ထိုင်းနိုင်ငံတောင်ပိုင်း၌ ဘင်္ဂါလီဒုက္ခသည်သင်္ဘောတစ်စီးတွေ့ရှိခဲ့ပြီးနောက်တွင် မလေးရှားအာဏာပိုင်များသည် ဒုက္ခသည်များဝင်ရောက်လာခြင်းမရှိစေရန်အတွက် ထိုင်း _ မလေးရှားနယ်စပ်တစ်လျှောက်၌ လုံခြုံရေးတင်းကြပ်စွာချထား
ထိုင်းနိုင်ငံတောင်ပိုင်း ဆက်တန်ပြည်နယ် ပင်လယ်ကမ်းခြေတွင် သောင်တင်နေသည့် သင်္ဘောတစ်စီးပေါ်၌ မလေးရှားနိုင်ငံသို့သွားရောက်မည့် ဘင်္ဂါလီဒုက္ခသည် (၆၅) ဦးအား ထိုင်းရဲတပ်ဖွဲ့က ယခုရက်သတ္တပတ်အတွင်း ဖမ်းဆီးရမိခဲ့ပြိးနောက်တွင် မလေးရှားအာဏာပိုင်များသည် လှေစီးဘင်္ဂါလီ ဒုက္ခသည်များ မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့်အရေးကို ကာကွယ်နိုင်ရန်အတွက် ထိုင်းနှင့်မလေးရှားနယ်စပ်တစ်လျှောက်၌ လုံခြုံရေးအင်အား တိုးမြှင့်ချထားလျက်ရှိကြောင်း သိရှိရပါသည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ စာရင်းအချက်အလက်များအရ မလေးရှားနိုင်ငံတွင် တရားဝင်ခိုလှုံခွင့်ရရှိထားသည့် ဘင်္ဂါလီဒုက္ခသည်အရေအတွက်မှာ (၂၄၇၂၀) ဦး ခန့်ရှိပြီး မလေးရှားနိုင်ငံသည် ဘင်္ဂါလီဒုက္ခသည်များ၏ဦးစားပေးသွားရောက်ရာ နေရာတစ်ခုအဖြစ် ရပ်တည်နေသည်ဟု သိရှိရကြောင်း၊ မလေးရှားကမ်းခြေစောင့်ရဲတပ်ဖွဲ့၊ အကောက်ခွန်ဌာနတာဝန် ရှိသူများနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၃) ရက် (ကြာသပတေးနေ့) မှ စတင်၍ ထိုင်း-မလေးရှားနယ်စပ်တစ်လျှောက်၌ အထူးဂရုပြုစောင့်ကြည့်မှုများပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။
ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာသည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် တွေ့ရှိခဲ့သော ဘင်္ဂါလီဒုက္ခသည် သင်္ဘောကိစ္စနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးရန် ထိုင်းရဲတပ်ဖွဲ့အား ညွှန်ကြားထားပြီး ဒုက္ခသည်များ၌ ကူးစက်ရောဂါများပါလာခြင်း ရှိ/ မရှိ စစ်ဆေးရန်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ထားရန် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများအား ညွှန်ကြားထားကြောင်း၊ ထိုင်းရဲတပ်ဖွဲ့ရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆူချပ်သီရာဆာဝပ်သည် ဒုက္ခသည်များ လာရောက်ခဲ့သော လမ်းကြောင်းတစ်လျှောက်အား ရဟတ်ယာဉ်ဖြင့် လိုက်လံကြည့်ရှုခဲ့ပြီး အခြားသော ဒုက္ခသည်လှေများ ရှိ/ မရှိကိုပါ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေလျက်ရှိကြောင်း၊ ရဲတပ်ဖွဲ့သည် သောင်တင်နေသည့်ဒုက္ခသည်သင်္ဘောမှ ထိုင်းနိုင်ငံသားမာလိန်မှူးနှင့် မြန်မာနိုင်ငံသား (၅) ဦးတို့ကို လူကုန်ကူးမှု ဖြင့်တရားစွဲဆိုရန်စီစဉ်နေကြောင်း www.nationmultimedia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။