အိန္ဒိယဗဟိုဘဏ်သည် စီးပွားရေးနှေးကွေးနေမှုကို ပြောင်းလဲနိုင်ရန်အတွက် ဘဏ်တိုးနှုန်းအား (၉)နှစ် တာကာလအတွင်း အနိမ့်ဆုံးအနေအထားသို့ လျှော့ချခဲ့
အိန္ဒိယနိုင်ငံတွင် ဝန်ကြီးချုပ်မိုဒီ ဆက်လက်အာဏာရရှိခဲ့ပြီးနောက် အိန္ဒိယဗဟိုဘဏ်သည် တိုင်းပြည်၏ နှေးကွေးနေမှုကို ပြောင်းလဲနိုင်ရန်အတွက် ဘဏ်တိုးနှုန်းအား (၉) နှစ်တာကာလ အတွင်း အနိမ့်ဆုံးအနေအထားသို့ လျှော့ချကြောင်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၆) ရက် (ကြာသပတေးနေ့) တွင် ကြေညာခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းနေပြီး အလုပ်လက်မဲ့နှုန်းမှာ (၄၅) နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေခြင်းတို့ကြောင့် ဗဟိုဘဏ်အနေဖြင့် စီးပွားရေးတိုးတက်မှုများ ပြန်လည်ရရှိရန်အတွက် ဘဏ်တိုးနှုန်းကို ယခုကဲ့သို့ လျှော့ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၈ ခုနှစ်၊ နောက်ဆုံး (၃) လပတ်ကာလ အတွင်း၌ ၆.၆% ခန့်ရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်၊ ပထမ (၃) လပတ်ကာလအတွင်း၌မူ ၅.၈% သို့ ကျဆင်းခဲ့ကြောင်း၊ အလားတူ အလုပ်လက်မဲ့နှုန်းမှာလည်း လက်ရှိအချိန်၌ (၄၅) နှစ်တာကာလအတွင်း အမြင့်ဆုံးဖြစ်သည့် ၆.၁% သို့ရောက်ရှိနေကြောင်း၊ ထို့ကြောင့် အိန္ဒိယဗဟိုဘဏ်သည် ဘဏ်တိုးနှုန်းအား လက်ရှိသတ်မှတ်ထားသည့် ၆% မှ ၀.၂၅% လျှော့ချခဲ့ပြီး ၅.၇၅% သို့ ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း၊ အဆိုပါပမာဏသည် (၉) နှစ်တာကာလအတွင်း အိန္ဒိယဗဟိုဘဏ်၏ ဘဏ်တိုးနှုန်း အနိမ့်ဆုံးအနေအထားဖြစ်ကြောင်း သိရှိရပါသည်။
လက်ရှိအိန္ဒိယဗဟိုဘဏ်ဥက္ကဋ္ဌ ရှာတီဂန်ဒါတက်စ်သည် ဝန်ကြီးချုပ်မိုဒီနှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ၌ ဗဟိုဘဏ်ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်သွားသော အူဂျစ်ပတေး၏ နေရာတွင်အစားထိုးခန့်အပ်ခံရသူဖြစ်ရာ ၎င်းဗဟိုဘဏ်ဥက္ကဋ္ဌ တာဝန်ရယူပြီးနောက်တွင် ဘဏ်တိုးနှုန်းကို အကြိမ်ကြိမ်လျှော့ချခဲ့ကြောင်း၊ အိန္ဒိယဗဟိုဘဏ်သည် လက်ရှိ ၂၀၁၉ ခုနှစ်အတွင်း ဖေဖော်ဝါရီလနှင့် ဧပြီလတို့တွင် ဘဏ်တိုးနှုန်းအား ၀.၂၅% စီ လျှော့ချခဲ့ပြီး ယခု ဇွန်လတွင်လည်း ထပ်မံလျှော့ချခဲ့ရာ ၂၀၁၉ ခုနှစ်အတွင်း ဘဏ်တိုးနှုန်းအား (၃) ကြိမ်ဆက်တိုက် လျှော့ချခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
အိန္ဒိယရူပီးငွေတန်ဖိုးသည် အိန္ဒိယဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းလျှော့ချသည့် ကြေညာချက်မထွက်ပေါ်မီက အမေရိကန်တစ်ဒေါ်လာလျှင် (၆၉.၃၁) ရူပီးလဲလှယ်မှုနှုန်း ဖြစ်ပေါ်လျက်ရှိရာမှ ဗဟိုဘဏ်၏ ကြေညာချက်ထွက်ပေါ်ပြီးနောက်၌ အမေရိကန်တစ်ဒေါ်လာလျှင်(၆၉.၄၅) ရူပီး လဲလှယ်မှုနှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း www.channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။