ စေလိုပါသည်။ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကို အတိုကောက် “စ”သုံးလုံးဟု ခေါ်ဝေါ်ကြ၍ ဝန်ထမ်းများ သိရှိမှတ်သားထားသင့်သည့် “စ”သုံးလုံးကို ဟောပြခဲ့ပါသည်။ ဆရာတော်ဟောပြသည့် “စ”သုံးလုံးမှာ –

(၁) စိတ္တ, (၂) စဇ, (၃) စရ ဟူ၍ ဖြစ်ပြီး

          (၁) စိတ္တ– စိတ်သည်အရာရာကို ဦးဆောင်သဖြင့် မကောင်းမှုကို ပြုလုပ်လိုသည့် စိတ်မဖြစ်ပေါ်အောင် ထိန်းကြရစေရန်။
          (၂) စဇ– စွန့်လွှတ်အနစ်နာခံနိုင်သည့် စိတ်ထားမွေးမြူကြရန်။
          (၃) စရ(စရဏ)– တရားအစစ်တရားအမှန်ကို တကယ်သိရှိအောင်လေ့လာ၍ သိရှိထားသည့် အတိုင်း ကျင့်ကြံကြရန်ဟူ၍ဖြစ်သည်။

       

ဌာနဝင်ဝန်ထမ်းများအနေဖြင့် မကောင်းမှုပြုလုပ်လိုသည့် စိတ်ပေါ်မလာစေရေး၊ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများ အကြားတွင်ဖြစ်စေ၊ ဌာနဝင်ဝန်ထမ်းများ အချင်းချင်းအကြားတွင်ဖြစ်စေ၊ သည်းခံစွန့်လွှတ် အနစ်နာခံနိုင်သည့် စိတ်ထားမွေးမြူကြစေရေး အထူးလိုအပ်ပါသည်။ ဝန်ထမ်းတစ်ဦးချင်းအလိုက် စိတ်ကောင်း စေတနာကောင်းထား၍ ဆောင်ရွက်ပါက ဌာနကြီးတိုးတက်ခိုင်မြဲ မည်ဖြစ်ပါသည်၊ အထူးသဖြင့် လက်ရှိ တာဝန်ထမ်းဆောင်ဆဲ မျိုးဆက်သစ် ဝန်ထမ်းများအနေဖြင့် ခေတ်အဆက်ဆက်က တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများက ထိန်းသိမ်းခဲ့သည့် ဌာန၏ဂုဏ်ကို ဆက်လက်ထိန်းသိမ်း နိုင်စေရန်နှင့် ရှေ့က တာဝန်ထမ်းဆောင် သွားကြသည့် ဆရာသမားများ၏ အစဉ်အလာကို လက်ဆင့်ကမ်း သယ်ဆောင်နိုင်ရန် အထူးကြိုးစားကြရမည် ဖြစ်ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့၏ လမ်းညွှန်မှု၊ ကြီးကြပ်ဦးဆောင်မှုကို အလေးထားကာ မိမိကိုယ်ကို၊ မိမိတို့၏အလုပ်ကို တန်ဖိုးထားပြီး တတ်စွမ်းသမျှ ကြိုးစားကြစေလိုပါသည်။
       စစစဝန်ထမ်းလေးများအနေဖြင့် ရှိရင်းစွဲ ဖြူစင်ရိုးသားမှုဂုဏ်ကို ဆတိုးပွားများလာစေဖို့ မညှိုးမနွမ်း ထာဝရအဖိုးတန်ပန်းများ ပွင့်လန်းကြစေဖို့ ကြိုးစားနိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

သန်းထွဋ်ဝင်း