ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းများနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ အခန်းကဏ္ဍ

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန စတင်ဖွဲ့စည်းဆောင်ရွက်စဉ်ကပင် ဌာနဖွဲ့စည်းပုံတွင် ဆက်သွယ်/အထူး/စာရင်းဌာနစုကို ဖွဲ့စည်းခဲ့ပါသည်။၁၉၈၆ ခုနှစ်တွင် ဦးစီးဌာန၏ ဖွဲ့စည်းပုံအား ပြောင်းလဲဖွဲ့စည်းခဲ့ရာတွင် ဆက်သွယ်/အထူး/စာရင်းဌာနစုကို စစ်ဆင်ရေးနှင့်နိုင်ငံခြားငွေကြေးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်း၍လည်းကောင်း၊ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးများကို ဆောင်ရွက် ခဲ့ပါသည်။၁၉၈၆ခုနှစ် မတ်လ၁၃ရက်နေ့တွင် ပြဌာန်းခဲ့သည့် တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့် ပစ္စည်းများကို ပိုင်ဆိုင်ခြင်း၊ရောင်းဝယ်ခြင်းကို အရေးယူသည့်ဥပဒေနှင့်အညီ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ ဦးဆောင်၍ တရားမဝင်သောနည်းလမ်းဖြင့် ရရှိသောပစ္စည်းများ ပိုင်ဆိုင်မှု၊ ရောင်းဝယ်မှုဆိုင်ရာမှုခင်းများကို အစိုးရအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှု နှင့်အညီ စုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ပါသည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြဌာန်း ခဲ့သည့် တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေကို ၂၀၀၂ ခုနှစ်၊ ဇွန်လ ၁၇ရက်နေ့တွင် တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ပြဌာန်းပြီး အဆိုပါနည်းဥပဒေကို ၂၀၀၃ခုနှစ်၊ ဒီဇင်ဘာလ ၅ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။အဆိုပါ နည်းဥပဒေများ၏ နည်းဥပဒေ ၄၊နည်းဥပဒေခွဲ (ဃ)အရ ၂၀၀၄ခုနှစ်၊ဇန်နဝါရီလ ၁၆ရက်နေ့တွင် တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများကို ဗဟိုထိန်းချုပ်ရေးအဖွဲ့ အမိန့်အမှတ်(၃/၂၀၀၄)ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့(မူးယစ်၊မှုခင်း)၊ စာရင်းစစ်ချုပ်ရုံး၊မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊အကောက်ခွန်ဦးစီးဌာန၊ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများပါဝင်သော ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပါသည်။အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ဗဟိုထိန်းချုပ်ရေးအဖွဲ့၏ တွဲဖက်တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အဆိုပါဥပဒေအရ စုံစမ်းဖော်ထုတ်ခဲ့သည့် ငွေကြေးခဝါချမှုများကို ညွှန်ကြားရေးမှူးများ ဦးဆောင်၍ တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ ဒုတိယညွှန်ကြားရေးမှူးများက ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၏ စုံစမ်းစစ်ဆေးရေး အဖွဲ့များနှင့် ပဏာမစိစစ်ရေးအဖွဲ့များတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ကာ ငွေကြေးခဝါချမှုများကို စုံစမ်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

၁၄-၃-၂၀၁၄ နေ့တွင် ပြည်ထောင်စုလွှတ်တော်၏ ဥပဒေအမှတ် ၁၁/၂၀၁၄ ဖြင့် ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဥပဒေကို အတည်ပြုပြဌာန်းကာ ၂၀၀၂ခုနှစ်၊ တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့်ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေးနည်းဥပဒေကို လွှမ်းမိုးပယ်ဖျက်ခဲ့ပါသည်။အလားတူ ၁၁-၉-၂၀၁၅နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနည်းဥပဒေကို အသစ်ပြဌာန်းကာ တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့်ငွေကြေးနှင့် ပစ္စည်းများကို ထိန်းချုပ်ရေး နည်းဥပဒေကို လွှမ်းမိုးပယ်ဖျက်ခဲ့ပါသည်။

တရားမဝင်သော နည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများထိန်းချုပ်ရေးဥပဒေကို ရုတ်သိမ်း၍ ၂၀၁၄ခုနှစ်၊မတ်လ ၁၄ရက်နေ့တွင် အသစ်ပြဌာန်းသည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရ ဖွဲ့စည်းသည့် ငွေကြေးဆိုင်ရာတိုက်ဖျက်ရေးဗဟိုအဖွဲ့တွင် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့သစ်၏ တွဲဖက်အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့၏ တပ်ဖွဲ့မှူးက ဆောင်ရွက်လျက်ရှိပြီး ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်အဖြစ်လည်း ၎င်းကပင်ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ စုံစမ်းဖော်ထုတ်အရေးယူလျက် ရှိသည့် ငွေကြေးခဝါချမှုများသံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်း မှုများနှင့် စပ်လျဉ်း၍ စိစစ်ရေး အဖွဲ့များတွင် ဥက္ကဌနှင့်အဖွဲ့ဝင်နှင့် အတွင်းရေးမှူးများအဖြစ်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့များတွင် အဖွဲ့ဝင်နှင့် အတွင်းရေးမှူးများ အဖြစ်လည်းကောင်းပါဝင်၍ စုံစမ်းဖော်ထုတ်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ စုံစမ်း ဖော်ထုတ်အရေးယူလျက်ရှိသည့် ငွေကြေးခဝါချမှုများ၊အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုများ စိစစ်ရေးအဖွဲ့တွင် ဥက္ကဌနှင့်အဖွဲ့ဝင်များအဖြစ်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့များတွင် အဖွဲ့ဝင်နှင့်အတွင်းရေးမှူးအဖြစ်လည်းကောင်း ပါဝင်၍ စုံစမ်းဖော်ထုတ်ခဲ့ပါသည်။