ကမ္ဘာပေါ်၌ လူသုံးအများဆုံးလူမှုကွန်ရက် Facebook သည် ဟွာဝေးဖုန်းများ၌ ဝန်ဆောင်မှုများကို ရပ်ဆိုင်းတော့မည်ဟု ကြေညာခဲ့

ကမ္ဘာပေါ်၌ လူသုံးအများဆုံး လူမှုကွန်ရက်တစ်ခုဖြစ်သည့် Facebook သည် ဟွာဝေး ဖုန်းများ၌ Facebook ၏ ဝန်ဆောင်မှုများကို မကြာမီကာလအတွင်း ရပ်ဆိုင်းတော့မည်ဟု ၂၀၁၉ ခုနှစ်၊ ဇွန်လ (၇)ရက် (သောကြာနေ့) တွင် ကြေညာခဲ့ကြောင်း သိရှိရပါသည်။
Facebook ကုမ္ပဏီတာဝန်ရှိသူများက ရိုက်တာသတင်းဌာနသို့ ပြောကြားချက်အရ လက်ရှိ ဟွာဝေးဖုန်း အသုံးပြုနေသူများသည် ၎င်းတို့၏ စမတ်ဖုန်းများဖြင့် Facebook ၏ ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သော်လည်း အသစ်ထုတ်လုပ်မည့် ဟွာဝေးဖုန်းများ၌မူ Facebook နှင့် ဆက်စပ်သော ဝန်ဆောင်မှုများကိုသာမက WhatsApp ၊ Instagrams တို့နှင့်ဆက်စပ်နေသော ဝန်ဆောင်မှုများကိုပါ အသုံးပြုခွင့်ရတော့မည်မဟုတ်ဟု သိရှိရပါသည်။
ဟွာဝေးသည်လက်ရှိအချိန်၌ ဥရောပတိုက်နှင့်အာရှတိုက်တို့တွင် လူသုံးများလာသည့် စမတ်ဖုန်းဖြစ်ကြောင်း၊ အလားတူ Facebook သည်လည်း ယနေ့ခေတ်၌ စမတ်ဖုန်းများ အသုံးပြုသူများအတွက် အဓိကကျပြီးလူသုံးများသော လူမှုကွန်ရက်တစ်ခုဖြစ်ရာ ဟွာဝေးဖုန်းများ၌ Facebook အသုံးပြုခွင့် မရရှိခြင်းသည် ဟွာဝေးကုမ္ပဏီ၏အကျိုးစီးပွားကို များစွာထိခိုက်စေနိုင်ကြောင်း၊ ဟွာဝေးဖုန်းများ၌ Facebook ၏ဝန်ဆောင်မှုလုပ်ငန်းများ စတင်ရပ်ဆိုင်းမည့် အချိန်အတိအကျကို Facebook ကုမ္ပဏီက ထုတ်ဖော်ပြောကြားခြင်း မရှိ‌သေးကြောင်း www.channelnewsasia.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။