ကမ္ဘာတစ်ဝန်း ဝူဟန်ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုကိုအကြောင်းပြု၍ ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာဆက်လက်မြင့်တက်ခဲ့မှု

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှ အစပြုခဲ့သည့် ဝူဟန်ဗိုင်းရပ်စ်မှာ ကမ္ဘာတစ်ဝန်းသို့ ကူးစက်ပျံ့နှံ့မှုများ ပိုမိုဖြစ်ပေါ်လာမည့် အပေါ်စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ဆက်လက်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလမှစတင်၍လက်ရှိ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၆)ရက်အထိ ကာလအတွင်းတရုတ်နိုင်ငံ၌ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးသူ (၅၆)ဦးအထိမြင့်တက် လာပြီး နိုင်ငံတစ်ဝန်းရောဂါကူးစက်ခံထားရသူ စုစုပေါင်းအရေအတွက်မှာ(၁,၉၇၅)ဦးအထိ ရှိနေပြီ ဖြစ်သည်ဟု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၆)ရက်တွင် တရုတ်နိုင်ငံကျန်းမာရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့ကြောင်း၊ ယခုအခါ ဟူပေပြည်နယ်ရှိ ဝူဟန်မြို့နှင့်အခြားမြို့ကြီး(၁၃)မြို့၊ (၁၄)မြို့ခန့်အား ရောဂါထိန်းချုပ်သည့်သဘောဖြင့် လမ်းပန်းဆက်သွယ်သွားလာရေးကဏ္ဍကို ရပ်ဆိုင်းပိတ်ပင်ကာ အခြားသောတားမြစ်ချက်များကိုလည်း ထုတ်ပြန်ထားကြောင်း၊ အလားတူ တရုတ်နိုင်ငံ၏မြို့တော်ဘေကျင်းနှင့် အခြားမြို့ကြီးများတွင်လည်း နှစ်သစ်ကူးပွဲလမ်းသဘင် ကျင်းပမည့် အစီအစဉ်များကို မပြုလုပ်ရန်တားမြစ်ခဲ့ကြောင်း၊ ထို့ပြင်တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ရှိ ဆိပ်ကမ်းမြို့ကြီးဖြစ်သော တီယန်ကျင်းမြို့၌လည်း ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၇)ရက် (တနင်္လာနေ့)မှစ၍ ခရီးရှည်ပြေးဆွဲသည့် ခရီးသည်တင် ဘတ်စ်ကားများနှင့် စင်းလုံးငှား ဘတ်စ်ကားများကို မြို့တွင်း/ မြို့ပြင်သို့ဝင်/ ထွက်သွားလာခွင့် ပိတ်ပင်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်ရှိ လူဦးရေ(၅.၆)သန်းနေထိုင်သော ရှန်းထိုမြို့၏ တစ်စိတ်တစ်ဒေသကို ကူးလူးသွားခွင့်ပိတ်ပင်ထားပြီး ည(၁၂)နာရီအချိန်မှစ၍ ကျန်းမာရေးအရေးပေါ် ကားများမှအပ မည်သည့် မော်တော်ယာဉ်ကိုမျှ ရှန်းထိုမြို့တွင်းသို့ ဝင်ရောက်ခွင့်မပြုတော့ကြောင်း၊ ရှန်းထိုမြို့သို့ ရထားဖြင့် ရောက်ရှိလာသူများကိုလည်း ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြန်လည်ထွက်ခွာသွားကြရန် တိုက်တွန်းညွှန်ကြားသွားမည်ဖြစ်သည့်အပြင် ဘတ်စ်ကားများ၊ ကူးတို့ယာဉ်များနှင့် အငှားယာဉ်များ အပါအဝင် အများပြည်သူဆိုင်ရာ သယ်ယူပို့ရေး အစီအစဉ်များကို ရပ်ဆိုင်းသွားမည်ဟု သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၆)ရက်(တနင်္ဂနွေနေ့)တွင် နောက်ဆုံးရရှိသည့် သတင်း အချက်အလက်များအရ ဝူဟန်ဗိုင်းရပ်စ်သည် တရုတ်နိုင်ငံအတွင်း၌သာမက ထိုင်းနိုင်ငံတွင်(၇)ဦး၊ ဟောင်ကောင်တွင် (၆)ဦး၊မကာအိုတွင်(၅)ဦး၊ ဩစတြေးလျတွင်(၄)ဦး၊ မလေးရှားတွင်(၄)ဦး၊ စင်ကာပူတွင်(၄)ဦး၊ ပြင်သစ်တွင်(၃)ဦး၊ ဂျပန်တွင်(၃)ဦး၊ တောင်ကိုရီးယားတွင်(၃)ဦး၊ ထိုင်ဝမ်တွင်(၃)ဦး၊ အမေရိကန်ပြည်ထောင်စုတွင် (၃)ဦး၊ ဗီယက်နမ် (၂)ဦး၊ နီပေါ (၁)ဦးနှင့် ဖိလစ်ပိုင်တွင် (၁)ဦးစသည့် တရုတ်နိုင်ငံ၏ ပြင်ပအခြားနိုင်ငံပေါင်း(၁၄)နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်နေပြီဟု သိရှိရပါသည်။

ဝူဟန်ဗိုင်းရပ်စ် ပိုမိုပျံ့နှံ့လာခြင်းကြောင့် တရုတ်နိုင်ငံတွင်သာမက အခြားနိုင်ငံများတွင်လည်း ကူးလူးဆက်သွယ်သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများကို ပိတ်ပင်တားမြစ်မှုများ ပိုမို ပြုလုပ်လာပါက ကမ္ဘာတစ်ဝန်း စီးပွားရေးဆုတ်ယုတ်အားပျော့မှုများပါ ဖြစ်ပေါ်လာမည်ကို စိုးရိမ် ပူပန်မှုများထွက်ပေါ်လာခြင်းနှင့်အတူ ရင်းနှီးမြှုပ်နှံသူများက ရွှေဝယ်ယူစုဆောင်းမှုများ ပြုလုပ် လာကြသောကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် ကမ္ဘာ့အကြီးမားဆုံး ရွှေရောင်းဝယ်ရေးကုမ္ပဏီကြီးဖြစ်သည့် SPDR Gold Trust သည် ယခုရက်ပိုင်းအတွင်း၌ ရွှေတန်ချိန်(၂)တန်နီးပါးခန့် ထပ်မံဝယ်ယူကာ အရန်ရွှေပမာဏကို တန်ချိန် (၉၀၀.၅၈)တန် အထိတိုးမြှင့်ခဲ့ခြင်းသည်လည်း ကမ္ဘာ့ရွှေဈေးနှုန်းကိုမြင့်တက်စေသည့် အခြားအချက် တစ်ခုဖြစ်ကြောင်းသိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၅)ရက်(စနေနေ့)တွင် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေလက်ငင်း ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၇၆% မြင့်တက်ခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၇၄) ဖြင့် ဈေးပိတ်သွားခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းသည် ဇန်နဝါရီလ(၈)ရက်နေ့နောက်ပိုင်း ရက်သတ္တပတ် (၂)ပတ်အတွင်း အမြင့်ဆုံးဖြစ်ကြောင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းသည် ယခုရက်သတ္တပတ်အတွင်း ၁% ခန့် မြင့်တက်ခဲ့ကြောင်းwww.cnbc.com ဖော်ပြထားပါသည်။