မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏အစ်ကိုဖြစ်သူ ကင်ဂျုံနမ် (ကွယ်လွန်) မှာအမေရိကန် CIA ၏သတင်းပေးဖြစ်သည်ဟု အမေရိကန်သတင်းမီဒီယာများက ထုတ်ဖော်ရေးသားခဲ့
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အစ်ကိုဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်းမလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်၌ လုပ်ကြံခံခဲ့ရသည့် မြောက်ကိုရီးယားနိုင်ငံသားကင်ဂျုံနမ်မှာ အမေရိကန်ပြည်ထောင်စုဗဟိုထောက်လှမ်းရေးအေဂျင်စီ (Central Intelligence Agency – CIA) ၏သတင်းပေးဖြစ်သည်ဟု ဩဇာကြီးမားသည့် သတင်းမီဒီယာတစ်ခုဖြစ်သော အမေရိကန်ပြည်ထောင်စု Wall Street Journal သတင်းဌာနက၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၀) ရက် (တနင်္လာနေ့) တွင် ရေးသားဖော်ပြခဲ့ကြောင်း၊ ကင်ဂျုံနမ်သည် CIA၏ သတင်းပေးဖြစ်ကြောင်းနှင့် CIAအတွက် ကင်ဂျုံနမ်က ဆောင်ရွက်ပေးခဲ့သည့် အသေးစိတ်သတင်းအချက်အလက်များကို ၎င်းနှင့် ချိတ်ဆက်အလုပ်လုပ်ကိုင်ဖူးသည့် ပုဂ္ဂိုလ်တစ်ဦးက Wall Street Journal သတင်းဌာနသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Wall Street Journal သတင်းဌာန၏ ရေးသားဖော်ပြချက်အရ CIA နှင့် ကင်ဂျုံနမ်တို့အကြားတွင်ဆက်နွယ်မှုများစွာရှိခဲ့ကြောင်း၊ ထို့ပြင် ကင်ဂျုံနမ်သည်CIAနှင့် သာမကတရုတ်ထောက်လှမ်းရေးအပါအဝင် အခြားနိုင်ငံများမှ ထောက်လှမ်းရေးအဖွဲ့များနှင့်လည်းဆက်နွယ်မှုများရှိခဲ့ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံ၏ ပြင်ပ၌နေထိုင်ခဲ့သူကင်ဂျုံနမ်သည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် CIA မှ စေလွှတ်လိုက်သည့် အဆက်အသွယ်များနှင့် မလေးရှားနိုင်ငံ၌တွေ့ဆုံအပြီး မလေးရှားနိုင်ငံမှ ပြန်လည်ထွက်ခွာစဉ် ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်၌ အဆိပ်ဓာတ်ငွေ့ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရှိရပါသည်။
အလားတူအမေရိကန်ပြည်ထောင်စုအခြေစိုက် Washington Postသတင်းဌာန၏ တရုတ်နိုင်ငံ၊ ဘေကျင်းမြို့အခြေစိုက်ရုံးခွဲအကြီးအကဲအန်နာဖစ်ဖ်ဖီးလ် ရေးသားထုတ်ဝေသည့် The Great Successor စာအုပ်တွင်လည်းကင်ဂျုံနမ်သည် CIA ၏ သတင်းပေးဖြစ်ပြီးကင်ဂျုံနမ်သည် စင်ကာပူနှင့်မလေးရှားနိုင်ငံတို့တွင် CIAအဆက်အသွယ်များနှင့် မကြာခဏတွေ့ဆုံကာ မြောက်ကိုရီးယားနိုင်ငံအတွင်းရေးနှင့်ပတ်သက်သည့်သတင်းများကို ပေးအပ်လေ့ရှိကြောင်းကို CIA အသိုက်အဝန်းထံမှ သိရှိရသည်ဟု ရေးသားထားကြောင်းwww.theguardian.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။