စံပယ်တို့ အစဉ်မွှေးပျံ့ဖို့ စုစည်းကြိုးစားစို့

 

စံပယ်ပန်းသည် မွှေးပျံ့၍ ဖြူစင်ဝင်းပကြည်လင်၏ ၊ စံပယ်ပန်းတို့၏ ဂုဏ်သတ္တိကို စံနမူထား၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဝန်ထမ်းများကို စံပယ်များဟု တင်စားသမုတ် ခဲ့ကြသည်၊ ၁၉၅၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ပေါက်ဖွားခဲ့သည့် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနကြီးသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ဆိုလျှင် ၇၂ နှစ် မြောက် နှစ်ပတ်လည်နေ့သို့ပင် ရောက်ရှိလာပြီဖြစ်သည်။

null
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် အထူးစုံစမ်းစစ်ဆေးမှု အုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအက်ဥပဒေပါ လုပ်ပိုင်ခွင့်များအရ စီးပွားရေးဆိုင်ရာပြစ်မှုများ၊ ဝန်ထမ်းမသမာမှုများကို စုံစမ်းစစ်ဆေး အရေးယူလျက်ရှိပါသည်။ အထူးသဖြင့် နိုင်ငံတော်နှင့် အများပြည်သူကို ထိခိုက်နစ်နာစေသည့်အမှုများ၊ ငွေကြေးခဝါချမှုများ၊ ငွေကြေးဆိုင်ရာဥပဒေ များကို ဖောက်ဖျက်ကျူးလွန်သည့် အမှုများကို စုံစမ်းစစ်ဆေးလျက်ရှိပါသည်။ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနသည် နိုင်ငံတော်အတွက် ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းဌာန မဟုတ်သော်လည်း ဦးစီးဌာနသို့ တာဝန်ပေးအပ်လာသည့် အမှုများကို စုံစမ်း စစ်ဆေးရင်း ဆုံးရှုံးနေသည့်၊ ကွယ်ပျောက်နေသည့် ဘဏ္ဍာငွေများ၊ အခွန်ငွေများ ပြန်လည် ရရှိစေရေး ခေတ်အဆက်ဆက် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးလျက်ရှိပါသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ (၂)နှစ်ကျော်ကာလအတွင်း အဓိကစုံစမ်းမှု (၆၄)မှု၊ ငွေကြေးခဝါချမှု(၃၀၈)မှုတို့ကို စုံစမ်းစစ်ဆေးခဲ့ပြီး သက်သေခံပစ္စည်းသိမ်းဆည်းရမိမှု တန်ဖိုးမှာ မြန်မာ ငွေကျပ်(၆၀.၂၆၈)ဘီလီယံနှင့် အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေ (၁၅)မျိုး ဖြစ်ပါသည်။ စုံစမ်းစစ်ဆေး ပေါ်ပေါက်ချက်များအပေါ် လိုအပ်သည့် ဥပဒေအကြံပြုချက်များ ရယူ၍ သက်ဆိုင်ရာတရားရုံးများသို့ တရားစွဲတင်ပို့ခဲ့ရာတွင် တရားရုံးများက ပြည်သူ့ဘဏ္ဍာ အဖြစ်သိမ်းဆည်းရန် အမိန့်ချမှတ်ခဲ့သည့်တန်ဖိုးမှာ မြန်မာကျပ်ငွေ(၁၄.၀၂၀) ဘီလီယံနှင့် နိုင်ငံခြားငွေများ ပါဝင်ပါသည်။

ထို့အပြင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးခဲ့သည့် အမှုများအနက် အခွန်ပေးဆောင်ရန်ရှိနေကြောင်း စစ်ဆေးတွေ့ရှိရ၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အခွန်စည်းကြပ်နိုင်ရန် အကြောင်းကြားခဲ့သဖြင့် အခွန်စည်းကြပ်နိုင်မှုမှာ မြန်မာငွေကျပ် (၁၈.၄၂၄)ဘီလီယံနှင့် ထိုင်းဘတ်ငွေ (၁.၅)သိန်း ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စုံစမ်းစစ်ဆေးခဲ့သည့် အမှုများ မှ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းနိုင်မှု၊ တရားရုံးများက ပြည်သူ့ဘဏ္ဍာသိမ်းဆည်းမှုနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှတစ်ဆင့် အခွန်စည်းကြပ်နိုင်မှု စုစုပေါင်းတန်ဖိုးမှာ မြန်မာငွေကျပ် (၉၂.၇) ဘီလီယံကျော် ၊ ထိုင်းဘတ်ငွေ (၁.၅)သိန်းနှင့် နိုင်ငံခြားငွေ (၁၅)မျိုး ဖြစ်ပါသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် သမိုင်းအစဉ်အလာ ကောင်းမွန်သည့်ဌာန ကြီး ဖြစ်သည်နှင့်အညီ ဌာနဝင်မျိုးဆက်သစ် ဝန်ထမ်းများကလည်း ဌာနကြီး၏ အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်းရန် တာဝန်ရှိလာပေသည်။ မိခင် ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဦးစီးဌာနအကြီးအကဲများ၏ လမ်းညွှန်မှု များနှင့်အညီ လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းများကလည်း ဇွဲ၊ လုံ့လ၊ဝီရိယစိုက်ထုတ်၍ စေတနာပါပါဖြင့် စည်းလုံးညီညွှတ်စွာ ဆောင်ရွက်ကြရန်လိုပါသည်။ တာဝန်ကျေပွန်အောင် ထမ်းဆောင်ပြီး၍ အငြိမ်းစားယူသွားကြသည့် ဝန်ထမ်းဟောင်းများ၏ ဆောင်ရွက်ချက်များအပေါ် အတုယူစံနမူနာထား၍ သာလွန်ထက်မြက်အောင် တီထွင်ကြံဆ ဆောင်ရွက်တတ်ကြရန်လိုပါသည်။ ပြောင်းလဲလာသည့် ခေတ်စနစ်အရ စစ်ဆေးရသည့် အမှုများ၊ လုပ်ငန်းများမှာ ဆန်းသစ်လာရာ နိုင်ငံတကာနှင့်ပြည်တွင်း၌ ဖြစ်ပေါ်ပြောင်းလဲ နေသည့်အခြေအနေများကို လေ့လာနေပြီး လိုအပ်သည့် နည်းပညာများကို မျက်ခြည်မပြတ် ဆည်းပူးနေကြရန်လည်း လိုအပ်မည်ဖြစ်ပါသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဝန်ထမ်းများသည် လုပ်ငန်းသဘောအရ အများ ပြည်သူနှင့်ထိတွေ့ဆက်ဆံရာတွင် စိတ်ထားနူးညံ့သူများ၊ ကူညီရိုင်းပင်းတတ်သူများ၊ ဆင်ခြင် တုံတရား ပြည့်ဝစွာဖြင့် ထောက်ထားညှာတာတတ်သူများဟု အသိအမှတ်ပြုမှုရရှိနိုင်ရန် ကြိုးစား ကြရပါမည်။ ဝန်ထမ်းတစ်ဦးချင်းစီ၏ ဆောင်ရွက်ချက်သည် မိမိဦးစီးဌာနအတွက် လွန်စွာ အရေးပါသည်ကို သတိမူရပေမည်။ မိမိတို့၏ ဆောင်ရွက်ချက်များအပေါ်မူတည်၍ ဦးစီးဌာနကြီး၏ ပုံရိပ်သည်လည်း ပြောင်းလဲမည်ဖြစ်ပါသည်။ စုံစမ်းစစ်ဆေးရသည့် အမှု များတွင် ပါဝင်ပတ်သက်သူများမှာ အလိုလောဘကြီးပြီး မိမိကိုယ်ကျိုးအတွက် ရယူလိုမှု ပြင်းပြသဖြင့် ပြစ်မှုကျူးလွန်သူများပါဝင်သကဲ့သို့ အချို့မှာလည်း သက်ဆိုင်မှုမရှိဘဲ ပုဂ္ဂိုလ်ရေး အာဃာတဖြင့် မလိုမုန်းထား စွပ်စွဲခံရသူများလည်း ပါဝင်လာမည်ဖြစ်ပါသည်။ အမှား/အမှန်၊ အတိမ်/အနက် ကိုကွဲလွဲအောင် ခွဲခြားသိရှိရန်မှာ ဝန်ထမ်းတစ်ဦးချင်းအလိုက် ရှိထားသင့်သည့် အရည်အချင်း ဖြစ်ပါသည်။ စုံစမ်းမှုများကို စစ်ဆေးရသည့် အမှုစစ်ဝန်ထမ်းများအနေဖြင့် ဦးစီးဌာနအကြီး အကဲများထံ ပြန်လည်တင်ပြရာတွင် အပြစ်လုပ်သူကို အပြစ်ရှိကြောင်း အထောက်အထား ပြည့်ပြည့်စုံစုံဖြင့် တင်ပြနိုင်ရမည်ဖြစ်ပြီး အပြစ်ကျူးလွန်မှုမရှိသူကို အပြစ်ရှိကြောင်း မှားယွင်းမတင်ပြမိစေရန် အထူးသတိထားရမည် ဖြစ်ပါသည်။

ဦးစီးဌာနကြီးကို လူရိုသေရှင်ရိုသေဌာနကြီး၊ အများပြည်သူက လေးစားအားထား ယုံကြည်ရသည့်ဌာနကြီး ဖြစ်စေရန်မှာ လက်ရှိတာဝန်ထမ်းဆောင်နေသည့် မျိုးဆက်သစ် ဝန်ထမ်းများပေါ်တွင်သာ မူတည်နေပါသည်၊ ဌာနဝင်ဝန်ထမ်းတစ်ဦးချင်းစီက စုစည်းညီညွှတ် စွာဖြင့် မိမိတို့ဦးစီးဌာနကြီးအပေါ် စေတနာထား လုပ်ဆောင်ကြရမည်ဖြစ်သည့်အပြင် ဦးစီး ဌာန၏ လုပ်ငန်းများအပေါ်နှင့် ဝန်ထမ်းအချင်းချင်းအပေါ်တွင် သစ္စာရှိရန်လည်း လိုအပ်ပါ သည်၊ ဝန်ထမ်းများအနေဖြင့် “သု-စိ-ပု-ဘာ-ဝိ-လိ-သိ-ဓာ အက္ခရာစွဲသုံး ဤရှစ်လုံးကို သီကုံး ပန်းသွင် နေ့တိုင်းဆင်လော့”ဟူသည့်  အင်းဝခေတ်စာဆိုတော် ရှင်မဟာရဌသာရ၏ “ သု-စိ-ပု-ဘာ” ဧကပိုဒ်လင်္ကာပါအတိုင်း  အမြဲမပြတ် ကျင့်ကြံပွားများ နေကြစေချင်ပါသည်။

သု _   သုဏေယျ    _    နာကြားရာ၏

စိ    _   စိန္တေယျ        _    ကြံစည်ရာ၏

ပု    _   ပုစ္ဆေယျ        _    မေးမြန်းရာ၏

ဘာ _ ဘာသေယျ   _     ပြောဆိုရာ၏

ဝိ    _   ဝိစာရေယျ    _     စူးစမ်းဆင်ခြင်ရာ၏

လိ _   လိက္ခေယျ     _     ရေးသားရာ၏

သိ _   သိက္ခေယျ     _      သင်ယူရာ၏

ဓာ _   ဓာရေယျ      _      နှုတ်တတ်ဆောင်ရာ၏

 

သန်းထွဋ်ဝင်း