အမေရိကန်ဗဟိုဘဏ် အစည်းအဝေးမှတ်တမ်းနှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ သတိပေးချက်တို့ ထွက်ပေါ်ပြီးနောက် ကမ္ဘာ့ရွှေဈေးနှုန်းမှာပြန်လည်မြင့်တက်လာခဲ့မှု
အမေရိကန်ဗဟိုဘဏ်၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့ နှင့် မေလ(၁)ရက်နေ့တို့တွင်ကျင်းပခဲ့သည့် အစည်းအဝေးမှတ်တမ်းကိုယခုရက်ပိုင်းအတွင်း အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာပေးခဲ့ရာ အဆိုပါမှတ်တမ်း၌ ဗဟိုဘဏ်ကော်မတီဝင်များသည် အမေရိကန် – တရုတ် ကုန်သွယ်ရေးတင်းမာမှုဂယက်နှင့် ဗြိတိန်-ဥရောပသမဂ္ဂခွဲရေး/တွဲရေးပြဿနာသေချာမှုမရှိသေးသည့် အခြေအနေများကိုအကြောင်းပြု၍ ကမ္ဘာ့စီးပွားရေးမငြိမ်မသက်ဖြစ်ပေါ်လာနိုင်သည်ဟုခန့်မှန်းထားကြပြီးဘဏ်တိုးနှုန်းတိုးမြှင့်ရေးကိစ္စကိုဆက်လက်ဆိုင်းငံ့ထားရန် ဆွေးနွေးခဲ့ကြသည့် အချက်များပါရှိကြောင်း၊ ထို့ကြောင့် ဗဟိုဘဏ်၏ အစည်းအဝေးမှတ်တမ်းထွက်ပေါ်ပြီးနောက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းပြီးကမ္ဘာ့ရွှေဈေးနှုန်းမှာပြန်လည်မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။
ထို့ပြင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၂၀၁၉ ခုနှစ်၊ မေလ(၂၃)ရက်တွင် ထုတ်ပြန်သည့်သတိပေးချက်၌ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲအရှိန်အဟုန်မြင့်လာမည်ဆိုပါက ကမ္ဘာ့စီးပွားရေးတိုးတက်မှုကိုထိခိုက်စေနိုင်ပြီး အမေရိကန်သမ္မတ၏ သွင်းကုန်ခွန်တိုးမြှင့် ကောက်ခံသည့်အစီအစဉ်သည် အမေရိကန်ကုမ္ပဏီကြီးများကိုပါ အကြီးအကျယ်ထိခိုက်စေလိမ့်မည်ဟုဖော်ပြထားခြင်းသည်လည်းအမေရိကန်ဒေါ်လာတန်ဖိုးကိုကျဆင်းစေကာ ရွှေဝယ်ယူစုဆောင်းမှုကိုပိုမိုများပြားလာစေခဲ့ကြောင်းသိရှိရပါသည်။
အမေရိကန်ဗဟိုဘဏ် အစည်းအဝေးမှတ်တမ်းနှင့် IMF ၏သတိပေးချက်များထွက်ပေါ်ပြီးနောက်ရက်ပိုင်းအတွင်းအမေရိကန်ဒေါ်လာတန်ဖိုးမှာ ၀.၂၇% ကျဆင်းပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၀.၅% မြင့်တက်ကာမေလ(၂၅)ရက်၌ တစ်အောင်စလျှင်အမေရိကန်ဒေါ်လာ (၁၂၈၃.၆၀)ဖြင့် ဈေးပိတ်သွားခဲ့ကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။