ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြည်ပမှဆန်တင်သွင်းမှုများကိုထိန်းချုပ်နိုင်ရန်အတွက်ဆန်သွင်းကုန်ခွန်ကို ၅၅% အထိ တိုးမြှင့်ကောက်ခံခဲ့မှု
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပုဂ္ဂလိကဆန်ကုန်သည်ကြီးများသည် လက်ရှိ(၁၀)လတာကာလအတွင်း၌ ပြည်ပမှ ဆန်တန်ချိန်(၃)သိန်းကျော်ခန့်တင်သွင်းခဲ့ပြီးပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ်အတွင်းဆန်အထွက်နှုန်းကောင်းပြီးပြည်တွင်းဈေးကွက်၌ ဆန်တန်ချိန် (၂.၅)သန်းခန့်ပိုလျှံမှုများဖြစ်ပေါ်နေချိန်တွင် ပြည်ပမှတင်သွင်းလာသည့် ဆန်များကြောင့် ဆန်ဈေးနှုန်းမှာ (၃)နှစ်တာကာလအတွင်း အနိမ့်ဆုံးသို့ကျဆင်းခဲ့ကာ ဘင်္ဂလားဒေ့ရှ်လယ်သမားများမှာဆုံးရှုံးမှုများကိုကြုံတွေ့နေရကြောင်း၊ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ပြည်ပမှဆန်တင်သွင်းမှုများအပေါ်၌ သွင်းကုန်ခွန်ကို ၂၈% ကောက်ခံလျက်ရှိရာမှ ပြည်တွင်းရှိလယ်သမားများ၏ အကျိုးစီးပွားကိုကာကွယ်နိုင်ရန်အတွက် ဆန်သွင်းခွန်အား ၅၅% အထိကောက်ခံရန် ဆုံးဖြတ်ခဲ့ကြောင်းသိရှိရပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၀၁၉ ခုနှစ်၊ မေလ(၂၂)ရက်မှ စတင်ကောက်ခံခဲ့သည့် ဆန်တင်သွင်းမှုများအပေါ်၌ ပြဌာန်းထားသည့် အခွန်စည်းကြပ်မှုအသေးစိတ်မှာအကောက်ခွန် ၂၅%၊ ပုံမှန်စည်းကြပ်ခွန် ၂၅% နှင့် ကြိုတင်ဝင်ငွေခွန် ၅% အပါအဝင် စုစုပေါင်း ၅၅% ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရသည် ယခင်ကဆန်တင်သွင်းမှုများအပေါ်၌ အကောက်ခွန် ၂၅% နှင့် ပုံမှန်စည်းကြပ်ခွန် ၃% အပါအဝင် စုစုပေါင်း ၂၈% သာကောက်ခံခဲ့ကြောင်းသိရှိရပါသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရကယခုကဲ့သို့ ဆန်သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံခဲ့ခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယခင်ကကဲ့သို့ ဆန်တင်ပို့ရန် ဖြစ်နိုင်တော့မည်မဟုတ်ဟုအိန္ဒိယဆန်ကုန်သည်များကသုံးသပ်ထားကြကြောင်းwww.bdnews24.com အင်တာနက် websiteတွင်ဖော်ပြပါရှိပါသည်။