၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ

 

(၁၉၂၃ ခုနှစ်၊ အိန္ဒိယအက်ဥပဒေအမှတ် ၂၃၊ ၂-၄-၁၉၂၃ နေ့တွင်ပြဌာန်းသည်။)

သက်ဆိုင်ခြင်း

ပုဒ်မ ၁။         ဤအက်ဥဒေသည် ပြည်ထောင်စု မြန်မာနိုင်ငံတဝန်းလုံးနှင့် သက်ဆိုင်သည့်ပြင် မည်သည့်ဒေသတွင်မဆိုရှိသော ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံးနှင့် လည်းကောင်း၊ အစိုးရ အရာထမ်း၊ အမှုထမ်းအားလုံးနှင့်လည်းကောင်း သက်ဆိုင်သည်။

အဓိပ္ပါယ်ဖော်ပြချက်

ပုဒ်မ ၂။         ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့် ဖြစ်စေ မဆန့်ကျင်လျှင်-

(၁)     အစိုးရပိုင် နေရာဆိုသည့် စကားရပ်တွင် အမှန်တကယ် အစိုးရပိုင် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အစိုးရဌာနတစ်ခုခု လက်ရှိထားသော နေရာလည်း ပါဝင်သည်။

(၂)     ပြောကြားခြင်း သို့မဟုတ် လက်ခံခြင်းဆိုသည့် စကားရပ်တွင် အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ၊ ပြောကြားခြင်း သို့မဟုတ် လက်ခံခြင်း၊ ထို့ပြင် ပုံကြမ်း၊ စနစ်ပုံ၊ ပုံရင်း၊ ဆောင်းပါး၊ မှတ်တမ်း၊ စာတမ်း အမှတ်အသား သို့မဟုတ် သတင်းကိုပင်ဖြစ်စေ၊ ၎င်းတို့၏ လိုရင်းအချက်၊ သဘောထား သို့မဟုတ် အကြောင်းအရာကိုသာဖြစ်စေ၊ပြောကြားခြင်း သို့မဟုတ် လက်ခံခြင်း ပါဝင်သည်။ ပုံကြမ်း၊ စနစ်ပုံ၊ ပုံရင်း၊ ဆောင်းပါး၊ မှတ်တမ်း သို့မဟုတ် စာတမ်း အမှတ်အသား တစ်ခုလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကို သော်လည်းကောင်း၊ ရေးကူးခြင်း သို့မဟုတ် ရေးကူးစေခြင်း ပါဝင်သည်။ ထို့ပြင် ပုံကြမ်း၊ စနစ်ပုံ၊ ပုံရင်း၊ ဆောင်းပါး၊ မှတ်တမ်း သို့မဟုတ် စာတမ်း အမှတ်အသား တစ်ခုခု ပြောကြားခြင်းဆိုသည့် စကားရပ်တွင် ထိုပုံကြမ်း၊ စနစ်ပုံ၊ ပုံရင်း၊ ဆောင်းပါး၊ မှတ်တမ်း သို့မဟုတ် စာတမ်းအမှတ်အသား လွှဲပြောင်းခြင်း သို့မဟုတ် ပေးပို့ခြင်းပါဝင်သည်။

(၃)     “စာတမ်းအမှတ်အသား” ဆိုသည့် စကားရပ်တွင် စာတမ်းအမှတ်အသား တစ်စိတ်တစ်ဒေသ ပါဝင်သည်။

(၄)     “ပုံရင်း” ဆိုသည့် စကားရပ်တွင် ရုပ်ပုံ၊ ပုံစံနှင့် နမူနာပါဝင်သည်။

(၅)     “စစ်ပစ္စည်း” ဆိုသည့် စကားရပ်တွင် စစ်ရေးစစ်ရာ၌ အသုံးပြုရန် ရည်ရွယ် သည့် သို့မဟုတ် တပ်ဆင်ထားသည့် သင်္ဘော၊ ရေငုပ်သင်္ဘော၊ လေယာဉ်ပျံ၊ တင့်ကား သို့မဟုတ် အလားတူ စက်ကိရိယာ၊ လက်နက်၊ ခဲယမ်းမီးကျောက်၊ တော်ပီဒိုလက်နက် သို့မဟုတ် မိုင်းတစ်ခုလုံးသော်လည်းကောင်း၊ တစ်စိတ် တစ်ဒေသ သော်လည်းကောင်း၊ ထိုသို့ အသုံးပြုရန်အကြံဖြင့် အမှန်တကယ် ရှိသော သို့မဟုတ် ရည်ရွယ်ထားသော အခြားပစ္စည်း၊ ကိရိယာ သို့မဟုတ် တန်ဆာပလာ တစ်ခုခု သော်လည်းကောင်း ပါဝင်သည်။

(၆)     “အစိုးရဝန်ထမ်းရာထူး” ဆိုသည့် စကားရပ်တွင် အစိုးရဌာန တစ်ခုခု၌ဖြစ်စေ၊ အစိုးရဌာန လက်အောက်၌ဖြစ်စေ ဆောင်ရွက်သောရာထူး သို့မဟုတ် အလုပ် အကိုင်တစ်ခုခုပါဝင်သည်။

(၇)     “ဓါတ်ပုံ” ဆိုသည့် စကားရပ်တွင် ရိုက်ပြီး၍ မဆေးရသေးသည့် ဖလင်ကော်ပြား သို့မဟုတ် မှန်ချပ်ပါဝင်သည်။

(၈)     “ပိတ်ပင်တားမြစ်ထားသည့် နေရာ” ဆိုသည်မှာ အောက်ပါတို့ကို ဆိုလိုသည်-

(က)    အစိုးရပိုင်ဆိုင်သည့် သို့မဟုတ် အစိုးရကဖြစ်စေ၊ အစိုးရအတွက်ဖြစ်စေ၊ လက်ရှိထားသည့်ခံတပ်၊ လက်နက်တိုက်၊ ရေတပ်၊ ကြည်းတပ် သို့မဟုတ် လေတပ်အဖွဲ့ထားရှိရာ သို့မဟုတ် ချထားရာဌာန၊ မိုင်း၊ မိုင်းကွက်၊ စခန်း၊ သင်္ဘော သို့မဟုတ် လေယာဉ်ပျံ၊ ထိုသို့ပိုင်ဆိုင်သည့် သို့မဟုတ် လက်ရှိထားသည့် စစ်ဘက်ဆိုင်ရာကြေးနန်း သို့မဟုတ် စကားပြော ကြေးနန်း၊ ထိုသို့ပိုင်ဆိုင်သည့် သို့မဟုတ် လက်ရှိထားသည့် ဝိုင်ယာလက် သို့မဟုတ် အချက်ပြဆက်သွယ်ရေးဌာန သို့မဟုတ် ရုံး၊ ထို့ပြင် ထိုသို့ ပိုင်ဆိုင်၍ သို့မဟုတ် လက်ရှိထားရှိ စက်ပစ္စည်းများကိုဖြစ်စေ၊ ၎င်းတို့နှင့်  သက်ဆိုင်သည့်ပုံကြမ်း၊ စနစ်ပုံ၊ ပုံရင်း သို့မဟုတ် စာတမ်းအမှတ်အသား များကိုဖြစ်စေ၊ ဆောက်လုပ်၊ ပြင်ဆင် ပြုလုပ်၊ သိုလှောင်ရန် အလို့ငှာ သော်လည်းကောင်း၊ စစ်ဖြစ်ပွားချိန်တွင် အသုံးဝင်သည့် သတ္တု၊ ဆီ သို့မဟုတ် တွင်းထွက်ဝတ္ထုပစ္စည်းကိုရယူရန် အလို့ငှာသော်လည်းကောင်း၊ အသုံးပြုသည့် အလုပ်ရုံ၊ သင်္ဘောကျင်း သို့မဟုတ် အခြားနေရာ၊

(ခ)     အစိုးရနှင့်ဖြစ်စေ၊ အစိုးရကိုယ်စား တစ်ဦးတစ်ယောက်သောသူနှင့် ဖြစ်စေ၊ ပြုလုပ်သည့် ပဋိညာဉ်အရစစ်ပစ္စည်းများကို သော်လည်းကောင်း၊ ၎င်းတို့နှင့် သက်ဆိုင်သည့် ပုံကြမ်း၊ စနစ်ပုံ၊ ပုံရင်း သို့မဟုတ် စာတမ်း အမှတ်အသားများကိုသော်လည်းကောင်း၊ ပြုလုပ်၊ ပြင်ဆင်၊ ရယူ၊ သိုလှောင်ရာဖြစ်သော အစိုးရပိုင် မဟုတ်သည့်နေရာ၊

(ဂ)     အစိုးရပိုင်ဆိုင်သည့် သို့မဟုတ် အစိုးရကိစ္စအတွက် အသုံးပြုသည့်နေရာ တစ်ခုခုနှင့်စပ်လျဉ်း၍ သတင်းပေါက်ကြားသွားပါက သို့မဟုတ် ထိုနေရာ ပျက်စီးယိုယွင်းသွားပါကရန်သူအတွက်အသုံးဝင်မည်ဟူသောအကြောင်း ကြောင့် ထိုနေရာကို ဤဥပဒေပါကိစ္စအလို့ငှာပိတ်ပင် တားမြစ်ထား သည့်နေရာအဖြစ်ဖြင့် နိုင်ငံတော်သမ္မတက ပြန်တမ်းတွင် အမိန့်ကြော်ငြာ စာဖြင့် အခါအားလျော်စွာ ကြေညာ၍ ထိုနေရာတွင် ထိုသို့ ကြေညာသည့် အမိန့်ကြော်ငြာစာမိတ္တူကို မြန်မာဘာသာဖြင့်လည်းကောင်း၊ ဒေသသုံး ဘာသာရှိလျှင် ထိုဘာသာဖြင့်လည်းကောင်း စွဲကပ်ထားလျှင် အဆိုပါနေရာ၊

(ဃ)    မီးရထားလမ်း၊ လမ်း၊ လမ်းကြောင်း သို့မဟုတ် ရေစီးကြောင်း တစ်ခုခု နှင့်သော်လည်းကောင်း၊ အခြားကုန်ကြောင်း သို့မဟုတ် ရေကြောင်း ဆက်သွယ်ရေးများနှင့်သော်လည်းကောင်း၊(၎င်းတို့၏တစ်စိတ်တစ်ဒေသ ဖြစ်သော သို့မဟုတ် ၎င်းတို့နှင့်စပ်ဆိုင်သောလုပ်ငန်း သို့မဟုတ် အဆောက်အအုံများနှင့်သော်လည်းကောင်း) ဓါတ်ငွေ့၊ ရေ သို့မဟုတ် လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းများအတွက်ဖြစ်စေ၊ အခြားလုပ်ငန်းများ အတွက်ဖြစ်စေ၊ တိုင်းကျိုးပြည်ကျိုးအလို့ငှာအသုံးပြုသည့် နေရာတစ်ခုခု နှင့်သော်လည်းကောင်း၊ စစ်ပစ္စည်းများ သို့မဟုတ် ၎င်းတို့နှင့်သက်ဆိုင် သည့် ပုံကြမ်းများ၊ ပုံရင်းများ၊ စနစ်ပုံများ သို့မဟုတ် စာတမ်းအမှတ် အသားများကို အစိုးရအတွက်မဟုတ်ဘဲ၊ အခြားကိစ္စအတွက် ပြုလုပ်၊ ပြင်ဆင်၊သိုလှောင်သည့်နေရာတစ်ခုခုနှင့်သော်လည်းကောင်း စပ်လျဉ်း၍ သတင်းပေါက်ကြားသွားပါက သို့မဟုတ် ၎င်းတို့ကို ဖျက်ဆီးခြင်း၊ တားဆီးခြင်း သို့မဟုတ် ဝင်ရောက်စွက်ဖက်ခြင်းပြုပါက ရန်သူအတွက် အသုံးဝင်မည်ဟူသော အကြောင်းကြောင့် ၎င်းတို့ကို ဤအက်ဥပဒေ ပါကိစ္စများ အလို့ငှာ ပိတ်ပင်တားမြစ်သည့်နေရာအဖြစ်ဖြင့် နိုင်ငံတော် သမ္မတက ပြန်တမ်းတွင် အမိန့်ကြော်ငြာစာဖြင့် အခါအားလျော်စွာ ကြေညာ၍ ၎င်းတို့တွင် ထိုသို့ကြေညာသည့် အမိန့်ကြော်ငြာစာမိတ္တူကို မြန်မာဘာသာဖြင့်လည်းကောင်း၊ ဒေသသုံးဘာသာရှိလျှင် ထိုဘာသာဖြင့် လည်းကောင်း စွဲကပ်ထားလျှင် အဆိုပါ မီးရထားလမ်း၊ လမ်း၊ လမ်းကြောင်း၊ ရေစီးကြောင်း သို့မဟုတ် ကုန်းကြောင်း၊ ရေကြောင်း ဆက်သွယ်ရေးများ နှင့် နေရာများ၊

(၉)     “ပုံကြမ်း” ဆိုသည့် စကားရပ်တွင် ဓါတ်ပုံ သို့မဟုတ် နေရာတစ်ခုခုကိုဖြစ်စေ၊ အရာဝတ္တု တစ်ခုခုကိုဖြစ်စေ၊ အခြားနည်း ဖော်ပြသော ရုပ်ပုံတစ်ခုခု ပါဝင်သည် ထို့ပြင်

(၁၀)   “ရဲဝန်” ဆိုသည့် စကားရပ်တွင် ရဲဝန်နှင့် တန်းတူဖြစ်သည့် သို့မဟုတ် ရဲဝန် ထက် ရာထူးကြီးမြင့်သည့် ရဲအရာရှိအပြင် ဤအက်ဥပဒေ ကိစ္စများအလို့ငှာ နိုင်ငံတော်သမ္မတက ရဲဝန်၏အာဏာများအပ်နှင်းထားသည့် လူတစ်ဦးဦးလည်း ပါဝင်သည်။

သူလျှိုပြုလုပ်မှုအတွက် ပြစ်ဒဏ်များ

ပုဒ်မ ၃။(၁)   မည်သူမဆို  နိုင်ငံလုံခြုံရေး  သို့မဟုတ် အကျိုးထိခိုက်စေလိုသော  ရည်ရွယ်ချက်ဖြင့်

(က)    ပိတ်ပင်တားမြစ်သည့် နေရာတစ်ခုခုကို ချဉ်းကပ်ခြင်း၊ ကြည့်ရှုစစ်ဆေး ခြင်း၊ ကျော်ဖြတ်ခြင်းပြုလျှင်သော်လည်းကောင်း၊ ထိုနေရာ အနီးအနား တွင်ရှိနေလျှင် သော်လည်းကောင်း၊ ထိုနေရာသို့ ဝင်ရောက်လျှင် သော်လည်းကောင်း၊

(ခ)     ရန်သူအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊ အသုံးဝင်စေရန် ရည်ရွယ်၍ သို့မဟုတ် အသုံးဝင်တန်ရာသည်ဟူ၍ သို့မဟုတ် အသုံးဝင် စေရန် ကြံရွယ်၍ မည်သည့် ပုံကြမ်း၊ စနစ်ပုံ၊ ပုံရင်း သို့မဟုတ် မှတ်တမ်း ကိုမဆို ပြုလုပ်လျှင်သော်လည်းကောင်း၊

(ဂ)     ရန်သူအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အသုံးဝင်စေရန် ရည်ရွယ်၍ သို့မဟုတ် အသုံးဝင်တန်ရာသည်ဟူ၍ သို့မဟုတ် အသုံးဝင် စေရန် ကြံရွယ်၍ လျှို့ဝှက်ထားသည့် အစိုးရစကားဝှက် သို့မဟုတ် ကင်းစကားဝှက်တစ်ခုခုကိုသော်လည်းကောင်း၊ ပုံကြမ်း၊ စနစ်ပုံ၊ ပုံရင်း၊ ဆောင်းပါး၊ မှတ်တမ်း သို့မဟုတ် အခြားစာတမ်းအမှတ်အသား သို့မဟုတ် သတင်းတစ်ရပ်ရပ်ကိုသော်လည်းကောင်း၊ ရယူခြင်း၊ စုဆောင်းခြင်း၊ ရေးမှတ်ခြင်း သို့မဟုတ် ထုတ်ဝေခြင်းပြုလျှင်သော် လည်းကောင်း၊ သူတစ်ပါးအား ပြောကြားလျှင်သော်လည်းကောင်း၊

အဆိုပါပြစ်မှုမှာ ခံတပ်၊ လက်နက်တိုက်၊ ရေတပ်၊ ကြည်းတပ် သို့မဟုတ် လေတပ်အဖွဲ့ထားရှိရာ သို့မဟုတ် ချထားရာဌာန၊ မိုင်း၊ မိုင်းကွက်၊ အလုပ်ရုံ၊ သင်္ဘောကျင်း၊ စခန်း၊ သင်္ဘော သို့မဟုတ် လေယာဉ်ပျံနှင့်စပ်လျဉ်း၍ သော် လည်းကောင်း၊ အစိုးရရေတပ်၊ ကြည်းတပ် သို့မဟုတ် လေတပ်ရေးရာကိစ္စများ နှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ လျှို့ဝှက်ထားသည့် အစိုးရစကားဝှက်တစ်ခု ခုနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ကျူးလွန်သည့်ပြစ်မှုဖြစ်လျှင် တစ်ဆယ့် လေးနှစ်ထိ ထောင်ဒဏ်၊ အခြားအမှုများဖြစ်လျှင် သုံးနှစ်ထိ ထောင်ဒဏ်စီရင် ခြင်းခံရမည်။

(၂)     ဤပုဒ်မအရ တစ်ဆယ့်လေးနှစ်ထိ ထောင်ဒဏ် စီရင်နိုင်သည့် ပြစ်မှုအတွက် တရားစွဲဆိုသည့်အခါ တရားခံမှာ နိုင်ငံလုံခြုံရေး သို့မဟုတ် အကျိုးထိခိုက်စေ လိုသည့် ရည်ရွယ်ချက်ရှိကြောင်း ထင်ရှားသည့်သဘော သက်ရောက်သော ပြုလုပ်မှုတစ်ခုခုကို ကျူးလွန်သည်ဟုပြဆိုရန်မလို၊ ထို့ပြင် အဆိုပါပြုလုပ်မှုနှင့် စပ်လျဉ်း၍ ၎င်းအပေါ် သက်သေထင်ရှားမပြစေကာမူ သက်သေထင်ရှားပြသည့် အမှုကြောင်းခြင်းအရာများကိုဖြစ်စေ၊ ၎င်း၏ အပြုအမူ သို့မဟုတ် သိရှိရသည့်  ၎င်း၏အကျင့်စရိတ္တကိုဖြစ်စေ ထောက်၍ ၎င်း၏ရည်ရွယ်ချက်မှာ နိုင်ငံ လုံခြုံရေး သို့မဟုတ် အကျိုးထိခိုက်စေသည့် ရည်ရွယ်ချက် ဖြစ်ပုံပေါ်ပုံလျှင် ၎င်းအား ပြစ်မှုထင်ရှားစီရင်နိုင်သည်၊ ပိတ်ပင်တားမြစ်ထားသည့်နေရာနှင့် သက်ဆိုင်သော သို့မဟုတ် ထိုနေရာတွင် အသုံးပြုသော သို့မဟုတ် အဆိုပါ နေရာရှိ ပစ္စည်းတစ်ခုခုနှင့် သက်ဆိုင်သော ပုံကြမ်း၊ စနစ်ပုံ၊ ပုံရင်း၊ ဆောင်းပါး၊ မှတ်တမ်း၊ စာတမ်းအမှတ်အသား သို့မဟုတ် သတင်းတစ်ရပ်ရပ်ကိုသော် လည်းကောင်း၊ လျှို့ဝှက်ထားသည့် အစိုးရစကားဝှက် သို့မဟုတ် ကင်းစကားဝှက် တစ်ခုခုကိုသော်လည်းကောင်း၊ တရားဥပဒေနှင့်အညီ အပ်နှင်း ထားသော အခွင့်အာဏာအရ ဆောင်ရွက်သောသူမှတစ်ပါး အခြားသူတစ်ဦးဦး က ပြုလုပ်၊ ရယူ၊ စုဆောင်း၊ ရေးမှတ်၊ ထုတ်ဝေ၊ ပြောကြားလျှင် သက်သေ ထင်ရှားပြထားသည့် အမှုကြောင်းခြင်းရာများကိုသော်လည်းကောင်း၊ ၎င်း၏ အပြုအမူ သို့မဟုတ် သိရှိရသည့် ၎င်း၏အကျင့်စာရိတ္တကိုသော်လည်းကောင်း၊ ထောက်၍ ၎င်း၏ရည်ရွယ်ချက်မှာ နိုင်ငံတော်လုံခြုံရေး သို့မဟုတ် အကျိုးထိခိုက်စေသည့် ရည်ရွယ်ချက်ဖြစ်ပုံပေါ်လျှင် အဆိုပါ ပုံကြမ်း၊ စနစ်ပုံ၊ ပုံရင်း၊ ဆောင်းပါး၊ မှတ်တမ်း၊ စာတမ်းအမှတ်အသား သို့မဟုတ် သတင်းတစ်ရပ်ရပ်ကိုသော်လည်းကောင်း၊လျှို့ဝှက်ထားသည့် အစိုးရစကားဝှက်  သို့မဟုတ် ကင်းစကားဝှက်တစ်ခုခုကိုသော်လည်းကောင်း၊ တရားဥပဒေနှင့် အညီ  အပ်နှင်းထားသည့် အခွင့်အာဏာအရ ဆောင်ရွက်သောသူမှတစ်ပါး အခြားသူတစ်ဦးဦးက ပြုလုပ်၊ ရယူ၊ စုဆောင်း၊ ရေးမှတ်၊ ထုတ်ဝေ၊ ပြောကြား လျှင် သက်သေထင်ရှားပြထားသည့် အမှုကြောင်းခြင်းရာများကိုသော် လည်းကောင်း၊ ၎င်း၏အပြုအမူ သို့မဟုတ် သိရှိရသည့် ၎င်း၏အကျင့်စာရိတ္တ ကိုသော်လည်းကောင်း ထောက်၍ ၎င်း၏ ရည်ရွယ်ချက်မှာ နိုင်ငံလုံခြုံရေး သို့မဟုတ် အကျိုးထိခိုက်စေသည့် ရည်ရွယ်ချက်ဖြစ်ပုံပေါ်လျှင် အဆိုပါ ပုံကြမ်း၊ စနစ်ပုံ၊ ပုံရင်း၊ ဆောင်းပါး၊ မှတ်တမ်း၊ စာတမ်းအမှတ်အသား သို့မဟုတ် သတင်းကို နိုင်ငံလုံခြုံရေး သို့မဟုတ် အကျိုးထိခိုက်စေလိုသည့် ရည်ရွယ်ချက် ဖြင့် ပြုလုပ်၊ ရယူ၊ စုဆောင်း၊ ရေးမှတ်၊ ထုတ်ဝေ၊ ပြောကြားခြင်းဖြစ်သည်ဟု ယူဆရမည်။

တိုင်းတစ်ပါးကိုယ်စားလှယ်များနှင့် အဆက်အသွယ်ပြုလုပ်ခြင်းမှာ ပြစ်မှုအချို့ ကျူးလွန်ကြောင်း သက်သေခံဖြစ်ခြင်း

ပုဒ်မ ၄(၁)    ပုဒ်မ ၃ အရ ပြစ်မှုတစ်ခုခုအတွက် တစ်ဦးတစ်ယောက်သောသူအပေါ် အရေးယူ

ဆောင်ရွက်မှုသည် မှုခင်းကိစ္စတစ်ရပ်ရပ်တွင် ထိုသူမှာ ပြည်ထောင်စု မြန်မာ နိုင်ငံအတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေရှိသော တိုင်းတစ်ပါးကိုယ်စားလှယ် နှင့် ဆက်သွယ်လျက်ရှိသည့် သို့မဟုတ် ဆက်သွယ်ရန်အားထုတ်လျက်ရှိသည့် အကြောင်းခြင်းရာမှာ ထိုသူသည် နိုင်ငံလုံခြုံရေး သို့မဟုတ် အကျိုးထိခိုက် စေရန် အလို့ငှာ ရန်သူအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အသုံးဝင် စေရန်ရည်ရွယ်၍  သို့မဟုတ် အသုံးဝင်တန်ရာသည်ဟူ၍ သို့မဟုတ် အသုံးဝင် စေရန်ကြံရွယ်၍ သတင်းရယူခဲ့ကြောင်း သို့မဟုတ် ရယူရန်အားထုတ်ခဲ့ကြောင်း သက်သေထင်ရှားပြရန်ကိစ္စအတွက် သက်ဆိုင်သော အကြောင်းခြင်းရာ ဖြစ်စေ ရမည်။

(၂)     အထက်ပါပြဌာန်းချက်၏ ယေဘူယျသဘောကို မထိခိုက်စေဘဲ ဤပုဒ်မပါကိစ္စ အလို့ငှာ-

(က)    တစ်ဦးတစ်ယောက်သောသူသည်-

(၁)     ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင် ဖြစ်စေ၊ တိုင်းတစ်ပါးကိုယ်စားလှယ်၏ နေရပ်သို့ သွားရောက်လျှင် သို့မဟုတ်တိုင်းတစ်ပါးကိုယ်စားလှယ်နှင့်အပေါင်းအဖော်ပြုလုပ်ခြင်း သို့မဟုတ် ပေါင်းသင်း ဆက်ဆံခြင်းပြုလျှင် သို့မဟုတ်

(၂)     ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင် ဖြစ်စေ တိုင်းတစ်ပါးကိုယ်စားလှယ်၏ အမည်ကိုသော်လည်းကောင်း၊ နေရာကိုသော်လည်းကောင်း၊ ၎င်းနှင့်ပတ်သက်သည့် အခြား အကြောင်းအရာကိုသော်လည်းကောင်း မိမိလက်ဝယ်တွေ့ရှိလျှင် သို့မဟုတ် အခြားသူတစ်ဦးတစ်ယောက်ထံမှ မိမိရရှိထားလျှင် ထိုသူအား တိုင်းတစ်ပါးကိုယ်စားလှယ်နှင့် အဆက်အသွယ်ရှိသူဟု ယူဆနိုင်သည်။

(ခ)    “တိုင်းတစ်ပါးကိုယ်စားလှယ်” ဆိုသည့်စကားရပ်တွင် နိုင်ငံလုံခြုံရေး သို့မဟုတ် အကျိုးထိခိုက်စေသည့် ပြုလုပ်မှုတစ်ခုခုကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ၊ ကျူးလွန်ရန်အလို့ငှာ တိုင်းတစ်ပါးအစိုးရက တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း၊ စေခိုင်းသော သို့မဟုတ် စေခိုင်းခဲ့သော သို့မဟုတ် ထိုသို့စေခိုင်းသည်ဟူ၍သော်လည်းကောင်း၊ စေခိုင်းခဲ့သည်ဟူ၍သော် လည်းကောင်း၊ သင်္ကာမကင်းဖွယ်ရာ အကြောင်းယုတ္တိရှိပုံပေါ်သူ သို့မဟုတ် တိုင်းတစ်ပါးအစိုးရအကျိုးငှာ အဆိုပါပြုလုပ်မှုကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ၊ ကျူးလွန်ခဲ့သူ သို့မဟုတ် ကျူးလွန်ရန်အားထုတ်ခဲ့သူ သို့မဟုတ် ကျူးလွန်ခဲ့သည်ဟူ၍သော် လည်းကောင်း၊ ကျူးလွန်ရန်အားထုတ်ခဲ့သည်ဟူ၍သော်လည်းကောင်း သင်္ကာမကင်းဖွယ်ရာ အကြောင်း ယုတ္တိရှိသူ ပါဝင်သည်။

(ဂ)     ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ ရှိသော နေရပ်တစ်ခုခုနှင့်စပ်လျဉ်း၍ ၎င်းမှာ တိုင်းတစ်ပါးကိုယ်စားလှယ်ထံပေးပို့ ရန် ရည်ရွယ်ထားသော အကြောင်းကြားချက်များ လက်ခံရေးအတွက်  အသုံးပြုသည့် နေရပ်ဖြစ်သည်ဟု သင်္ကာမကင်းဖွယ်ရာအကြောင်း ယုတ္တိ ရှိပုံပေါ်လျှင်၊ ထိုနေရပ်ကိုသော်လည်းကောင်း၊ တိုင်းတစ်ပါးကိုယ်စားလှယ် နေထိုင်ရာဖြစ်သော သို့မဟုတ် အကြောင်းကြားချက်များပေးရန်အတွက် ဖြစ်စေ၊ လက်ခံရန်အတွက်ဖြစ်စေ၊ တိုင်းတစ်ပါးကိုယ်စားလှယ် ဝင်ထွက် သွားလာရာဖြစ်သော သို့မဟုတ် တိုင်းတစ်ပါးကိုယ်စားလှယ်က လုပ်ငန်း တစ်ခုခု ဆောင်ရွက်ရာဖြစ်သော နေရပ်ကိုသော်လည်းကောင်း၊ တိုင်းတစ်ပါးကိုယ်စားလှယ်၏နေရပ်ဟုယူဆနိုင်သည့်ပြင်၊ အဆိုပါ နေရပ် သို့ လိပ်တပ်ပေးပို့သော အကြောင်းကြားချက်များကိုလည်း တိုင်းတစ်ပါး ကိုယ်စားလှယ်ထံ ပေးပို့သော အကြောင်းကြားချက်များဟု ယူဆနိုင်သည်။

သတင်းကို မတရားပြောကြားခြင်း စသည်များ

ပုဒ်မ ၅(၁)    မည်သူမဆို    ပိတ်ပင်တားမြစ်ထားသည့်နေရာနှင့်   သက်ဆိုင်သော     သို့မဟုတ်

ထိုနေရာတွင်အသုံးပြုသော သို့မဟုတ် ထိုနေရာရှိ ပစ္စည်းတစ်ခုခုနှင့် သက်ဆိုင်သော သို့မဟုတ် ဤအက်ဥပဒေကို ဆန့်ကျင်၍ ပြုလုပ်ထားသော သို့မဟုတ် ရရှိထားသော သို့မဟုတ် အစိုးရဝန်ထမ်း ရာထူးလက်ရှိဖြစ်သူ တစ်ဦးဦးက မိမိအား ယုံကြည်၍ အပ်နှံထားသော သို့မဟုတ် အစိုးရဝန်ထမ်း ရာထူးလက်ရှိဖြစ်သူအနေဖြင့်သော်လည်းကောင်း၊ လက်ရှိထားခဲ့ဖူးသူအနေဖြင့် သော်လည်းကောင်း၊ အစိုးရ ကိုယ်စားချုပ်ဆိုသည့် ပဋိညာဉ်လက်ရှိဖြစ်သူ အနေဖြင့်သော်လည်းကောင်း၊ လက်ရှိဖြစ်ခဲ့ဖူးသူအနေဖြင့်သော်လည်းကောင်း၊ အဆိုပါ ရာထူးကိုဖြစ်စေ၊ ပဋိညာဉ်ကိုဖြစ်စေ၊ လက်ရှိဖြစ်သူ သို့မဟုတ် လက်ရှိ ဖြစ်ခဲ့ဖူးသူ လက်အောက်တွင် အလုပ်လုပ်ကိုင်သူ သို့မဟုတ် လုပ်ကိုင်ခဲ့ဖူးသူ အနေဖြင့်သော်လည်းကောင်း၊ မိမိရရှိထားသော သို့မဟုတ် လေ့လာထားရှိသော လျှို့ဝှက်ထားသည့် အစိုးရ စကားဝှက် သို့မဟုတ် ကင်းစကားဝှက်ကိုဖြစ်စေ၊ ပုံကြမ်း၊ စနစ်ပုံ၊ ပုံရင်း၊ ဆောင်းပါး၊ မှတ်တမ်း၊ စာတမ်းအမှတ်အသား သို့မဟုတ် သတင်းတစ်ခုခုကိုဖြစ်စေ၊ မိမိ၏လက်တွင်သော်လည်းကောင်း၊ မိမိ၏ပိုင်နက် တွင်သော်လည်းကောင်း ထားရှိသူဖြစ်သည့် အားလျော်စွာ-

(က)    ထိုစကားဝှက်၊ ကင်းစကားဝှက်၊ ပုံကြမ်း၊ စနစ်ပုံ၊ ပုံရင်း၊ ဆောင်းပါး၊ မှတ်တမ်း၊ စာတမ်းအမှတ်အသား သို့မဟုတ် သတင်းကို မိမိပြောကြားခွင့် ရသောသူ သို့မဟုတ် နိုင်ငံအကျိုးငှာ မိမိပြောကြားရန် တာဝန်ရှိသောသူ သို့မဟုတ် တရားရုံးမှတစ်ပါး အခြားသူ တစ်ဦးတစ်ယောက်အား တမင် ပြောကြားလျှင် သို့မဟုတ်

(ခ)     မိမိလက်ရှိဖြစ်သည့် သတင်းကို တိုင်းတစ်ပါးအစိုးရ အကျိုးအတွက် သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် နိုင်ငံလုံခြုံရေး ထိခိုက်စေရန် အတွက် အသုံးပြုလျှင် သို့မဟုတ်

(ဂ)     ထိုပုံကြမ်း၊ စနစ်ပုံ၊ ပုံရင်း၊ ဆောင်းပါး၊ မှတ်တမ်း သို့မဟုတ် စာတမ်း အမှတ်အသားကို မိမိ၏လက်အောက်တွင်ဖြစ်စေ၊ မိမိ၏ပိုင်နက်တွင် ဖြစ်စေ ဆက်လက်ထားပိုင်ခွင့်မရှိဘဲလျက် သို့မဟုတ် မိမိ၏တာဝန် ဝတ္တရားအရ ဆက်လက်မထားသင့်ဘဲလျက် ဆက်လက်ထားရှိလျှင် သို့မဟုတ် ၎င်းတို့ကို ပြန်ပေးခြင်းနှင့်သော်လည်းကောင်း၊ စီမံခန့်ခွဲခြင်း နှင့်သော်လည်းကောင်း စပ်လျဉ်း၍ တရားဥပဒေနှင့်အညီ ခန့်ထားသော အာဏာပိုင်က ထုတ်ဆင့်သည့် ညွှန်ကြားချက်အားလုံးကို လိုက်နာရန် တမင်ပျက်ကွက်လျှင် သို့မဟုတ်

(ဃ)    ထိုပုံကြမ်း၊ စနစ်ပုံ၊ ပုံရင်း၊ ဆောင်းပါး၊ မှတ်တမ်း၊ စာတမ်းအမှတ်အသား၊ လျှို့ဝှက်ထားသည့်အစိုးရ စကားဝှက်၊ ကင်းစကားဝှက် သို့မဟုတ် သတင်း ကိုသင့်တင့်လျောက်ပတ်စွာ ထိန်းသိမ်းရန် ပျက်ကွက်လျှင် သို့မဟုတ် ၎င်း တို့ လုံခြုံမှုကို အန္တရာယ်ဖြစ်စေလောက်အောင်ပြုမူလျှင်

ဤပုဒ်မအရ ပြစ်မှုကျူးလွန်သူ ဖြစ်စေရမည်။

(၂)     မည်သူမဆို လျှို့ဝှက်ထားသည့် အစိုးရစကားဝှက် သို့မဟုတ် ကင်းစကားဝှက် တစ်ခုခုကိုသော်လည်းကောင်း၊ ပုံကြမ်း၊ စနစ်ပုံ၊ ပုံရင်း၊ ဆောင်းပါး၊ မှတ်တမ်း၊ စာတမ်းအမှတ်အသား သို့မဟုတ်  သတင်းတစ်ခုခုကိုသော်လည်းကောင်း၊ လက်ခံစဉ်က ထိုစကားဝှက်၊ ကင်းစကားဝှက်၊ ပုံကြမ်း၊ စနစ်ပုံ၊ ပုံရင်း၊ ဆောင်းပါး၊ မှတ်တမ်း၊ စာတမ်းအမှတ်အသား သို့မဟုတ် သတင်းကို ဤအက်ဥပဒေနှင့် ဆန့်ကျင်၍ ပြောကြားကြောင်း သိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန် အကြောင်းယုတ္တိရှိလျက်နှင့်ဖြစ်စေ၊ အလိုအလျောက်လက်ခံလျှင် ဤပုဒ်မအရ ပြစ်မှုကျူးလွန်သူဖြစ်စေရမည်။

(၃)     မည်သူမဆို စစ်ပစ္စည်းနှင့်သက်ဆိုင်သည့် ပုံကြမ်း၊ စနစ်ပုံ၊ ပုံရင်း၊ ဆောင်းပါး၊ မှတ်တမ်း၊ စာတမ်းအမှတ်အသား သို့မဟုတ် သတင်းတစ်ခုခုကို မိမိ၏ လက်တွင် သို့မဟုတ် မိမိ၏ပိုင်နက်တွင် ထားရှိသူဖြစ်သည့်အားလျော်စွာ တိုင်းတစ်ပါး အစိုးရအား နိုင်ငံလုံခြုံရေး သို့မဟုတ် အကျိုးထိခိုက်အောင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ ပြောကြားလျှင် ဤပုဒ်မ အရ ပြစ်မှု ကျူးလွန်သူဖြစ်စေရမည်။

(၄)     ဤပုဒ်မအရ ဖြစ်သော ပြစ်မှုကျူးလွန်သူသည် နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။

ဆင်တူဝတ်စုံများကို အခွင့်အမိန့်မရဘဲ အသုံးပြုခြင်း၊ အစီရင်ခံစာများကို လိမ်လည်ရေးသားခြင်း၊ လိမ်လည်အတုပြုခြင်း၊ သူတစ်ပါးအယောင်အဆောင်နှင့် မဟုတ်မမှန်သော စာတမ်း အမှတ်အသားများ

ပုဒ်မ ၆(၁)    မည်သူမဆို၊      ပိတ်ပင်တားမြစ်ထားသည့်    နေရာသို့    ဝင်ရောက်ခွင့်ရလိုသော

ရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း၊ သူတစ်ပါးအား ဝင်ရောက်ခွင့်ရအောင် ကူညီလိုသောရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း၊ နိုင်ငံလုံခြုံရေးကို ထိခိုက်စေ လိုသော အခြားရည်ရွယ်ချက်တစ်ခုခုဖြင့်သော်လည်းကောင်း-

(က)    တရားဥပဒေနှင့်အညီ ပေးအပ်ထားသော အခွင့်အမိန့်မရဘဲ ရေတပ်၊ ကြည်းတပ်၊ လေတပ်၊ ရဲ သို့မဟုတ် အခြားအရာထမ်း၊ အမှုထမ်းနှင့် သက်ဆိုင်သော ဆင်တူဝတ်စုံများကိုဖြစ်စေ၊ လိမ်လည်လှည့်ဖြားနိုင် လောက်အောင် အဆိုပါ ဆင်တူဝတ်စုံနှင့် ပုံသဏ္ဍာန်တူသော ဆင်တူ ဝတ်စုံ တစ်ခုခုကိုဖြစ်စေ၊ အသုံးပြုလျှင် သို့မဟုတ် ဝတ်ဆင်လျှင် သို့မဟုတ် မိမိ သည် အဆိုပါဆင်တူဝတ်စုံတစ်ခုခုအသုံးပြုပိုင်ခွင့် သို့မဟုတ် ဝတ်ဆင် ပိုင်ခွင့်ရှိသူဖြစ်သည်ဟု မဟုတ်မမှန်ပြောဆိုလျှင် သို့မဟုတ်

(ခ)     မဟုတ်မမှန်သော အကြောင်းအရာတစ်ခုကို နှုတ်ဖြင့်ဖြစ်စေ၊ မိမိလက်မှတ် ရေးထိုးသည့် သို့မဟုတ် မိမိကိုယ်စား လက်မှတ်ရေးထိုးသည့် ထုတ်ဖော် ပြောဆိုချက်၊ လျှောက်လွှာ သို့မဟုတ် စာတမ်းအမှတ်အသားတစ်ခုခုတွင် စာဖြင့်ဖြစ်စေ၊ သိလျက်နှင့်ထွက်ဆိုဖော်ပြလျှင် သို့မဟုတ် ထွက်ဆို ဖော်ပြ ရာတွင် အလိုတူအလိုပါဖြစ်လျှင် သို့မဟုတ် အကြောင်းအရာတစ်ခုခုကို နှုတ်ဖြင့်ဖြစ်စေ၊ မိမိလက်မှတ်ရေးထိုးသည့် သို့မဟုတ် မိမိကိုယ်စား လက်မှတ်ရေးထိုးသည့် ထုတ်ဖော်ပြောဆိုချက်၊ လျှောက်လွှာ သို့မဟုတ် စာတမ်းအမှတ်အသားတစ်ခုခုဖြင့် စာဖြင့်ဖြစ်စေ၊ ထွက်ဆိုဖော်ပြသင့်သည့် အတိုင်း သိလျက်နှင့် ထွက်ဆိုဖော်ပြခြင်းမပြုဘဲ ချန်လှပ်ထားလျှင် သို့မဟုတ် ချန်လှပ်ထားရာတွင် အလိုတူအလိုပါဖြစ်လျှင်

(ဂ)     ဤပုဒ်မတွင် နောက်၌ အစိုးရစာတမ်းအမှတ်အသားဟု ရည်ညွှန်းသည့် နိုင်ငံကူးလက်မှတ်၊ ရေတပ်၊ ကြည်းတပ်၊ လေတပ်၊ ရဲ သို့မဟုတ် ရုံးအမိန့် လက်မှတ်၊ အခွင့်လက်မှတ်၊ သက်သေခံလက်မှတ်၊ လိုင်စင် သို့မဟုတ် အခြားအလားတူ စာတမ်းအမှတ်အသားတစ်ခုခုကို လိမ်လည်အတုပြုလျှင်  သို့မဟုတ် ပြောင်းလဲပြင်ဆင်လျှင် သို့မဟုတ် ပြောင်းလဲပြင်ဆင်ရန် စွက်ဖက်လျှင် သို့မဟုတ် ထိုသို့လိမ်လည်အတုပြုထားသည့် သို့မဟုတ် ပြောင်းလဲပြင်ဆင်ထားသည့် သို့မဟုတ် စည်းကမ်းနည်းလမ်းမကျသည့် အစိုးရစာတမ်းအမှတ်အသားကို သိလျက်နှင့်အသုံးပြုလျှင် သို့မဟုတ် လက်ရှိထားလျှင် သို့မဟုတ်

(ဃ)    အစိုးရဝန်ထမ်း ရာထူးတစ်ခုခုလက်ရှိဆောင်ရွက်သူ အယောင်ဆောင်ခြင်း၊  အစိုးရဝန်ထမ်း ရာထူးလက်ရှိဆောင်ရွက်သူထံ အလုပ်လုပ်ကိုင်သူ အယောင်ဆောင်ခြင်း၊ အစိုးရစာတမ်းအမှတ်အသား သို့မဟုတ် လျှို့ဝှက် ထားသည့် အစိုးရစကားဝှက် သို့မဟုတ် ကင်းစကားဝှက်ကို နည်းလမ်း တကျထုတ်ပေးပြောကြားခံရသူ သို့မဟုတ် ထိုသို့ ထုတ်ပေးပြောကြားမခံရ သူ အယောင်ဆောင်ခြင်းပြုလျှင် သို့မဟုတ် မိမိမှာ  ထိုသူဖြစ်သည်ဟု မဟုတ်မမှန်ဖော်ပြလျှင် သို့မဟုတ် အစိုးရစာတမ်းအမှတ်အသား၊ လျှို့ဝှက် ထားသည့် အစိုးရစကားဝှက် သို့မဟုတ် ကင်းစကားဝှက်ကို မိမိအတွက် ဖြစ်စေ သူတစ်ပါးအတွက်ဖြစ်စေ ရရှိလိုသောအကြံဖြင့် မဟုတ်မမှန်သော  အကြောင်းအရာကို သိလျက်နှင့်ဖော်ပြလျှင်

(င)     အစိုးရဌာနတစ်ခုခုကသော်လည်းကောင်း၊ အစိုးရ၏အခွင့်အမိန့်ဖြင့် ခန့်ထားသည့် သို့မဟုတ် အစိုးရ၏အခွင့်အမိန့်အရ ဆောင်ရွက်သည့် သံတမန်၊ ရေတပ်၊ ကြည်းတပ် သို့မဟုတ် လေတပ် အာဏာပိုင်တစ်ဦးဦး ကသော်လည်းကောင်း ပိုင်ဆိုင်သည့် သို့မဟုတ် အသုံးပြုသည့် သို့မဟုတ် စီမံထားရှိသည့် သွန်းပုံ၊ တံဆိပ်တုံး သို့မဟုတ် တံဆိပ်တစ်ခုခုကိုဖြစ်စေ၊ လိမ်လည်လှည့်ဖြားနိုင်လောက်အောင် အဆိုပါ သွန်းပုံ၊ တံဆိပ်တုံး သို့မဟုတ် တံဆိပ်နှင့် ပုံသဏ္ဍာန်တူသော သွန်းပုံ၊ တံဆိပ်တုံး သို့မဟုတ် တံဆိပ်တစ်ခုခုဖြစ်စေ၊ သက်ဆိုင်ရာအစိုးရဌာန၏ သို့မဟုတ် သက်ဆိုင်ရာ အာဏာပိုင်၏ အခွင့်အမိန့်မရဘဲ အသုံးပြုလျှင် သို့မဟုတ် မိမိလက်တွင် သော်လည်းကောင်း၊ မိမိ၏ပိုင်နက်တွင်သော်လည်းကောင်း ထားရှိလျှင် သို့မဟုတ် အစိုးရ သွန်းပုံ၊ တံဆိပ်တုံး သို့မဟုတ် တံဆိပ်တစ်ခုခု အတုပြု လျှင် သို့မဟုတ် ထိုသို့အတုပြုလုပ်ထားသော သွန်းပုံ၊ တံဆိပ်တုံး သို့မဟုတ် တံဆိပ်တစ်ခုခုကို သိလျက်နှင့်အသုံးပြုလျှင် သို့မဟုတ် မိမိ၏ လက်တွင်သော်လည်းကောင်း၊ မိမိ၏ပိုင်နက်တွင်သော်လည်းကောင်း ထားရှိလျှင် ဤပုဒ်မအရ ပြစ်မှုကျူးလွန်သူဖြစ်စေရမည်။

(၂)     မည်သူမဆို နိုင်ငံလုံခြုံရေးကို ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် –

(က)    အစိုးရစာတမ်းအမှတ်အသားတစ်ခုခုမှ အပြီးသတ်စာတမ်းအမှတ်အသား သို့မဟုတ် အသုံးပြုရန်ထုတ်ပေးထားသော စာတမ်းအမှတ်အသား  ဟုတ် သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ထိုစာတမ်းအမှတ်အသားကို မိမိ၏ လက်ဝယ် ဆက်လက်ထားရှိပိုင်ခွင့် မရှိဘဲလျက် သို့မဟုတ် မိမိ၏တာဝန် ဝတ္တရားအရ ဆက်လက်မထားရှိသင့်ဘဲလျက် ဆက်လက်ထားရှိလျှင် သို့မဟုတ် အဆိုပါစာတမ်းအမှတ်အသားပြန်ပေးခြင်း သို့မဟုတ် စီမံခန့်ခွဲ ခြင်းနှင့် စပ်လျဉ်း၍ အစိုးရဌာနတစ်ခုခုကသော်လည်းကောင်း၊ အဆိုပါ ဌာန အာဏာအပ်နှင်းထားသည့် သူတစ်ဦးဦကသော်လည်းကောင်း ထုတ်ဆင့်သည့်ညွှန်ကြားချက်များကို လိုက်နာရန် တမင်ပျက်ကွက်လျှင် သို့မဟုတ်

(ခ)     မိမိတစ်ဦးတည်း အသုံးပြုရန် ထုတ်ပေးထားသည့် အစိုးရစာတမ်းအမှတ် အသား တစ်ခုခုကို သူတစ်ပါးအား လက်ရှိထားခွင့်ပြုလျှင် သို့မဟုတ် ထိုသို့ထုတ်ပေးသော လျှို့ဝှက်ထားသည့် အစိုးရစာတမ်း၊ စကားဝှက် သို့မဟုတ် ကင်းစကားဝှက် တစ်ခုခုကိုပြောကြားလျှင် သို့မဟုတ် မိမိမှ တစ်ပါး အခြားသူတစ်ဦးဦး အသုံးပြုရန် ထုတ်ပေးထားသည့် အစိုးရ စာတမ်းအမှတ်အသား၊ လျှို့ဝှက်ထားသည့် အစိုးရစကားဝှက် သို့မဟုတ် ကင်းစကားဝှက်တစ်ခုခုကို တရားဥပဒေနှင့်အညီ အခွင့်အမိန့် သို့မဟုတ် အကြောင်းပြချက်မရှိဘဲ လက်ရှိထားလျှင် သို့မဟုတ် အစိုးရစာတမ်း အမှတ်အသားတစ်ခုခုကို ကောက်ရ၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ လက်ရှိဖြစ်သည့်အခါ အဆိုပါစာတမ်းအမှတ်အသားထုတ်ပေးခဲ့သည့်သူ သို့မဟုတ် အာဏာပိုင်အားသော်လည်းကောင်း၊ အဆိုပါစာတမ်းအမှတ် အသား အသုံးပြုရန် ထုတ်ပေးထားသည့်သူ သို့မဟုတ် အာဏာပိုင်အား သော်လည်းကောင်း၊ ရဲအရာရှိအားသော်လည်းကောင်း ပြန်ပေးရန် တမင် ပျက်ကွက်လျှင် သို့မဟုတ်

(ဂ)     အထက်တွင်ဆိုခဲ့သည့် သွန်းပုံ၊ တံဆိပ်တုံး သို့မဟုတ် တံဆိပ်တစ်ခုခုကို တရားဥပဒေနှင့်အညီ အခွင့်အမိန့် သို့မဟုတ် အကြောင်းပြချက်မရှိဘဲ ပြုလုပ်လျှင် သို့မဟုတ် ရောင်းချလျှင် သို့မဟုတ် ရောင်းချရန်အတွက် မိမိ လက်တွင်ထားရှိလျှင်-

ဤပုဒ်မအရ ပြစ်မှုကျူးလွန်သူဖြစ်စေရမည်။

(၃)     ဤပုဒ်မအရဖြစ်သော ပြစ်မှုတစ်ခု ကျူးလွန်သူသည် နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။

(၄)     ပုဒ်မ ၃၊ ပုဒ်မခွဲ (၂)ပါပြဌာန်းချက်များသည် နိုင်ငံလုံခြုံရေး သို့မဟုတ် အကျိုး ထိခိုက်စေလိုသည့် ရည်ရွည်ချက်ကို သက်သေထင်ရှားပြရန်အလို့ငှာ  ထိုပုဒ်မ အရ တစ်ဆယ့်လေးနှစ်အထိ ထောင်ဒဏ်ထိုက်သည့် ပြစ်မှုများအတွက် တရား စွဲဆိုမှုများနှင့်သက်ဆိုင်သည့်နည်းတူနိုင်ငံလုံခြုံရေးထိခိုက်စေသည့် ရည်ရွယ်ချက် ကို သက်သေထင်ရှားပြသရန်အလို့ငှာ အစိုးရ၏ ရေတပ်၊ ကြည်းတပ် သို့မဟုတ် လေတပ်ရေးရာကိစ္စများနှင့်သော်လည်းကောင်း၊ လျှို့ဝှက်ထားသည့် အစိုးရ စကားဝှက်တစ်ခုခုနှင့်သော်လည်းကောင်း စပ်လျဉ်း၍ ဤပုဒ်မအရဖြစ်သော ပြစ်မှုတစ်ခုခုအတွက် တရားစွဲဆိုမှု တစ်ခုခုနှင့်လည်း သက်ဆိုင်စေရမည်။

ရဲအရာရှိများကို ဖြစ်စေ၊ မြန်မာနိုင်ငံတပ်ဖွဲ့ဝင်များကိုဖြစ်စေ နှောင့်ယှက်ခြင်း

ပုဒ်မ ၇(၁)    ပိတ်ပင်တားမြစ်ထားသည့်  နေရာတစ်ခုခု၏   အနီးတစ်ဝိုက်တွင်      မည်သူမျှ ရဲ

အရာရှိတစ်ဦးဦးကိုသော်လည်းကောင်း၊ အဆိုပါ ပိတ်ပင်တားမြစ်သည့် နေရာနှင့် စပ်လျဉ်း၍ အစောင့်အကြပ်တာဝန်၊ ကင်းစောင့်တာဝန်၊ ကင်းလှည့်တာဝန် သို့မဟုတ် အခြားအလားတူ တာဝန်ဝတ္တရားဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ တပ်ဖွဲ့ဝင်တစ်ဦးဦးကိုသော်လည်းကောင်း မဟန့်တားရ၊ သို့မဟုတ် သိလျက်နှင့် အထင်မှားအောင်မပြုလုပ်ရ သို့မဟုတ် အခြားနည်းဖြင့် မနှောင့်ယှက်ရ သို့မဟုတ် မတားဆီးရ။

(၂)     မည်သူမဆို ဤပုဒ်မပါ ပြဌာန်းချက်များနှင့် ဆန့်ကျင်သည့် ပြုလုပ်မှုတစ်ခုခုကို ပြုလျှင် နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။

ပြစ်မှုကျူးလွန်ခြင်းနှင့်စပ်လျဉ်း၍ သတင်းပေးခြင်း

ပုဒ်မ ၈(၁)    မည်သူမဆို ပုဒ်မ ၃ အရ ဖြစ်သောသို့မဟုတ်  ပုဒ်မ ၉နှင့်အတူ   ဖတ်ရှု့ရမည့် ပုဒ်မ

၃ အရ ဖြစ်သောပြစ်မှု သို့မဟုတ် သင်္ကာမကင်းသည့်ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ မိမိသိရှိရသမျှ သတင်းပေးရန် ရဲဝန်ကသော်လည်းကောင်း၊ ဤကိစ္စအလို့ငှာ ရဲချုပ် သို့မဟုတ် ရဲမင်းကြီးက အာဏာအပ်နှင်းထားသည့် ရဲမှူးရာထူးအောက် မနိမ့်သော အခြားရဲအရာရှိကသော်လည်းကောင်း၊ အစောင့်အကြပ်တာဝန်၊ ကင်းစောင့်တာဝန်၊ ကင်းလှည့်တာဝန် သို့မဟုတ် အလားတူ တာဝန်ဝတ္တရား ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံတပ်ဖွဲ့ဝင် တစ်ဦးဦးကသော်လည်းကောင်း တောင်းဆိုလျှင် ထိုသို့တောင်းဆိုသည့်အတိုင်း ပေးရန်တာဝန်ရှိစေရမည့်အပြင် ထိုသတင်းပေးရန်အလို့ငှာ သီးခြားဖော်ပြထားသည့် သင့်တင့်လျှောက်ပတ်သော အချိန်တွင် သီးခြားဖော်ပြထားသည့်နေရာသို့ လာရောက်စေလို၍ သင့်တော်သော စရိတ်များပေးသည့်အခါ လာရောက်ရန်တာဝန်လည်းရှိစေရမည်။

(၂)     မည်သူမဆို အထက်အဆိုပါသတင်းကို ပေးရန်သော်လည်းကောင်း၊ အထက်တွင် ဆိုခဲ့သည့်အတိုင်းလာရောက်ရန်သော်လည်းကောင်း ပျက်ကွက်လျှင် နှစ်နှစ် အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။

အားထုတ်မှု၊ လှုံဆော်မှုစသည်များ

ပုဒ်မ ၉။       မည်သူမဆို ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန် အားထုတ်လျှင် သို့မဟုတ် ကျူးလွန်စေရန် အားပေးကူညီလျှင် အဆိုပါပြစ်မှုကို မိမိကျူးလွန် ဘိသကဲ့သို့ အလားတူပြစ်ဒဏ်စီရင်ခြင်းခံရမည့်အပြင် အလားတူ နည်းအတိုင်း အရေးယူခြင်း လည်းခံရမည်။

သူလျှိုများ လက်သင့်ခံမှုအတွက် ပြစ်ဒဏ်

ပုဒ်မ ၁၀(၁)  မည်သူမဆို ပုဒ်မ ၃ အရ ဖြစ်သော  သို့မဟုတ်   ပုဒ်မ   ၉   နှင့်အတူ   ဖတ်ရှု့ရမည့်

ပုဒ်မ ၃ အရဖြစ်သော ပြစ်မှုတစ်ခုခုကျူးလွန်မည့်ဆဲဆဲ ဖြစ်သူဟူ၍သော် လည်းကောင်း၊ ကျူးလွန်ပြီးဖြစ်သူဟူ၍ သော်လည်းကောင်း၊ မိမိသိရှိရသော သို့မဟုတ် ယူဆရန်အကြောင်းယုတ္တိရှိသောသူ တစ်ဦးဦးကို သိလျက်နှင့် လက်သင့်ခံလျှင် သို့မဟုတ် ထိုသူတို့အား မိမိလက်ရှိနေထိုင်သည့် သို့မဟုတ် မိမိ ပိုင်နက်တွင် ရှိသည့် ဥပစာတစ်ခုခု၌ စည်းဝေးရန် သို့မဟုတ် စုရုံးရန် သိလျက်နှင့် ခွင့်ပြုလျှင် ဤပုဒ်မအရ ပြစ်မှုကျူးလွန်သူဖြစ်စေရမည်။

(၂)     မည်သူမဆို အထက်တွင်ဆိုခဲ့သည့်သူ တစ်ဦးဦးကို ထိုလက်သင့်ခံထားပြီးနောက် သို့မဟုတ် အထက်တွင်ဆိုခဲ့သည့်သူတို့အား မိမိလက်ရှိနေထိုင်သည့် သို့မဟုတ် မိမိပိုင်နက်တွင်ရှိသည့် ဥပစာတစ်ခုခု၌ စည်းဝေးရန် သို့မဟုတ် စုရုံးရန် ခွင့်ပြုခဲ့ပြီးနောက် ထိုသူ သို့မဟုတ် ထိုသူတို့နှင့်ပတ်သက်၍ မိမိသိရှိရသမျှ သတင်းပေးရန် ရဲဝန်ကသော်လည်းကောင်း၊ ဤကိစ္စအလို့ငှာ ရဲချုပ် သို့မဟုတ် ရဲမင်းကြီးအာဏာအပ်နှင်းထားသည့် ရဲမှူးရာထူးအောက်မနိမ့်သော အခြား ရဲအရာရှိကသော်လည်းကောင်း တောင်းဆိုလျှင် ထိုသို့တောင်းဆိုသည့်အတိုင်း ပေးရန်တာဝန်ရှိစေရမည်။ ထို့ပြင် မည်သူမဆို အဆိုပါသတင်းတစ်ရပ်ရပ် ပေးရန် ပျက်ကွက်လျှင် ဤပုဒ်မအရ ပြစ်မှုကျူးလွန်သူဖြစ်စေရမည်။

(၃)     ဤပုဒ်မအရ ဖြစ်သော ပြစ်မှုကျူးလွန်သူသည် တစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။

ရှာဝရမ်းများ

ပုဒ်မ ၁၁(၁)  ပထမတန်းရာဇဝတ်တရားသူကြီး     သို့မဟုတ်     နယ်ပိုင်ရာဇဝတ်တရားသူကြီး

တစ်ဦးဦးသည် ဤအက်ဥပဒေအရ ဖြစ်သော ပြစ်မှုကျူးလွန်ခဲ့ကြောင်း သို့မဟုတ် ကျူးလွန်မည့်ဆဲဆဲဖြစ်ကြောင်း သင်္ကာမကင်းဖွယ်ရာအကြောင်း  ယုတ္တိရှိ သည်ဟု ကျမ်းကျိန်ဆို၍ ပေးသည့်သတင်းအရ ယုံကြည်ကျေနပ်လျှင် ရှာဝရမ်း ထုတ်၍ ၎င်းတွင် ရဲဌာနတာဝန်ခံအရာရှိ ရာထူးအောက်မနိမ့်စေဘဲ အမည်ဖော်ပြ ထားသည့် ရဲအရာရှိတစ်ဦးဦးအား ထိုဝရမ်းတွင် အမည်ဖော်ပြထားသည့် ဥပစာ သို့မဟုတ် နေရာတစ်ခုခုသို့ မည်သည့်အခါမဆို အတင်းအကြပ် ဝင်ရောက်ရန် လိုအပ်လျှင် ထိုသို့လိုအပ်သည့်အတိုင်း ဝင်ရောက်၍ ထိုဥပစာ သို့မဟုတ် နေရာ နှင့် ၎င်းတွင်တွေ့ရှိရသူဟူသရွေ့ကို ရှာဖွေရန် အာဏာအပ်နှင်းနိုင်သည့်အပြင် ပုံကြမ်း၊ စနစ်ပုံ၊ ပုံရင်း၊ ဆောင်းပါး၊ မှတ်တမ်း သိုမဟုတ် အလားတူပစ္စည်း တစ်ခုခုကိုသော်လည်းကောင်း၊ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုကျူးလွန်ခဲ့ ကြောင်း သို့မဟုတ် ကျူးလွန်မည့်ဆဲဆဲဖြစ်ကြောင်း သက်သေခံဖြစ်သည့် ပစ္စည်း တစ်ခုခုကိုသော်လည်းကောင်း၊ ထိုဥပစာ သို့မဟုတ် နေရာတွင်ဖြစ်စေ၊ ထိုသူ တစ်ဦးဦးထံတွင်ဖြစ်စေ တွေ့ရှိလျှင် ထို့ပြင် ၎င်းတို့နှင့်စပ်လျဉ်း၍ သို့မဟုတ် ဆက်သွယ်၍ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုကျူးလွန်ခဲ့သည်ဟု သို့မဟုတ် ကျူးလွန်မည့်ဆဲဆဲဖြစ်သည်ဟု မိမိသင်္ကာမကင်းဖွယ်ရာအကြောင်း ယုတ္တိရှိလျှင် သိမ်းဆည်းရန် အာဏာအပ်နှင်းနိုင်သည်။

(၂)     အမှုမှာ လွန်စွာအရေးကြီး၍ နိုင်ငံအကျိုးငှာ ချက်ချင်းအရေးယူရန် လိုအပ်သည့် အမှုဖြစ်သည်ဟု ရဲဝန်ရာထူးအောက်မနိမ့်သည့် ရဲအရာရှိတစ်ဦးဦးက ထင်မြင် သဘောရရှိလျှင် ထိုရဲအရာရှိသည် ဤပုဒ်မအရ ရာဇဝတ်တရားသူကြီးက ဝရမ်း ဖြင့်ပေးအပ်သည့် အာဏာမျိုးကို မိမိလက်မှတ်ရေးထိုးသည့် အမိန့်စာဖြင့် ရဲအရာရှိ တစ်ဦးဦးအား ပေးအပ်နိုင်သည်။

(၃)     ရဲအရာရှိတစ်ဦးဦးသည် ပုဒ်မခွဲ(၂)အရ အရေးယူဆောင်ရွက်ခဲ့လျှင် ထိုသို့ အရေးယူဆောင်ရွက်ကြောင်းကို ခရိုင်ရာဇဝတ်တရားသူကြီးထံသို့ဖြစ်စေ၊ နယ်ပိုင် ရာဇဝတ်တရားသူကြီးထံသို့ဖြစ်စေ ဆောလျင်နိုင်သမျှ ဆောလျင်စွာ အစီရင်ခံ          ရမည်။

ဖမ်းဆီးခွင့်အာဏာ

ပုဒ်မ ၁၂။     ရာဇဝတ်ကျင့်ထုံးဥပဒေတွင် မည်သို့ပင်ရှိစေကာမူ –

(က)    ပုဒ်မ ၃ အရဖြစ်စေ ပုဒ်မ ၉ နှင့်အတူ ဖတ်ရှု့ရမည့် ပုဒ်မ ၃ အရဖြစ်စေ၊ တစ်ဆယ့်လေးနှစ်အထိထောင်ဒဏ် ထိုက်သည့် ပြစ်မှုမှာ အရေးယူပိုင်၍ အာမခံရယူခွင့် မရှိသော ပြစ်မှုဖြစ်စေရမည်။

(ခ)     ပုဒ်မ ၆ ပုဒ်မခွဲ(၁) အပိုဒ် (က)အရ ဖြစ်သော ပြစ်မှုမှာ အရေးယူပိုင်၍ အာမခံရယူခွင့်ရှိသော ပြစ်မှုဖြစ်စေရမည်။ ထို့ပြင်

(ဂ)     ဤအက်ဥပဒေအရဖြစ်သော အခြားပြစ်မှုဟူသရွေ့မှာ  အရေးယူပိုင်ခွင့် မရှိ၍ အာမခံရယူပိုင်ခွင့်ရှိသော ပြစ်မှုဖြစ်စေရမည်။  ထိုပြစ်မှုနှင့် စပ်လျဉ်း၍ ရှေးဦးစွာ လူဖမ်းဝရမ်းကို သာမန်အားဖြင့် ထုတ်ဆင့်ရမည်။

ပြစ်မှုများစစ်ဆေးစီရင်ခြင်းနှင့် စပ်လျဉ်း၍ ကန့်သတ်ချက်

ပုဒ်မ ၁၃(၁)  နိုင်ငံတော်သမ္မတက       ဤကိစ္စအလို့ငှာ          အာဏာအထူးအပ်နှင်းထားသည့်

ပထမတန်း ရာဇဝတ်တရားသူကြီးရုံးမှတစ်ပါး ခရိုင်ရာဇဝတ်တရားသူကြီးရုံး အောက်နိမ့်သော မည်သည့်တရားရုံးကမျှ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှု တစ်ခုခုကို စစ်ဆေးစီရင်ခြင်းမပြုရ။

(၂)     ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတစ်ခုခုအတွက် ရာဇဝတ်တရားသူကြီးရှေ့ စစ်ဆေးစီရင်ခြင်းခံရသူတစ်ဦးဦးက စက်ရှင်တရားရုံး၏ စစ်ဆေးစီရင်ခြင်းကို ခံလိုသည်ဟု စွဲချက်မတင်မီ  မည်သည့်အခါမဆို တောင်းဆိုလျှင် အမှုမှာ  စက်ရှင် တရားရုံးကသာ စစ်ဆေးစီရင်နိုင်သော အမှုမဟုတ်စေကာမူ ထိုရာဇဝတ်တရား သူကြီးသည် တရားခံကို မလွှတ်လျှင် ထိုအမှုကို ထိုစက်ရှင်တရားရုံးက စစ်ဆေး စီရင်ရန် လွှဲအပ်တင်ပို့ရမည်။

(၃)     မည်သည့်တရားရုံးကမျှ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတစ်ခုခုကို နိုင်ငံတော် သမ္မတ၏အမိန့်ဖြင့် သို့မဟုတ် နိုင်ငံတော်သမ္မတထံမှ အခွင့်အာဏာအရ  သို့မဟုတ် နိုင်ငံတော်သမ္မတက ဤကိစ္စအလို့ငှာ အာဏာအပ်နှင်းထားသည့် အရာရှိတစ်ဦးဦး၏အမိန့်ဖြင့် သို့မဟုတ် ထိုအရာရှိထံမှ အခွင့်အာဏာအရ တိုင်တန်းခြင်းမပြုဘဲ အရေးမယူရ။

သို့ရာတွင် ထိုသို့တိုင်တန်းခြင်းမပြုစေကာမူ အဆိုပါပြစ်မှုဖြင့် စွပ်စွဲခံရသူ ကို ဖမ်းဆီးနိုင်သည် သို့မဟုတ် ဖမ်းဆီးရန် ဝရမ်းထုတ်ဆင့်၍  ထိုဝရမ်းကို  အတည်ပြုနိုင်သည့်ပြင် ၎င်းအားလည်း ချုပ်ထားနိုင်သည် သို့မဟုတ် အာမခံ ဖြင့် လွှတ်နိုင်သည်၊ သို့သော်လည်း ထိုသို့တိုင်တန်းခြင်းမပြုမီ နောက်ထပ် သို့မဟုတ် အခြားအရေးယူဆောင်ရွက်ခြင်းမပြုရ။

(၄)     ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတစ်ခုခုအတွက် တစ်ဦးတစ်ယောက်သောသူကို စစ်ဆေးစီရင်ရန်ကိစ္စများအလို့ငှာ၊ ထိုပြစ်မှုကို  အမှန်တကယ်ကျူးလွန်ရာဒေသ ၌ ဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပြစ်မှုကျူးလွန်သူအား တွေ့ရှိရာဒေသ တစ်ခုခု၌ဖြစ်စေ ကျူးလွန်သည်ဟုမှတ်ယူရမည်။

မှုခင်းဆောင်ရွက်နေစဉ် ပြည်သူ့ပရိသတ်တို့အား ထုတ်ပယ်ခြင်း

ပုဒ်မ ၁၄။     မှုခင်းဆောင်ရွက်နေစဉ်အတွင်း ပြည်သူပရိသတ်တို့အား ထုတ်ပယ်ရန် အမိန့်ဆင့်ဆိုနိုင်သော တရားရုံး၌ရှိသည့် အာဏာများအပြင် ထိုအာဏာများကို မထိခိုက်စေဘဲ ဤအက်ဥပဒေ အရဖြစ်သော ပြစ်မှုတစ်ခုခုအတွက် တစ်ဦးတစ်ယောက်သောသူနှင့်ပတ်သက်၍ တရားရုံးတွင် မှုခင်းကိစ္စဆောင်ရွက်နေစဉ်ဖြစ်စေ၊ အယူခံမှုဆောင်ရွက်နေစဉ်ဖြစ်စေ ဤအက်ဥပဒေအရ တစ်ဦးတစ်ယောက်သောသူကို စစ်ဆေးစီရင်နေစဉ်ဖြစ်စေ ထိုမှုခင်း ဆောင်ရွက်နေသည့် အတောအတွင်း ထွက်ဆိုသည့်သက်သေခံချက် သို့မဟုတ် ဖော်ပြထားသည့် အကြောင်းအရာ တစ်ခုခုကို အများကြားသိစေပါက နိုင်ငံလုံခြုံရေးကို ထိခိုက်မည်ဖြစ်သည်ဟု အကြောင်းပြ၍ ပြည်သူပရိသတ်အားလုံး သို့မဟုတ် အချို့အဝက်ကို အမှုကြားနာစစ်ဆေးသည့် အချိန်ကာလ တစ်စိတ်တစ်ဒေသအတွင်း ထုတ်ပယ်ရန် တရားလိုဘက်က လျှောက်ထားလျှင် ထိုသို့ လျှောက်ထားသည့်အတိုင်း တရားရုံးက အမိန့်ချမှတ်ရမည်။ သို့သော်လည်း ပြစ်ဒဏ်စီရင်ချက်ကိုမူ မည်သည့်ကိစ္စတွင်မဆို လူသိရှင်ကြားချမှတ်ရမည်။

ကုမ္ပဏီစသည်တို့ကျူးလွန်သည့်ပြစ်မှုများ

ပုဒ်မ ၁၅။     ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီသော်လည်းကောင်း၊ ကော်ပိုရေးရှင်းသော်လည်းကောင်းဖြစ်​လျှင် ထိုကုမ္ပဏီ သို့မဟုတ် ကော်ပိုရေးရှင်း ဒါရိုက်တာ နှင့် အရာရှိတိုင်းသည် ထိုပြစ်မှုကျူးလွန်သည်ကို မိမိသိရှိ၍ သဘောတူပါက ထိုပြစ်မှုကိုပင် ကျူးလွန်သူဖြစ်စေရမည်။