တရုတ်ဗဟိုဘဏ်က ဘဏ်တိုးနှုန်းကို မမျှော်လင့်ဘဲ ရုတ်တရက် လျှော့ချခဲ့သည့်အတွက် တရုတ်နိုင်ငံသုံး ယွမ်ငွေတန်ဖိုး ကျဆင်းကာ အမေရိကန်ဒေါ်လာ တန်ဖိုးပိုမို အားကောင်း လာခဲ့ကြောင်း

www.cnbc.com အင်တာနက် website တွင် ဖော်ပြထားသည့် သတင်းမှာ လွန်ခဲ့သည့်ရက် သတ္တပတ်အတွင်း တရုတ်အစိုးရမှ ထုတ်ပြန်ခဲ့သည့် စီးပွားရေးဆိုင်ရာ စာရင်းအချက်အလက်များ၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း တရုတ်နိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ၊ စက်မှုကုန်ထုတ်လုပ်မှု ကဏ္ဍ၊ ပြည်တွင်းကုန် စည်ရောင်းချမှုကဏ္ဍနှင့် အိမ်ခြံမြေကဏ္ဍတို့ အပါအဝင် စီးပွားရေးကဏ္ဍ အများစုတို့၌ တိုးတက်မှုနှုန်း ကျဆင်းသွားသည့် အခြေအနေများကို ပြသခဲ့ပြီးနောက်တွင် တရုတ်ဗဟိုဘဏ်သည် နိုင်ငံ၏စီးပွားရေး ပိုမိုအားကောင်း လာစေရန်အတွက် ဘဏ်တိုးနှုန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်တွင် ရုတ်တရက် လျှော့ချခဲ့ကြောင်း၊ တရုတ်ဗဟိုဘဏ်က ထုတ်ပြန်သည့် ကြေညာချက်၌ ဗဟိုဘဏ်အနေဖြင့် အခြားဘဏ်များနှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများအား ထုတ်ချေးနေသည့် ကာလသက်တမ်း တစ်နှစ်ရှိ ချေးငွေများအပေါ်၌ သတ်မှတ်ထားသည့် ဘဏ်တိုးနှုန်းကို မူလသတ်မှတ်ထားသည့် ၂.၆၅% မှ ၂.၅၀% သို့ပြောင်းလဲ သတ်မှတ်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဖော်ပြထားကြောင်း၊ တရုတ်ဗဟိုဘဏ်၏ ယခုဘဏ်တိုးနှုန်း လျှော့ချမှုသည် (၃)လတာ ကာလအတွင်း ဒုတိယအကြိမ်မြောက် လျှော့ချခြင်းဖြစ်ပြီး လာမည့် ရက်သတ္တပတ် အတွင်း၌လည်း အခြားကာလ သက်တမ်းရှိ ချေးငွေများအပေါ်၌ သတ်မှတ်ထားသည့် ဘဏ်တိုးနှုန်းများ ကိုလည်း ဆက်လက် လျှော့ချပေးဖွယ် ရှိသည်ဟူသော ခန့်မှန်းချက်များ ထွက်ပေါ်လျက်ရှိကြောင်း၊

တရုတ်ယွမ်ငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ရာ၌ တရုတ်ဗဟိုဘဏ်က ဘဏ် တိုးနှုန်း မလျှော့ချမီ ဩဂုတ်လ(၁၄)ရက်၌ အမေရိကန်(၁)ဒေါ်လာလျှင် ၇.၂၅၈၀ ယွမ် လဲလှယ်မှုနှုန်း၌ ဖြစ်ပေါ်ခဲ့သော် လည်း ဗဟိုဘဏ်က ဘဏ်တိုးနှုန်း လျှော့ချခဲ့ပြီးနောက်တွင် ဩဂုတ်လ(၁၅)ရက် တွင်မူ အမေရိကန် (၁)ဒေါ်လာလျှင် ၇.၂၈၄၂ ယွမ် လဲလှယ်မှုနှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း၊ ယွမ်ငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ရာ၌ ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းမှ လက်ရှိအချိန်ထိ (၈)လကျော် ကာလအတွင်း ၅% ကျဆင်းခဲ့ရာ အာရှဒေသသုံး အထင်ကရ ငွေကြေးများအနက် တန်ဖိုးအကျဆင်းဆုံး ငွေကြေးများစာရင်းတွင် ပါဝင်ခဲ့ကြောင်း၊ ယွမ်ငွေ တန်ဖိုးကျဆင်း နေချိန်တွင် အာရှဒေသအတွင်း၌ ယွမ်ငွေအစား အမေရိကန်ဒေါ်လာကို ဝယ်လိုအားများ ပြားနေသည့်အတွက် အမေရိကန် ဒေါ်လာတန်ဖိုးမှာ ပိုမိုအားကောင်း လျက်ရှိကြောင်း ဖော်ပြပါရှိပါသည်။

 

Ref: www.cnbc.com