တရုတ်နှင့်ဖြစ်ပွားနေသော ကုန်သွယ်ရေးတင်းမာမှုများကို ဖြေလျှော့ပေးရန် သမ္မတဒေါ်နယ်ထရန့်ထံ အမေရိကန်ကုမ္ပဏီ (၆၀၀) ကျော်ခန့်က တောင်းဆိုစာ ပေးပို့ခဲ့

တရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံခြင်းသည် အမေရိကန်စီးပွားရေး လုပ်ငန်းများနှင့် စားသုံးသူအမေရိကန်ပြည်သူများကို ထိခိုက်စေသောကြောင့် တရုတ်နှင့်ဖြစ်ပွားနေသော ကုန်သွယ်ရေး တင်းမာမှုများကို ဖြေလျှော့ပေးရန် အမေရိကန်ကုမ္ပဏီ (၆၀၀) ကျော်ခန့်က ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၃) ရက် (ကြာသပတေးနေ့) တွင် သမ္မတဒေါ်နယ်ထရန့်အစိုးရထံ တောင်းဆိုစာပေးပို့ခဲ့သည်ဟု သိရှိရကြောင်း၊ အမေရိကန်ပြည်ထောင်စုရှိ စိုက်ပျိုးရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများနှင့် နည်းပညာလုပ်ငန်းများအစရှိသည့် စီးပွားရေးလုပ်ငန်းပေါင်း (၁၅၀) ကျော်တို့သည် ယခင်ကလည်း သမ္မတဒေါ်နယ်ထရန့်အစိုးရထံ ယခုကဲ့သို့သော စာများပေးပို့ခဲ့ဖူးသည်ဟု သိရှိရပါသည်။
အမေရိကန်ပြည်ထောင်စု၌ လက်လီအရောင်းလုပ်ငန်း ထိပ်တန်းကုမ္ပဏီကြီးများဖြစ်သော Walmart Inc နှင့် Target Corp အပါအဝင်ကုမ္ပဏီပေါင်း (၆၀၀) ကျော်ခန့်က သမ္မတဒေါ်နယ်ထရန့် အစိုးရထံပေးပို့သောစာ၌ အမေရိကန်အစိုးရနှင့် တရုတ်အစိုးရတို့၏ သွင်းကုန်ခွန်အပြန်အလှန် တိုးမြှင့်ကောက်ခံခြင်းဖြင့် ကုန်သွယ်ရေးတင်းမာမှု ပိုမိုမြင့်တက်လာမည်ကို မိမိတို့ အမေရိကန်စီးပွားရေး လုပ်ငန်းများက စိုးရိမ်နေကြောင်း၊ တရုတ်နိုင်ငံက ကျင့်သုံးနေသည့် မမျှတသောကုန်သွယ်ရေးစနစ်အား အပြောင်းအလဲဖြစ်စေရန်အတွက် တရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်တိုးမြှင့် ကောက်ခံခြင်းသည်ထိရောက်သော လုပ်ဆောင်ချက်မဟုတ်ကြောင်း၊ အမေရိကန်အစိုးရက တိုးမြှင့်လိုက်သော သွင်းကုန်ခွန်များကို အမှန်တကယ်ပေးဆောင်နေရသည်မှာ တရုတ်ကုမ္ပဏီများမဟုတ်ဘဲ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် အမေရိကန်ကုမ္ပဏီများပင်ဖြစ်ကြောင်း၊ သွင်းကုန်ခွန်တိုးမြှင့် ကောက်ခံခြင်းဖြင့် ကုန်သွယ်ရေးတင်းမာမှုများကိုမြင့်တက်စေခြင်းသည် အမေရိကန်ပြည်ထောင်စုအတွက် သာလွန်သော အကျိုးအမြတ်များကိုရရှိစေမည်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက်ဆုံးရှုံးမှုသာ ဖြစ်ပေါ်စေမည်ဟု ရေးသားဖော်ပြထားကြောင်း သိရှိရပါသည်။
အမေရိကန်ပြည်ထောင်စု၌ အကြီးဆုံးပုဂ္ဂလိက လက်လီအရောင်းလုပ်ငန်းကြီးဖြစ်သော Walmart Inc ကလည်း အမေရိကန်အစိုးရက တရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်တိုးမြှင့် ကောက်ခံခြင်းသည် အမေရိကန်ပြည်ထောင်စုအတွင်း၌ ကုန်စည်များနှင့်ဝန်ဆောင်မှုများ၏တန်ဖိုး ကို မြင့်တက်စေနိုင်သည်ဟု ပြောကြားခဲ့ကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။