ကမ္ဘာ့ထိပ်တန်းခရစ်ပ်တိုငွေကြေး အိတ်ချိန်းဖြစ်သည့် Binance ၏ အမှုဆောင်အရာရှိချုပ်အား အမေရိကန်အစိုးရက ငွေကြေးခဝါချမှုဖြင့် တရားစွဲဆိုခဲ့ပြီးနောက် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ (၂,၀၀၀) အထက်သို့ မြင့်တက်ခဲ့

www.investopedia.com အင်တာနက် website တွင် ဖော်ပြထားသည့် သတင်းမှာ ကမ္ဘာပေါ်၌ အကြီးမားဆုံး ခရစ်ပ်တို ငွေကြေးအိတ်ချိန်း ဖြစ်သည့် Binance ကို တည်ထောင်ခဲ့သူဖြစ်ပြီး  အမှုဆောင် အရာရှိချုပ် တာဝန်ကိုပါ ရယူထားသော ကနေဒါနိုင်ငံသား  တရုတ်နွယ်ဖွား ဘီလျံနာ ချန်ပင်ကျိုကို အမေရိကန် တရားရေး ဝန်ကြီးဌာနက ငွေကြေးခဝါချမှုများတွင် ဆက်နွယ် ပတ်သက်ခဲ့မှုဖြင့် စွဲချက်တင်ခဲ့ရာ ချန်ပင်ကျိုက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး ငွေဒဏ်အဖြစ် အမေရိကန် ဒေါ်လာ (၄)ဘီလီယံ ပေးဆောင်ရန် သဘောတူညီခဲ့သည့်အပြင် အခြားထိုက်သင့်သည့် ပြစ်ဒဏ်များ ကိုလည်း ခံယူရန်နှင့် Binance ၏ အမှုဆောင် အရာရှိချုပ်တာဝန်မှ နုတ်ထွက်ပေးရန်ကိုပါ ဝန်ခံကတိပြုခဲ့ကြောင်း၊ အမေရိကန်အာဏာပိုင်များသည် Binance နှင့်ပတ်သက်၍ အချိန်ကာလ တစ်နှစ်ကျော်ခန့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ၌ Binance ကို ကြားခံအဖြစ် အသုံးပြု၍ ငွေကြေးခဝါချမှုများ ပြုလုပ်ခဲ့သူများတွင် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူး လွန်ခဲ့သူများ နှင့် မူးယစ်ဆေးဝါးဂိုဏ်း များသာမက  အိုင်အက်စ်၊ အယ်လ်ကိုင်ဒါ၊ ဟားမတ်စ်ကဲ့သို့သော အကြမ်းဖက် အဖွဲ့အစည်းများ အထိပါဝင်ခဲ့ကြောင်း၊ ချန်ပင်ကျို၏ ပိုင်ဆိုင်မှုအရပ်ရပ်မှာ အမေရိကန်ဒေါ်လာ (၂၃)ဘီလီယံကျော် ရှိကြောင်း၊ ၎င်းသည် ပုံမှန်အနေအထား၌ ငွေကြေးခဝါချမှုဖြင့် ထောင်ဒဏ်(၁၀) နှစ်အထိ ပြစ်ဒဏ်ကိုပါ ကျခံရဖွယ် ရှိသော်လည်း အမေရိကန်တရားရုံးမှ ပြစ်ဒဏ်မချမှတ်မီ ၎င်းက အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး အာဏာပိုင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပေးမည်ဟု ကတိပြုခဲ့သည့်အတွက် ၎င်းအား အမေရိကန်တရားရုံးက ထောင်ဒဏ်(၁၈)လသာ ချမှတ်ဖွယ်ရှိကြောင်း၊

ခရစ်ပ်တိုငွေကြေး လောက၌ အရှိန်အဝါ အကြီးမားဆုံး အိတ်ချိန်းဖြစ်သည့် Binance ၏ အမှုဆောင်အရာရှိချုပ်အား အမေရိကန် အာဏာပိုင်များက ငွေကြေးခဝါချမှုဖြင့် အရေးယူသည့်ဖြစ်စဉ် ပေါ်ပေါက်ပြီးနောက်တွင် ခရစ်တိုငွေကြေး ဈေးကွက်အတွင်း၌ ထိတ်လန့် တုန်လှုပ်မှုများဖြစ်ပေါပြီး ရင်းနှီးမြှုပ်နှံမှုများ လျော့နည်းကာ ခရစ်ပ်တိုငွေကြေး တန်ဖိုးများ ဆက်တိုက်ကျဆင်း လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်တွင်  လူသုံးအများဆုံး ထိပ်တန်း ခရစ်ပ်တိုငွေကြေးဖြစ်သည့် Bitcoin ၏ တန်ဖိုးမှာ (၁.၅၃%) ကျဆင်းပြီး တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ( ၃၆,၅၃၃ ) ဒေါ်လာ သို့လည်းကောင်း၊ ဒုတိယအသုံးပြုမှုအများခရစ်ပ်တိုငွေကြေးဖြစ်သည့် Ethereum ၏ တန်ဖိုးမှာ (၂.၁%) ကျဆင်းပြီး တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၁,၉၉၂.၄၃)ဒေါ်လာ သို့လည်းကောင်း အသီးသီးရောက်ရှိခဲ့ကြောင်း၊ ခရစ်ပ်တိုငွေကြေး ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့လက်ဝယ်ရှိ ခရစ်ပ်တိုငွေကြေးများကို ရောင်းချ၍ ရွှေအများအပြားကို ပြောင်းလဲစုဆောင်း နေခြင်းကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ မြင့်တက်လာခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၂ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ (၀.၁၇%) မြင့်တက်ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၂၀၀၅) ဒေါ်လာ ဝန်းကျင်သို့ရောက်ရှိခဲ့ကြောင်းဖော်ပြပါရှိပါသည်။

မှတ်ချက်။      နိုဝင်ဘာလ ၂၁ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁,၉၉၂) ဒေါ်လာဝန်းကျင်၌ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

 

Source : www.investopedia.com