တရုတ်နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိ လာသည့်အတွက် ပြည်သူများ၏ ရွှေဝယ်လိုအားမှာ မြင့်တက်လျက်ရှိကြောင်း ဖော်ပြထားသည့် တရုတ်နိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၏ အစီရင်ခံစာကြောင့်  ကမ္ဘာ့ရွှေဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ကြောင်း

 

www.channelnewsasia.com အင်တာနက် website တွင် ဖော်ပြထားသည့် သတင်းမှာ တရုတ်နိုင်ငံ၌ စီးပွားရေးလုပ်ငန်းများမှာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိ လာပြီဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းများ ကောင်းမွန်လာမှု နှင့်အတူ ဝင်ငွေတိုးတက်မှု ရရှိလာသော ပြည်သူများ၏ ရွှေဝယ်ယူ စုဆောင်းမှု ပမာဏမှာလည်း မြင့်တက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ဆန်းမှ ဇွန်လကုန်အထိ (၆)လတာ ကာလအတွင်း တရုတ်ပြည်သူများ၏ ရွှေဝယ်ယူမှု စုစုပေါင်းပမာဏ မှာ (၅၅၄.၈၈)တန်ခန့် ရှိခဲ့သည့်အတွက် အဆိုပါ ပမာဏသည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၆% ကျော် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရွှေဝယ်ယူမှုတွင် တရုတ်ဗဟိုဘဏ်က ဝယ်ယူခဲ့သည့် ရွှေပမာဏကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးကြောင်း၊ တရုတ်ပြည်သူများ ဝယ်ယူခဲ့သည့် ရွှေပမာဏအနက် (၃၆၈.၂၆)တန်မှာ လက်ဝတ်ရတနာ အဖြစ်ဝတ်ဆင်ရန်အတွက် ဝယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း၊ ရွှေဝယ်လိုအားမြင့်တက် ခဲ့သည့်နည်းတူ ပြည်တွင်း၌ ရွှေထုတ်လုပ်မှု ပမာဏမှာလည်း ယမန်နှစ် ပထမ(၆)လတာ ကာလနှင့်နှိုင်းယှဉ်ပါက ၁၅% မြင့်တက်ခဲ့ပြီး စုစုပေါင်းတန်ချိန် (၃၆၈.၂၆)တန်ရှိ သည်ဟုဖော်ပြထားကြောင်း၊

တရုတ်နိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၏ အစီရင်ခံစာ၌ တရုတ်နိုင်ငံ၏စီးပွားရေး ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာခြင်းနှင့်အတူ တရုတ်ပြည်သူများ၏ ရွှေဝယ်ယူမှု ပမာဏမှာလည်း အချိန်တိုကာလအတွင်း ဆက်တိုက်မြင့်တက်လာလိမ့်မည်ဟု ရေးသားထားကြောင်း၊

ကမ္ဘာ့ရွှေဈေးနှုန်းသည် အမေရိကန်ဗဟိုဘဏ်၏ ဇူလိုင်လအစည်းအဝေးကို အကြောင်းပြု၍ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း၌ အားပျော့နေခဲ့ကြောင်း၊ သို့သော် ဇူလိုင်လ(၂၅)ရက်တွင် တရုတ်နိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာနှင့် ယင်းနေ့၌ပင်ထွက်ရှိခဲ့သည့် တရုတ်အစိုးရက နိုင်ငံ၏စီးပွားရေးပိုမို တိုးတက်စေရန် စီမံချက်များ ချမှတ်ဆောင်ရွက် သွားမည်ဟူသော ကြေညာချက်တို့ ထွက်ပေါ်ခဲ့ပြီးနောက်တွင်မူ တရုတ်နိုင်ငံ၏ ရွှေဝယ်လိုအား အပေါ် အကောင်းမြင်သည့် မျှော်လင့်ချက်များနှင့်အတူ ကမ္ဘာ့ရွှေဈေးမှာ ဇူလိုင်လ(၂၆)ရက် နံနက်ပိုင်းတွင် ၀.၅% မြင့်တက်ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၉၆၈)ဒေါ်လာ ဝန်းကျင်သို့ ရောက်ရှိခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

မှတ်ချက်။      တရုတ်ဗဟိုဘဏ်က ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ ၂၀၂၃ ခုနှစ်၊ ပထမ (၆)လတာ ကာလအတွင်း တရုတ်ဗဟိုဘဏ်၏ ရွှေအသားတင် ဝယ်ယူစုဆောင်းခဲ့မှု ပမာဏမှာ အလေး ချိန် (၁၀၃)တန်ခန့်ရှိကြောင်း သိရှိရပါသည်။