ထိုင်းနိုင်ငံ၌ ဒုတိယအကြီးဆုံး ဘဏ်လုပ်ငန်းကြီးဖြစ်သော ကာဆီကွန်းဘဏ် (K Bank) သည် ၎င်း၏ ငွေကြေးလွှဲပြောင်းမှု စနစ်ဖြစ်သော K PLUS တွင် မြန်မာကျပ်ငွေကို ထည့်သွင်း၍ မြန်မာနိုင်ငံသို့ ကျပ်ငွေဖြင့် ငွေကြေးလွှဲပြောင်း ပေးပို့နိုင်ရန်စီစဉ်ခဲ့ကြောင်း

 

www.nationthailand.com အင်တာနက် website တွင် ဖော်ပြထားသည့် သတင်းမှာ ထိုင်း နိုင်ငံ၌ ဒုတိယအကြီးဆုံး ဘဏ်လုပ်ငန်းကြီးဖြစ်သော ကာဆီကွန်းဘဏ် (K Bank) သည် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက မိခင်မြန်မာနိုင်ငံသို့ ငွေကြေးလွှဲပြောင်း ပေးပို့ရာတွင် အဆင်ပြေချောမွေ့ စေရေးအတွက် ၎င်း၏ နိုင်ငံတကာ ငွေကြေးလွှဲပြောင်းပေးပို့သည့် စနစ်ဖြစ်သော K PLUS တွင် ကျပ်ငွေဖြင့် လွှဲပြောင်းပေးပို့သည့် စနစ်ကို စတင်ထည့်သွင်းခဲ့ကြောင်း၊ K Bank သည် အဆိုပါစနစ်အား မြန်မာနိုင်ငံအခြေစိုက် ကမ္ဘောဇဘဏ် (KBZ Bank) ဘဏ်နှင့် ချိတ်ဆက် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် K PLUS အသုံးပြုကာ မြန်မာနိုင်ငံရှိ မိသားစုဝင်များ၏ KBZPay များထံသို့ ကျပ်ငွေများအား အလွယ်တကူ လွှဲပြောင်းပေးပို့ သွားနိုင်မည်ဖြစ်ကြောင်း၊ K Bank သည် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၂၂)ရက်မှ အောက်တိုဘာလ (၃၁)ရက်အထိ ကာလအတွင်း K PLUS အသုံးပြုကာ မြန်မာနိုင်ငံသို့ ကျပ်ငွေဖြင့် လွှဲပြောင်းပေးမှုများအတွက် ငွေလွှဲခကောက်ခံခြင်းကို ကင်းလွှတ်ခွင့်ပေး ထားသည်ဟု သိရှိရကြောင်း၊

K Bank ဥက္ကဌ ပီပက်ပေါင်ဖို့ရှန်နွန်ဒါ ကပြောကြားရာ၌ ယခုအခါ ထိုင်းနိုင်ငံတွင် အလုပ်လုပ် ကိုင်ပြီး နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသား အရေအတွက် (၂)သန်းဝန်းကျင်ခန့်ရှိပြီး ၎င်းတို့အနေဖြင့် ရရှိသည့်လုပ်ခ လစာများအား မြန်မာနိုင်ငံသို့ ပေးပို့လျက်ရှိရာ ပျမ်းမျှအားဖြင့် မြန်မာနိုင်ငံသား(၁)ဦးသည် တစ်လလျှင် မြန်မာကျပ်ငွေ ၁၀၀,၀၀၀ ကျပ်မှ ၂၀၀,၀၀၀ ကျပ်အကြား (ထိုင်းနိုင်ငံသုံးဘတ်ငွေ ၁,၂၅၀ မှ ၂,၅၀၀ အကြား)ကို မြန်မာနိုင်ငံသို့ ပေးပို့လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အဆိုပါအချက်အား ထည့်သွင်းစဉ်းစားကာ မြန်မာနိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံသို့ ကျပ်ငွေဖြင့် အလွယ်တကူ လွှဲပြောင်းပေးပို့ နိုင်စေရေးအတွက် မြန်မာနိုင်ငံမှ KBZ Bank နှင့် ပူးပေါင်းလုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ KBZ Bank သည် မြန်မာနိုင်ငံအတွင်း ဘဏ်အသုံးပြုသူ ဦးရေ(၁၀)သန်းဝန်းကျင်ကို ပိုင်ဆိုင်ထားသည့် ပုဂ္ဂလိကထိပ်တန်း ဘဏ်ကြီး တစ်ခုဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွင်း ဘဏ်ခွဲပေါင်းများစွာနှင့် ATM ကွန်ရက် အများအပြားကို ပိုင်ဆိုင်ထားရုံသာမက ၎င်း၏ KBZPay စနစ်မှာ လူသုံးအများဆုံး ငွေပေးပို့သည့်စနစ် ဖြစ်သောကြောင့် KBZ Bank ဘဏ်နှင့်ပူးပေါင်း လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ K PLUS တွင် မြန်မာနိုင်ငံသားများ အသုံးပြုရ အဆင်ပြေစေရေးအတွက် မြန်မာဘာသာ စကားစနစ်ကို ထည့်သွင်းထားပြီး ဆန်းသစ်သည့် နည်းပညာများဖြင့် အသုံးပြုရ လွယ်ကူအောင် ဖန်တီးထားကြောင်း၊ K PLUS ကိုသုံးစွဲခြင်းဖြင့် ရရှိနိုင်မည့် အားသာချက်များမှာ ပေးပို့ငွေအပေါ် ကောက်ခံသည့် ငွေလွဲခသက်သာခြင်း၊ K Bank ဘဏ်ခွဲများနှင့် ကိုယ်စားလှယ် အရောင်းဆိုင် နေရာများသို့ သွားရောက်ရန်မလိုဘဲ မိမိလက်ကိုင်ဖုန်းအတွင်းရှိ K PLUS အက်ပလီကေးရှင်းမှတစ်ဆင့် အလွယ်တကူ ငွေလွှဲပေးပို့နိုင်ခြင်း၊ ပွင့်လင်းမြင်သာပြီး စံချိန်စံညွှန်း တိကျသည့် နိုင်ငံခြားငွေလဲလှယ်မှု နှုန်းထားအတိုင်း လွှဲပြောင်းနိုင်ခြင်းနှင့် အသုံးပြုသူများအနေဖြင့် ငွေလက်ခံမည့်သူအပါအဝင် ငွေပေးငွေယူပြုလုပ်ထားသည့် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ အသေးစိတ် အချက်အလက်များကို စစ်ဆေးနိုင်ခြင်း တို့ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံမှ ငွေလက်ခံရယူမည့် သူများသည် K PLUS မှတစ်ဆင့်ပေးပို့လာသည့် ငွေကြေးများအား နီးစပ်ရာ KBZ Bank ဘဏ်ခွဲများ၊ ATM စက်များနှင့် KBZPay ဝန်ဆောင်မှုများအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ KBZ Bank နှင့်ချိတ်ဆက်ထားသည့် နေရာပေါင်း (၄၀,၀၀၀)ကျော်မှနေ၍ ပေးပို့ငွေများကို ထုတ်ယူနိုင်လိမ့်မည်ဟု ပြောကြားခဲ့ကြောင်း၊

Kpay Kplus

K Bank သည် K PLUS မှတစ်ဆင့် နိုင်ငံတကာ ငွေကြေးလွှဲပြောင်းပေးပို့မှု များအတွက် ဝန် ဆောင်မှု ပေးနေမှုများကို ၂၀၁၄ ခုနှစ်ကပင် စတင်လုပ်ကိုင်လာခဲ့ပြီး လက်ရှိအချိန်၌ K Bank သည် နိုင်ငံတကာငွေကြေး (၁၅)မျိုးအတွက် ဝန်ဆောင်မှုများ ပေးလျက်ရှိကာ နိုင်ငံပေါင်း(၆၂)နိုင်ငံသို့ ငွေကြေးလွှဲပြောင်း ပေးပို့မှုများပြုလုပ် လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံသားများ အများဆုံး ပေးပို့သည့် ငွေကြေးအမျိုးအစားများမှာ အမေရိကန်ဒေါ်လာ၊ စတာလင်ပေါင်၊ ယူရို၊ စင်ကာပူဒေါ်လာ၊ ဩစတြေးလျဒေါ်လာ၊ ဟောင်ကောင်ဒေါ်လာ၊ တရုတ်နိုင်ငံသုံးယွမ်ငွေ၊ ဂျပန်နိုင်ငံသုံးယန်းငွေနှင့် တောင်ကိုရီးယားနိုင်ငံသုံး ဝမ်ငွေကြေးများဖြစ်ကြောင်း၊ K PLUS မှတစ်ဆင့်  ၂၀၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံသုံး ဘတ်ငွေ(၁၄)ဘီလီယံ ပမာဏရှိ ငွေများလွဲပြောင်းပေးပို့ခဲ့ရာ အဆိုပါပမာဏသည် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၄၀% မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ K Bank သည် ၂၀၂၃ ခုနှစ်အတွင်း၌လည်း K PLUS မှတစ်ဆင့် ထိုင်းနိုင်ငံသုံး ဘတ်ငွေ(၂၀)ဘီလီယံ ပမာဏရှိ ငွေများအား လွဲပြောင်း ပေးပို့နိုင်ရန် ရည်မှန်းထားပြီး ၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းရှိ မည်သည့်နေရာသို့မဆို K PLUS ဖြင့်ငွေလွဲပြောင်းပေးပို့နိုင်ရန် ရည်မှန်းထားသည်ဟု သိရှိရကြောင်း၊

K PLUS အသုံးပြုမည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် နိုင်ငံကူးလက်မှတ်(သို့) အလုပ်လုပ်ကိုင်ခွင့်ပါမစ် (သို့) မည်သူမည်ဝါ ဖြစ်ကြောင်းပြသနိုင်သည့် အထောက်အထား တစ်ခုခုတို့ ကို ပြသ၍ ထိုင်းနိုင်ငံတစ်ဝန်းရှိ K Bank ဘဏ်ခွဲများတွင် ဘဏ်စာရင်း တစ်ခုဖွင့်လှစ်ပြီးနောက်တွင် K PLUS ကိုအသုံးပြုနိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

 

Ref: www.nationthailand.com