အမေရိကန်ပြည်ထောင်စု၌ အလုပ်အကိုင်ရရှိမှု လျော့နည်းလာခြင်းနှင့် အမေရိကန်ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်း လျှော့ချမည့် အလားအလာတို့ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ (၁၄) လအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့

အမေရိကန်ပြည်ထောင်စု၊ အလုပ်သမားဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်၊ ဇွန်လ (၇)ရက် (သောကြာနေ့) တွင်ထုတ်ပြန်သည့်အစီရင်ခံစာ၌ မေလအတွင်း နိုင်ငံတစ်ဝန်းအလုပ်အကိုင်ရရှိသူအရေအတွက်သည် မူလမျှော်မှန်းထားသည့် ပမာဏဖြစ်သော (၁၇၇,၀၀၀)ဦးကိုပြည့်မီခြင်းမရှိဘဲ (၇၅၀၀၀)ဦးခန့်သာ ရှိခဲ့သည်ဟု ဖော်ပြထားကြောင်း၊ အလုပ်အကိုင်ရရှိသူအရေအတွက်နည်းပါးလာခြင်းသည် စီးပွားရေး ကျဆင်းလာကြောင်းကို ပြသရာရောက်သည့်အတွက် အမေရိကန်ဗဟိုဘဏ်အနေဖြင့် ဘဏ်တိုးနှုန်း ကိုလျှော့ချခြင်းအပါအဝင် ငွေကြေးမူဝါဒများအား ဖြေလျှော့ပေးရန်တောင်းဆိုမှုများဖြစ်ပေါ်လျက်ရှိ ကြောင်း သိရှိရပါသည်။
ထို့ပြင် အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရွန်မီပေါင်ဝယ်လ်အပါအဝင် ဗဟိုဘဏ်ကော်မတီဝင် အချို့ကလည်း အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှုအခြေအနေကိုစောင့်ကြည့်၍ လိုအပ် ပါက ဘဏ်တိုးနှုန်းလျှော့ချသည့်နည်းလမ်းကို ကျင့်သုံးဖွယ်ရှိသည်ဟု ယခုရက်ပိုင်းအတွင်း ပြောကြား ထားသောကြောင့် အလုပ်သမားဝန်ကြီးဌာန၏အစီရင်ခံစာနှင့် ဗဟိုဘဏ်တာဝန်ရှိသူများ၏ ပြောကြား ချက်အပေါ်အခြေခံ၍ အမေရိကန်ဒေါ်လာတန်ဖိုးမှာ ဆက်တိုက်ကျဆင်းခဲ့ပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ (၁၄)လတာ ကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
ကမ္ဘာ့ရွှေဈေးနှုန်းသည် ယခုရက်သတ္တပတ်အတွင်း၌ ၂.၇% မြင့်တက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လ (၈)ရက်(စနေနေ့)တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၃၄၇.၁၀)ဖြင့် ဈေးပိတ်သွားခဲ့ကြောင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းသည် လာမည့်ရက်ပိုင်းအတွင်း၌ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၅၀) ဝန်းကျင်သို့ ရောက်ရှိလာနိုင်သည်ဟု ရွှေဈေးကွက်လေ့လာသူများကခန့်မှန်းထားကြောင်း၊ အမေရိကန် ဗဟိုဘဏ် အနေဖြင့် ဘဏ်တိုးနှုန်းလျှော့ချခြင်းကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း၌ လုပ်ဆောင်ဖွယ် ရှိသည်ဟူ၍ စီးပွားရေးပညာရှင်များကခန့်မှန်းထားကြပြီး ဘဏ်တိုးနှုန်းအမှန် တကယ်လျှော့ချမည် ဆိုပါက ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း၌ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၄၀၀) ဝန်းကျင်ခန့်အထိ ရောက်ရှိသွားနိုင်ကြောင်း www.kito.com အင်တာနက် website တွင် ဖော်ပြပါ ရှိပါသည်။