အိန္ဒိယနိုင်ငံ၌ ယခုနှစ် ၂၀၁၈-၂၀၁၉ စိုက်ပျိုးရာသီအတွင်း ပဲမျိုးစုံနှင့် ဆီထွက်သီးနှံအထွက်နှုန်းများ ကျဆင်းခဲ့သော်လည်း ဆန်ထုတ်လုပ်မှုမှာမူစံချိန်တင်မြင့်တက်ခဲ့
အိန္ဒိယနိုင်ငံ၏စိုက်ပျိုးရေးဝန်ကြီးဌာနက ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သည့် အစီရင်ခံစာအရ ယခုနှစ် ၂၀၁၈-၂၀၁၉ စိုက်ပျိုးရာသီအတွင်း အိန္ဒိယနိုင်ငံ၌ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအပါအဝင် ကောက်ပဲသီးနှံထွက်ရှိမှုပမာဏမှာ ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက တန်ချိန်အနည်းငယ်ကျဆင်းကာ စုစုပေါင်း ကောက်ပဲသီးနှံတန်ချိန် (၂၈၃.၃၇) သန်းခန့်သာ ထွက်ရှိခဲ့သည်ဟု သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၏စိုက်ပျိုးရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ ၂၀၁၈ – ၂၀၁၉ စိုက်ပျိုးရာသီအတွင်း အိန္ဒိယနိုင်ငံ၏ပဲမျိုးစုံအထွက်နှုန်းမှာ တန်ချိန် (၂၃.၂၂) သန်းခန့်ရှိခဲ့ရာ ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက တန်ချိန် (၂.၂) သန်းခန့် ကျဆင်းသွားခဲ့ကြောင်း၊ အလားတူ ဆီထွက်သီးနှံ အထွက်နှုန်းမှာလည်း ၂၀၁၈ – ၂၀၁၉ စိုက်ပျိုးရာသီအတွင်း၌ တန်ချိန် (၃၂.၄၂) သန်းခန့်ရှိခဲ့သောကြောင့် ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက တန်ချိန် (၃)သိန်းခန့်ကျဆင်းသွားခဲ့သည်ဟု သိရှိရပါသည်။
၂၀၁၈ – ၂၀၁၉ စိုက်ပျိုးရာသီအတွင်းပဲနှင့် ဆီထွက်သီးနှံအထွက်နှုန်းများ ကျဆင်းခဲ့သော်လည်း အိန္ဒိယနိုင်ငံ၏ ဆန်ထုတ်လုပ်မှုပမာဏမှာမူ ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက တန်ချိန် (၂.၈၇) သန်းခန့် မြင့်တက်ခဲ့ပြီး စုစုပေါင်းဆန်ထုတ်လုပ်မှုပမာဏမှာ တန်ချိန် (၁၁၅.၆၃)သန်းခန့်အထိစံချိန်တင် မြင့်တက်ခဲ့သည်ဟု သိရှိရကြောင်း www.commoditiescontrol.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။