အာရှနိုင်ငံများ၌ ဝက်တုပ်ကွေးရောဂါ ပျံ့နှံ့နေသောကြောင့် ဝက်ကောင်ရေသန်းနှင့်ချီ၍ သုတ်သင်သတ်ဖြတ်ခံခဲ့ရ
အာဖရိကဝက်တုပ်ကွေးရောဂါသည် အာရှနိုင်ငံများ၌ ပျံ့နှံ့နေသောကြောင့် သက်ဆိုင်ရာအစိုးရများအနေဖြင့် ဦးစားပေးကိစ္စရပ်အဖြစ်သတ်မှတ်ကာ ဖြေရှင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) က ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၀) ရက် (ကြာသပတေးနေ့) တွင်ထုတ်ပြန်သည့်ကြေညာချက်၌ ယခုအခါ ဝက်တုပ်ကွေးရောဂါသည် တရုတ်၊ ဗီယက်နမ်နိုင်ငံများ၌သာမက လာအိုနိုင်ငံ၌ပါ ဖြစ်ပွားလျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လတွင် တရုတ်နိုင်ငံမှစတင်ဖြစ်ပွားခဲ့သည့် အဆိုပါဝက်တုပ်ကွေးရောဂါကြောင့် ဒေသအတွင်း၌ စုစုပေါင်း ဝက်ကောင်ရေ (၃.၇) သန်းခန့်ကို သတ်ဖြတ်သုတ်သင်ခဲ့ရကြောင်း၊ ဗီယက်နမ်နိုင်ငံသည် အများဆုံး ထိခိုက်ခဲ့သည့်နိုင်ငံဖြစ်ပြီး ဝက်ကောင်ရေအနည်းဆုံး (၂.၆) သန်းခန့် သုတ်သင်ခံခဲ့ရကာ တရုတ်နိုင်ငံမှာမူ ဝက်ကောင်ရေ (၁.၁) သန်းခန့် သုတ်သင်ခံခဲ့ရကြောင်း၊ ယခုအခါ ဟောင်ကောင်၊ ထိုင်ဝမ်၊ မြောက်ကိုရီးယား၊ ကမ္ဘောဒီးယားနှင့် မွန်ဂိုလီးယားတို့၌လည်း ဝက်တုပ်ကွေးရောဂါ အနည်းအကျဉ်းဖြစ်ပွားနေသည်ကို တွေ့ရှိရသည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ဝက်နှင့်ပတ်သက်သောစားသောက်ကုန်များကို နိုင်ငံတစ်ကာ ဈေးကွက်အတွင်းသို့ အဓိကပံ့ပိုးပေးနေသည့်နိုင်ငံများဖြစ်ရာ ဝက်တုပ်ကွေးရောဂါ၏ ဂယက်ကြောင့် ကမ္ဘာတစ်ဝန်း၌ ဝက်သားသာမက ဝက်နှင့်ဆက်စပ်သောစားသောက်ကုန်ပစ္စည်းများမှာ ဈေးကွက် အတွင်း၌လျော့နည်းသွားခဲ့ပြီး ဈေးနှုန်းများမှာလည်း ၄၀% ခန့်မြင့်တက်လာခဲ့ကြောင်း၊ ဗီယက်နမ် နိုင်ငံ၏ဝက်မွေးမြူရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ (၁၈) ဘီလီယံခန့်တန်ဖိုးရှိပြီး ဝက်ကောင်ရေ (၃၀) သန်းခန့်ရှိကြောင်း သိရှိရပါသည်။
တောင်ကိုရီးယားနိုင်ငံတွင် ဝက်မွေးမြူရေးခြံပေါင်း (၆၃၀၀) ခန့်ရှိပြီး ဝက်ကောင်ရေ (၁၁) သန်းကျော် မွေးမြူထားရာ ဝက်တုပ်ကွေးရောဂါကူးစက်ပျံ့နှံ့မည်ဆိုပါက ဆုံးရှုံးမှုများစွာကြုံတွေ့နိုင်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ဗီယက်နမ်နိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသောဒေသများ၌ ဝက်တုပ်ကွေး ရောဂါတွေ့ရှိရသည့်အတွက် ဝက်ကောင်ရေ (၂၄၀၀) ကျော်ကို ယခုလပိုင်းအတွင်း သုတ်သင်ခဲ့ရကြောင်း၊ အလားတူ ဟောင်ကောင်တွင် ဝက်ကောင်ရေ (၁၀၇၀၀) ခန့်ကို ဝက်တုပ်ကွေးရောဂါကြောင့် သုတ်သင်ခဲ့ရပြီး မြောက်ကိုရီးယားနိုင်ငံတွင်လည်း ဝက်တုပ်ကွေးရောဂါ အန္တရာယ်ကိုစိုးရိမ်သည့်အတွက် တရုတ် နိုင်ငံဘက်မှဝင်ရောက်လာသော ဝက်သားနှင့်ဆက်စပ်နေသည့်စားသောက်ကုန်များကို တားမြစ်ပိတ်ပင်ခဲ့ပြီး နိုင်ငံအတွင်းဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများကိုလည်း ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ အလားတူ ထိုင်းနိုင်ငံသည်လည်း နယ်စပ်ဒေသနှင့် ရေဆိပ်၊ လေဆိပ်များ၌ စစ်ဆေးရေးဂိတ်များထားရှိကာ ဝက်သား၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်အပါအဝင် ဝက်သားနှင့် ဆက်စပ်နေသောစားသောက်ကုန်များဝင်ရောက်လာခြင်းကို တားမြစ်ပိတ်ပင်လျက်ရှိကြောင်း www. bangkokpost.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။
၎
င
၎
၎
၎
င
၎
၎