တရုတ်နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိ လာသည့်အတွက် ပြည်သူများ၏ ရွှေဝယ်လိုအားမှာ မြင့်တက်လျက်ရှိကြောင်း

တရုတ်နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိ လာသည့်အတွက် ပြည်သူများ၏ ရွှေဝယ်လိုအားမှာ မြင့်တက်လျက်ရှိကြောင်း ဖော်ပြထားသည့် တရုတ်နိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၏ အစီရင်ခံစာကြောင့်  ကမ္ဘာ့ရွှေဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ကြောင်း

 

www.channelnewsasia.com အင်တာနက် website တွင် ဖော်ပြထားသည့် သတင်းမှာ တရုတ်နိုင်ငံ၌ စီးပွားရေးလုပ်ငန်းများမှာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိ လာပြီဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းများ ကောင်းမွန်လာမှု နှင့်အတူ ဝင်ငွေတိုးတက်မှု ရရှိလာသော ပြည်သူများ၏ ရွှေဝယ်ယူ စုဆောင်းမှု ပမာဏမှာလည်း မြင့်တက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ဆန်းမှ ဇွန်လကုန်အထိ (၆)လတာ ကာလအတွင်း တရုတ်ပြည်သူများ၏ ရွှေဝယ်ယူမှု စုစုပေါင်းပမာဏ မှာ (၅၅၄.၈၈)တန်ခန့် ရှိခဲ့သည့်အတွက် အဆိုပါ ပမာဏသည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၆% ကျော် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရွှေဝယ်ယူမှုတွင် တရုတ်ဗဟိုဘဏ်က ဝယ်ယူခဲ့သည့် ရွှေပမာဏကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးကြောင်း၊ တရုတ်ပြည်သူများ ဝယ်ယူခဲ့သည့် ရွှေပမာဏအနက် (၃၆၈.၂၆)တန်မှာ လက်ဝတ်ရတနာ အဖြစ်ဝတ်ဆင်ရန်အတွက် ဝယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း၊ ရွှေဝယ်လိုအားမြင့်တက် ခဲ့သည့်နည်းတူ ပြည်တွင်း၌ ရွှေထုတ်လုပ်မှု ပမာဏမှာလည်း ယမန်နှစ် ပထမ(၆)လတာ ကာလနှင့်နှိုင်းယှဉ်ပါက ၁၅% မြင့်တက်ခဲ့ပြီး စုစုပေါင်းတန်ချိန် (၃၆၈.၂၆)တန်ရှိ သည်ဟုဖော်ပြထားကြောင်း၊

တရုတ်နိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၏ အစီရင်ခံစာ၌ တရုတ်နိုင်ငံ၏စီးပွားရေး ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာခြင်းနှင့်အတူ တရုတ်ပြည်သူများ၏ ရွှေဝယ်ယူမှု ပမာဏမှာလည်း အချိန်တိုကာလအတွင်း ဆက်တိုက်မြင့်တက်လာလိမ့်မည်ဟု ရေးသားထားကြောင်း၊

ကမ္ဘာ့ရွှေဈေးနှုန်းသည် အမေရိကန်ဗဟိုဘဏ်၏ ဇူလိုင်လအစည်းအဝေးကို အကြောင်းပြု၍ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း၌ အားပျော့နေခဲ့ကြောင်း၊ သို့သော် ဇူလိုင်လ(၂၅)ရက်တွင် တရုတ်နိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာနှင့် ယင်းနေ့၌ပင်ထွက်ရှိခဲ့သည့် တရုတ်အစိုးရက နိုင်ငံ၏စီးပွားရေးပိုမို တိုးတက်စေရန် စီမံချက်များ ချမှတ်ဆောင်ရွက် သွားမည်ဟူသော ကြေညာချက်တို့ ထွက်ပေါ်ခဲ့ပြီးနောက်တွင်မူ တရုတ်နိုင်ငံ၏ ရွှေဝယ်လိုအား အပေါ် အကောင်းမြင်သည့် မျှော်လင့်ချက်များနှင့်အတူ ကမ္ဘာ့ရွှေဈေးမှာ ဇူလိုင်လ(၂၆)ရက် နံနက်ပိုင်းတွင် ၀.၅% မြင့်တက်ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၉၆၈)ဒေါ်လာ ဝန်းကျင်သို့ ရောက်ရှိခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

မှတ်ချက်။      တရုတ်ဗဟိုဘဏ်က ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ ၂၀၂၃ ခုနှစ်၊ ပထမ (၆)လတာ ကာလအတွင်း တရုတ်ဗဟိုဘဏ်၏ ရွှေအသားတင် ဝယ်ယူစုဆောင်းခဲ့မှု ပမာဏမှာ အလေး ချိန် (၁၀၃)တန်ခန့်ရှိကြောင်း သိရှိရပါသည်။

အင်အားပြင်းထန်သော အယ်နီညို ရာသီဥတုဖြစ်စဉ် စတင်နေပြီဖြစ်သောကြောင့် ရာသီဥတုဖောက်ပြန်မှုနှင့် စားနပ်ရိက္ခာ အကျပ်အတည်များအတွက် ပြင်ဆင်ထားကြရန် ကုလသမဂ္ဂက သတိပေးခဲ့မှု

အင်အားပြင်းထန်သော အယ်နီညို ရာသီဥတုဖြစ်စဉ် စတင်နေပြီဖြစ်သောကြောင့်
ရာသီဥတုဖောက်ပြန်မှုနှင့် စားနပ်ရိက္ခာ အကျပ်အတည်များအတွက် ပြင်ဆင်ထားကြရန်
ကုလသမဂ္ဂက သတိပေးခဲ့မှု

အယ်နီညို ရာသီဥတုဖြစ်စဉ်သည် ကမ္ဘာတစ်ဝန်း၌ စတင်ဖြစ်ပွားနေပြီ ဖြစ်သောကြောင့် ကမ္ဘာ့နိုင်ငံများ အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လမှ စတင်၍ ၂၀၂၄ ခုနှစ် ကုန်ပိုင်းအထိ အပူချိန် မြင့်မားသည့်ဒဏ်၊ ရာသီဥတု ဖောက်ပြန်မှုနှင့် စားနပ်ရိက္ခာ အကျပ်အတည်းများကို ကြုံတွေ့ နိုင်သည့်အတွက် ကြိုတင် ပြင်ဆင်ထားကြရန် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ဖြစ်သည့် ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO)က ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်တွင် သတိပေးခဲ့ကြောင်း၊ အယ်နီညို ဖြစ်စဉ်သည် ပျှမ်းမျှအားဖြင့် (၂)နှစ်မှ (၇)နှစ် တာကာလအတွင်း တစ်ကြိမ်ဖြစ်ပွားလေ့ရှိပြီး တစ်ကြိမ်ဖြစ်ပွားပါက အနည်းဆုံး(၉)လမှ (၁၂)လ အထိ ကြာမြင့်လေ့ရှိကြောင်း၊ ကမ္ဘာပေါ်၌ အယ်နီညိုကြောင့် အပူချိန်မြင့်တက်မှု အများဆုံးဖြစ်ပွားခဲ့သည့် နှစ်မှာ ၂၀၁၆ ခုနှစ်ဖြစ်ပြီး အဆိုပါနှစ်တွင် ကမ္ဘာ့နိုင်ငံများ၌ ပုံမှန်ဖြစ်ပွားလေ့ရှိသည့် အပူချိန်ထက် (၁.၁)ဒီဂရီစင်တီဂရိတ် ပိုမိုမြင့်တက်ခဲ့ကြောင်း၊ ယခုနှစ်တွင် ဖြစ်ပွားမည့် အယ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာ့နိုင်ငံများ၌ အပူချိန်မှာ ပုံမှန်အနေအထားထက် (၁.၅)ဒီဂရီစင်တီဂရိတ် မြင့်တက်ဖွယ်ရှိကြောင်း၊ အပူချိန် အမြင့်ဆုံးကာလမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၌ စတင်ဖွယ်ရှိပြီး ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ အပူချိန် မြင့်တက်မှုဒဏ်ကို ကြုံတွေ့ရဖွယ်ရှိကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကလည်း အယ်နီညို ဖြစ်ပွားသည့် ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါ၊ ဇီကာရောဂါနှင့် အာဖရိက တုပ်ကွေးရောဂါများ ပြန့်နှံ့မှုနှုန်းမှာ အလွန်အမင်း မြင့်မားလေ့ရှိသောကြောင့် ရောဂါအန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် ပြင်ဆင်ထားကြရန် သတိပေးထားကြောင်း၊ အယ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ဝန်း၌ လယ်ယာ ထွက်ကုန်များ အထွက်နှုန်းကျဆင်းပြီး ဆန်နှင့် စားအုန်းဆီအပါအဝင် အခြေခံ စားသောက်ကုန်ဈေးနှုန်း  မြင့်တက်မှုများ ဖြစ်ပေါ်လာနိုင်သည်သာမက စက်သုံးဆီ ကဲ့သို့သော စွမ်းအင်ဈေးနှုန်းများပါ အများအပြား မြင့်တက်လာလိမ့်မည်ဟု ကုလသမဂ္ဂက သတိပေးထားကြောင်း www.bangkokpost.com တွင်ဖော်ပြ ပါရှိပါသည်။

မှတ်ချက် ။     အမေရိကန် Journal Science ၏ သုတေသနပြုချက်များအရ အယ်နီညိုကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်မှုအများဆုံး နှစ်များမှာ ၁၉၈၂-၁၉၈၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၄.၁) ထရီလီယံခန့် ဆုံးရှုံးမှုနှင့် ၁၉၉၇-၁၉၉၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၅.၇) ထရီလီယံခန့် ဆုံးရှုံးမှု တို့ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားမည့် အယ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာ့စီးပွားရေး ဆုံးရှုံးမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၃)ထရီလီယံခန့် ရှိနိုင်သည်ဟု သိရှိရပါသည်။