အမေရိကန် ဗဟိုဘဏ်အစည်းအဝေးဂယက်ကြောင့် ကမ္ဘာ့ရွှေစေျးမှာ (၅) နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိလာခဲ့
၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့နှင့် ဇွန်လ (၁၉) ရက်နေ့တို့တွင်ပြုလုပ်ခဲ့သည့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေး၌ အမေရိကန်ဗဟိုဘဏ်အနေဖြင့် လက်ရှိကျင့်သုံးနေသော တင်းကြပ်သည့်ငွေကြေးမူဝါဒများကို စွန့်လွှတ်၍ ဘဏ်တိုးနှုန်းအများအပြား လျှော့ချမည့်အစီအစဉ်ကို စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြသခဲ့သည့်အတွက် ယင်းအစည်းအဝေးအပြီးတွင် ကမ္ဘာ့ရွှေစေျးမှာ (၅) နှစ်တာကာလအတွင်းအမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့ကြောင်း သိရှိရပါသည်။
ဗဟိုဘဏ်အစည်းအဝေးအပြီး ထုတ်ပြန်သည့်ကြေညာချက်၌ ကမ္ဘာတစ်ဝန်းဖြစ်ပေါ်နေသည့် ကုန်သွယ်ရေးတင်းမာမှုများနှင့် စီးပွားရေးကျဆင်းလာမည့် အခြေအနေများကြောင့် ဗဟိုဘဏ်အနေဖြင့်ဘဏ်တိုးနှုန်းကို လာမည့်ဇူလိုင်လမှစတင်၍ လျှော့ချသွားမည်ဟုဖော်ပြထားကြောင်း၊ ဗဟိုဘဏ်အစည်းအဝေး၌ ဗဟိုဘဏ်ကော်မတီဝင် (၁၇) ဦးအနက်(၇) ဦးကဘဏ်တိုးနှုန်းကိုလာမည့်ဇူလိုင်လကုန်၌ လက်ရှိနှုန်းထားမှ ၀.၂၅% လျှော့ချပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမတိုင်မီ ၀.၅% ထပ်မံ လျှော့ချရန်အဆိုပြုခဲ့ကြကြောင်း၊ ထို့ကြောင့် ဗဟိုဘဏ်အနေဖြင့် ၂၀၁၉ ခုနှစ် လက်ကျန်ကာလများအတွင်းဘဏ်တိုးနှုန်းကို စုစုပေါင်း ၀.၇၅% အထိ လျှော့ချဖွယ်ရှိသောကြောင့် ဗဟိုဘဏ်အစည်းအဝေးအပြီးတွင် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းကာ ကမ္ဘာ့ရွှေစေျးနှုန်းမှာ (၅) နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌဂျရွန်မီပေါင်ဝယ်လ်သည် တင်းကြပ်သောငွေကြေးမူဝါဒများကို ကျင့်သုံးလိုသူတစ်ဦးဖြစ်ကြောင်း၊ အမေရိကန်သမ္မတဒေါ်နယ်ထရန့်မှာမူ အမေရိကန်နှင့် အခြားစီးပွားရေးအင်အားကြီးနိုင်ငံများအကြား ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် အမေရိကန်ဒေါ်လာတန်ဖိုးအားကောင်းနေပါက ကုန်သွယ်ရေးစစ်ပွဲ၌ အမေရိကန်ပြည်ထောင်စုအထိနာနိုင်သည့်အတွက် ဘဏ်တိုးနှုန်းလျှော့ချရေးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလကတည်းက တောင်းဆိုခဲ့သော်လည်း ဗဟိုဘဏ်ဥက္ကဋ္ဌကလုပ်ဆောင်ပေးခြင်းမရှိသောကြောင့် ဗဟိုဘဏ်ဥက္ကဋ္ဌနေရာကို အပြောင်းအလဲပြုလုပ်ရန် ဆန္ဒရှိနေကြောင်း၊ ယခုကျင်းပခဲ့သည့် ဗဟိုဘဏ်အစည်းအဝေးကာလအတွင်း၌လည်း အမေရိကန်သမ္မတသည် ဗဟိုဘဏ်ဥက္ကဋ္ဌအားရာထူးမှထုတ်ပယ်ရန်အတွက် သမ္မတတစ်ဦးအနေဖြင့် လိုအပ်သည့်အခွင့်အာဏာများနှင့် လုပ်ပိုင်ခွင့်များကို လေ့လာသုံးသပ်နေသည်ဟူသော သတင်းများထွက်ပေါ်ခဲ့ပြီးနောက်တွင် ဗဟိုဘဏ်၏ငွေကြေးမူဝါဒများပြောင်းလဲလာခဲ့ကြောင်းသိရှိရပါသည်။
ကမ္ဘာ့ရွှေစေျးသည် အမေရိကန်ဗဟိုဘဏ် အစည်းအဝေးပြီးဆုံးသည်နှင့်တပြိုင်နက် ဇွန်လ (၂၀) ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် နယူးယောက်စေျးကွက်၌ ၃.၆% မြင့်တက်ပြီးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၉၇.၇၀) ဈေးနှုန်းအထိရောက်ရှိခဲ့ကြောင်း၊ စေျးနှုန်းအဆမတန်မြင့်တက်သွားသည့်အတွက် အမြတ်အစွန်းရလိုမှုကြောင့် အပြိုင်အဆိုင်ရောင်းချလာကြသောကြောင့် နေ့လည်ပိုင်းတွင်မူ ကမ္ဘာ့ရွှေစေျးမှာတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၈၂) ဝန်းကျင်သို့ ကျဆင်းသွားခဲ့ကြောင်း၊ အဆိုပါစေျးနှုန်းသည်ပင် ၂၀၁၄ ခုနှစ်နောက်ပိုင်း (၅) နှစ်တာကာလအတွင်း အမြင့်ဆုံးစေျးနှုန်းဖြစ်ကြောင်းwww.bloomberg.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။
မှတ်ချက်။ ။ အမေရိကန်ဗဟိုဘဏ်၏ လက်ရှိဘဏ်တိုးနှုန်းမှာ ၂.၅၀% ဖြစ်ပါသည်။