အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းကို ၁၉၄၈ခုနှစ်ကတည်းကပင် အဂတိလိုက်စားမှုတားမြစ်ရေးအက်ဥပဒေ (The SUPRESSION OF CORRUPTION ACT- 1948 )ကို သီးခြားပြဌာန်းခဲ့ပြီးနောက် ယင်းဥပဒေနှင့်အညီ ပြည်သူ့ပစ္စည်းကာကွယ်ရေးကော်မတီ (Public Property Protction Committee)မှ ပြည်သူ့ပစ္စည်းကာကွယ်ရေးရဲအဖွဲ့(Public Property Protction Police P4)သို့ တာဝန်ပေး၍ အဂတိလိုက်စားမှုများအား ထိရောက်စွာဖြင့် ဟန့်တားအရေးယူဆောင်ရွက်ခဲ့ပါသည်။

၁၉၅၁ခုနှစ်၊အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်မှုရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အက်ဥပဒေပြဌာန်းခဲ့ပြီးနောက်ပိုင်း အဆိုပါပြည်သူ့ပစ္စည်းကာကွယ်ရေးရဲအဖွဲ့ (P4)မှ အသွင်ပြောင်း ဖွဲ့စည်းခဲ့သည့် အထူးစုံစမ်းစစ်ဆေးရေးဌာနမှပင် အဂတိလိုက်စားမှုဆိုင်ရာ ပြစ်မှုများကို စုံစမ်း စစ်ဆေးဖော်ထုတ်အရေးယူရန် အဓိကတာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

၂၀၁၃ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေမထုတ်ပြန်မီအချိန်အထိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကိစ္စရပ်များအား စ.စ.စ မှ တာဝန်ယူဆောင်ရွက်စဉ်အတွင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့်ပူးပေါင်း၍ ထူးခြားအောင်မြင်စွာ ဆောင်ရွက်ခဲ့မှုအနေဖြင့် ၁၄-၁၁-၂၀၁၃ ရက်နေ့တွင် အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့(South East Asia Parties AGAINST CORRUPTION SEA-PAC )သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ခဲ့ခြင်းနှင့် ၂၀-၁၂-၂၀၁၂ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(United Nation Convension Against Corruption-UNCAC )သို့ အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း တို့ဖြစ်ပါသည်။

ပြည်ထောင်စုလွှတ်တော်၏ ဥပဒေအမှတ်(၂၃)ဖြင့် ပြဌာန်းခဲ့ပြီးဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၇၊ပုဒ်မ ၉နှင့် ပုဒ်မ ၁၁ပါ ပြဌာန်းချက်များအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဥက္ကဌ ဦးမြဝင်းအပါအဝင် စုစုပေါင်း(၁၅)ဦးဖြင့် ၂၅-၂-၂၀၁၄ ရက်နေ့ တွင် နိုင်ငံတော်သမ္မတရုံး၏အမိန့်အမှတ် (၆/၂၀၁၄)ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

ကော်မရှင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်သည့် အချိန်မှ လက်ရှိအချိန်အထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၇(င)အရ သတင်း အတည်ပြု ကြိုတင်စုံစမ်းခြင်း၊အမှုစစ်ဆေးခြင်း၊ တရားရုံးများသို့ တရားစွဲတင်ပို့ခြင်း၊ တရားရုံးများသို့ သက်သေခံသွားရောက်ခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ရန် အဂတိလိုက်စားမှုကော်မရှင်မှ ညှိနှိုင်းတောင်းခံလာမှုအပေါ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ အမှုစစ်အရာရှိများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းများတွင် တွဲဖက်တာဝန်ထမ်းဆောင်စေလျက်ရှိပါသည်။