နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင် သေဆုံးသူ(၁၃၂)ဦး အထိ မြင့်တက်လာပြီး ရောဂါ ကူးစက် ခံရသူပေါင်း(၆,၀၀၀)ဦးခန့်ရှိနေချိန် တွင် ဒိန်းမတ်သတင်းစာ ကာတွန်း ကြောင့် တရုတ်အစိုးရမှာ အမျက်ဒေါသ ထွက်လျက်ရှိမှု

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင် သေဆုံးသူ(၁၃၂)ဦးအထိမြင့်တက်လာပြီး ရောဂါ ကူးစက်ခံရသူပေါင်း(၆,၀၀၀)ဦးခန့်ရှိနေချိန်တွင် ဒိန်းမတ်သတင်းစာ ကာတွန်းကြောင့် တရုတ် အစိုးရမှာ အမျက်ဒေါသထွက်လျက်ရှိမှု

တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးကော်မရှင်က ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၉)ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ တရုတ်နိုင်ငံတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၁၃၂)ဦး အထိမြင့်တက်လာခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း (၅,၉၇၄)ဦးခန့်အထိ ရှိကာ လူပေါင်း (၉,၀၀၀) ကျော်ကို ရောဂါကူးစက်ခြင်းခံရသည့် သံသယဖြင့် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ် နေသည်ဟု ဖော်ပြထားကြောင်း၊ တရုတ်အာဏာပိုင်များသည် ယခုအခါ ဝူဟန်မြို့နှင့်တကွ အနီးပတ်ဝန်းကျင်ရှိ မြို့များမှ မြို့သူမြို့သားများကို ခရီးသွားလာခွင့်ပိတ်ပင်ထားသည့်အတွက် လူပေါင်းသန်း(၅၀)ခန့်မှာ ပိတ်မိနေကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စုသည် ဝူဟန်မြို့တွင် ပိတ်မိနေသည့် အမေရိကန်နိုင်ငံသား(၂၄၀)ဦးကို လည်းကောင်း၊ ဂျပန်နိုင်ငံသည်လည်း ဝူဟန်မြို့ရှိ ဂျပန်နိုင်ငံသား(၂၀၀)ဦးကို လည်းကောင်း လေယာဉ်များဖြင့် အသီးသီးသွားရောက် ခေါ်ထုတ်ခဲ့ကြောင်း၊ ဘေဂျင်းမြို့ရှိ အမေရိကန်သံရုံး သည် သံရုံးဝန်ထမ်းများအား အချိန်မရွေးရွှေ့ပြောင်းနိုင်ရန်အတွက် လေယာဉ်တစ်စီးကို အသင့်ပြင်ထားပြီး ဥရောပသမဂ္ဂသည်လည်း ဥရောပတိုက်သားများအား မိခင်နိုင်ငံများသို့ အချိန်မရွေးပို့ဆောင်နိုင်ရန် အတွက် လေယာဉ်(၂)စီးကိုအသင့်ပြင်ထားကြောင်း၊ အမေရိကန် အစိုးရသည် အမေရိကန်ပြည်ထောင်စု နှင့်တရုတ်နိုင်ငံတို့ အကြားပြေးဆွဲနေသော လေကြောင်း ခရီးစဉ်အားလုံးကို ရပ်ဆိုင်းရန် စဉ်းစား နေကြောင်း၊ အမေရိကန်ပြည်ထောင်စုနည်းတူ ဟောင်ကောင်ကျွန်းသည်လည်း တရုတ်ပြည်မကြီးသို့ ပြေးဆွဲနေသည့် ရထားလိုင်းများ၊ ကားလိုင်းများ နှင့် သင်္ဘောခရီးစဉ်များကိုရပ်ဆိုင်းခဲ့ကြောင်း  သိရှိရပါသည်။

တရုတ်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအများစိုးရိမ်ပူပန်နေချိန်တွင်ဒိန်းမတ်နိုင်ငံထုတ် ဂျာလန်ပိုစတန်သတင်းစာ (Jyllands-Posten) ၌ ဖော်ပြခဲ့သည့် ကာတွန်းတစ်ခုကြောင့် တရုတ် အာဏာပိုင်များ အမျက်ဒေါသထွက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၇)ရက် နေ့ထုတ် ဂျာလန်ပိုစတန်သတင်းစာတွင် ဖော်ပြခဲ့သည့်ကာတွန်းဆရာ နီးလ်ဘိုဘိုဂျက်ဆန်၏ ကာတွန်း၌ တရုတ်နိုင်ငံတော် အလံပုံကိုဖော်ပြထားပြီးအလံတွင်ပါရှိသော ကြယ်ပွင့်များ၏ နေရာ တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပုံများကို အစားထိုးဖော်ပြထားကြောင်း၊ ဒိန်းမတ်နိုင်ငံရှိ တရုတ်သံရုံး သည် အဆိုပါ ကာတွန်းနှင့်ပတ်သက်၍ ပြင်းထန်စွာကန့်ကွက်ခဲ့ပြီး ကာတွန်းဖော်ပြချက်သည် တရုတ်နိုင်ငံကို စော်ကားခြင်းဖြစ်သကဲ့သို့ တရုတ်ပြည်သူများအား စိတ်ခံစားချက် နာကျင်အောင်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကြေညာခဲ့ကြောင်း၊ တရုတ်သံရုံး၏ ကြေညာချက်၌ အဆိုပါကာတွန်း ဖော်ပြချက်သည် လွတ်လပ်စွာပြောဆိုခွင့်အတွက် ချမှတ်ထားသော ကျင့်ဝတ်၊ သိက္ခာဘောင်ကိုကျော်လွန်သွားပြီ ဖြစ်သောကြောင့် သတင်းစာတိုက်နှင့် ကာတွန်းဆရာတို့ အနေဖြင့် တရုတ်ပြည်သူများကို လူသိရှင်ကြားဝန်ချတောင်းပန်ရန်တောင်းဆိုထားကြောင်း၊ ဂျာလန်ပိုစတန် သတင်းစာသည် ဒိန်းမတ်နိုင်ငံရေးသမားများက ကျောထောက် နောက်ခံ ပြုထားသော သတင်းစာ ဖြစ်ကြောင်း၊ သတင်းစာ၏ အယ်ဒီတာချုပ်က ကာတွန်းဆရာ၏ တင်ပြချက်မှာပကတိဖြစ်ပေါ် နေသော အမှန်တရားကို စိတ်ကူးစိတ်သန်းကွန့်မြူး၍ အများပြည်သူ သိရှိအောင် တင်ပြခဲ့ခြင်းဖြစ်ရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးထမ်းအရ တင်ပြပုံအနေအထား ကွဲလွဲခြင်းသာဖြစ်ပြီး မှားယွင်းသည့် တင်ပြချက်အဖြစ် မသတ်မှတ် နိုင်သောကြောင့် မိမိတို့သတင်းစာတိုက်အနေဖြင့် တရုတ်နိုင်ငံအား တောင်းပန်ရန် အကြောင်း မရှိဟုဖော်ပြထားကြောင်း  သိရှိရပါသည်။

ဂျာလန်ပိုစတန်သတင်းစာနှင့် နီးလ်ဘိုဘိုဂျက်ဆန်တို့သည် ၂၀၀၅ ခုနှစ်ကလည်း တမန်တော် မိုဟာမက်အား သရော်သည့်ကာတွန်းများ ထည့်သွင်းဖော်ပြခဲ့သောကြောင့် အဆိုပါ ကာတွန်းများ ကို ကျေနပ်မှုမရှိသည့် အစ္စလာမ်ဘာသာဝင်များက မွတ်စလင်နိုင်ငံများတွင် ဆူပူဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကြောင်းဖြင့် www.channelnewsasia.com အင်တာနက် website တွင်ဖော်ပြ ထားပါသည်။

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ကမ္ဘာ့ရေနံဝယ်လိုအား ဒုတိယအများဆုံးတရုတ်နိုင်ငံ၏ ရေနံဝယ်ယူမှုကျဆင်းနေသည့်အတွက်ရေနံစျေးနှုန်းများလအတန်ကြာ ဆက်လက်အားပျော့ဖွယ်ရှိမှု

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ကမ္ဘာ့ရေနံဝယ်လိုအား ဒုတိယအများဆုံးတရုတ်နိုင်ငံ၏ ရေနံဝယ်ယူမှုကျဆင်းနေသည့်အတွက်ရေနံစျေးနှုန်းများလအတန်ကြာ ဆက်လက်အားပျော့ဖွယ်ရှိမှု

တရုတ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလ(၂၈)ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ သေဆုံးသူ(၁၀၆)ဦးအထိရှိပြီး ရောဂါဖြစ်ပွားသူအရေအတွက်မှာ(၄,၅၁၅)ဦးခန့်ရှိရာ တစ်ရက်တာကာလအတွင်း (၂)ဆခန့်များပြားလာခဲ့သည်ဟု ဖော်ပြထားကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတက်ဒရိုစ်အက်ဒ်ဟန်နွမ်သည် တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး တရုတ်အစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်နှင့်ပတ်သက်၍ WHO အနေဖြင့် ကမ္ဘာတစ်ဝန်း ကူးစက်ရောဂါသတိပေးချက်ထုတ်ပြန်ကြရန် နိုင်ငံအများစုကတောင်းဆိုလျက်ရှိသော်လည်း WHO ကထုတ်ပြန် ကြေညာခြင်း မရှိသေးကြောင်း၊ တရုတ်အစိုးရသည်ရောဂါ အများဆုံးဖြစ်ပွားနေသည့် ဝူဟန်မြို့ တည်ရှိရာ ဟူပေ ပြည်နယ်သို့ ဆေးဝန်ထမ်း(၁,၆၀၀)ခန့်ထပ်မံစေလွှတ်ခဲ့ပြီးဟူပေပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကုသရေးလုပ်ငန်းများအတွက် ယွမ်ငွေ ၁ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄၅သန်း) အသုံးစရိတ် ထုတ်ပေးခဲ့ကြောင်း၊ ဟူပေပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ဖြစ်ပွားနေသည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် Honda နှင့် Nissan အပါအဝင် ကမ္ဘာ့ထိပ်တန်းမော်တော်ယာဉ်ကုမ္ပဏီကြီး များသည် ဟူပေပြည်နယ်အတွင်းရှိ ၎င်းတို့၏ မော်တော်ယာဉ် စက်ရုံများကို ပိတ်သိမ်းရန် စီစဉ် နေကြောင်း သိရှိရ ပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ရင်ဆိုင်နေရသော တရုတ် နိုင်ငံအား ကူညီရန်အသင့်ရှိနေသည်ဟု ကြေညာခဲ့ကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သည် တရုတ်နိုင်ငံသို့သွားရောက်မည့် အမေရိကန်နိုင်ငံသားများအတွက် ခရီးသွားလာမှုဆိုင်ရာ လုံခြုံရေးအကြံပေးချက်ကို အဆင့်(၂) မှ အဆင့်(၃)သို့ တိုးမြှင့်ခဲ့ပြီး အကြိမ်ကြိမ်စဉ်းစားပြီးမှသာ သွားရောက်ရန် သတိပေးခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၇)ရက်တွင် ဂျာမနီ၊ နီပေါ၊ ကမ္ဘောဒီးယားနှင့် သီရိလင်္ကာနိုင်ငံတို့၌လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသူများကို စတင်တွေ့ရှိ ခဲ့သဖြင့် ယခုအခါ ကမ္ဘာပေါ်၌ ကိုရိုနာဗိုင်းရပ်စ်မှာ နိုင်ငံပေါင်း (၁၇) နိုင်ငံသို့ ပျံနှံ့နေပြီဖြစ် ကြောင်း  သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၌လည်း ယခုအချိန်သည် ဗုဒ္ဓဂါယာသို့ ကမ္ဘာတစ်ဝန်းမှ ဘုရားဖူးများ လာရောက် သည့်အချိန်ဖြစ်သောကြောင့် ဘီယာပြည်နယ်အစိုးရသည် ဂါယာလေဆိပ်တွင် အပူချိန်တိုင်း စောင့်ကြည့်ကင်မရာများတပ်ဆင်၍ ဘုရားဖူးများအား စစ်ဆေးရန်စီစဉ်နေကြောင်း၊ ဂါယာလေဆိပ် သည် တရုတ်နိုင်ငံရှိမြို့ကြီးများနှင့် တိုက်ရိုက်လေကြောင်းခရီးချိတ်ဆက်ထားခြင်းမရှိသော်လည်း မြန်မာ၊ ဘူတန်နှင့် ဗီယက်နမ်နိုင်ငံတို့မှ တိုက်ရိုက်လေကြောင်း ခရီးစဉ်များ ဆိုက်ရောက်သည့်နေရာ ဖြစ်သောကြောင့် ယခုကဲ့သို့စီစဉ်နေခြင်းဖြစ်ကြောင်း  သိရှိရပါသည်။

ကိုရိုနာဗိုင်းရပ်စ်ပြဿနာကို ကြုံတွေ့နေရသော တရုတ်နိုင်ငံသည် နောက်ဆက်တွဲ ဂယက် အဖြစ် စီးပွားရေးကျဆင်းမှုများနှင့်အတူ ရေနံဝယ်လိုအားပါ ကျဆင်းလျက်ရှိကြောင်း၊ တရုတ် နိုင်ငံသည် ကမ္ဘာပေါ်၌ ဒုတိယမြောက်စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့်အပြင် ရေနံသုံးစွဲမှုမှာလည်း ဒုတိယမြောက် အများဆုံးနိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်အတွင်း နေ့စဉ် ရေနံ စည်ပေါင်း (၁၀.၁၂) သန်းခန့် ပြင်ပမှပုံမှန်ဝယ်ယူတင်သွင်းခဲ့သော်လည်း ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ရေနံဝယ်လိုအားမှာ စတင်ကျဆင်းလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ရေနံဝယ်လိုအား လျော့နည်းလာသည်ကို အကြောင်းပြု၍ ကမ္ဘာ့ရေနံဈေးနှုန်းများဆက်တိုက်ကျဆင်းလျက်ရှိကြောင်း  သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၈) ရက်တွင် နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်းဈေးနှုန်းမှာ ၁.၉% ကျဆင်းပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၃.၁၄) သို့လည်းကောင်း၊ ဘရန့်ရေနံစိမ်းဈေးနှုန်းမှာ ၂.၅% အထိကျဆင်းပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၉.၁၆)သို့ လည်းကောင်းအသီးသီးရောက်ရှိခဲ့ကြောင်း၊ အဆိုပါစျေးနှုန်းများသည် (၃)လတာကာလအတွင်း အနိမ့်ဆုံးဈေးနှုန်းများဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေကြောင့် ရေနံဈေးနှုန်း များမှာ လာမည့်လအတန် အကြာအထိ ဆက်လက်အားပျော့နေလိမ့်မည်ဟု ရေနံဈေးကွက် လေ့လာ သူများက ခန့်မှန်းထားကြကြောင်း၊ ဆော်ဒီအာရေဗျနိုင်ငံ အပါအဝင် ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ရေနံဝယ်လိုအားလျော့ကျလာခြင်း နှင့်ရေနံဈေးနှုန်းများကျဆင်းနေခြင်းတို့အပေါ် စိုးရိမ်ပူပန်လျက် ရှိပြီး လိုအပ်ပါက ကမ္ဘာပေါ်ရှိ ရေနံ ထုတ်လုပ်သောနိုင်ငံများအားလုံး စုရုံးကာ ဆွေးနွေးတိုင်ပင် သွားရန် စဉ်းစားလျက်ရှိကြောင်းဖြင့် www.cnbc.com အင်တာနက် website တွင် ဖော်ပြထားပါသည်။

ထိုင်းနိုင်ငံအပါအဝင် အာရှဒေသရှိခရီးသွားလုပ်ငန်းကဏ္ဍများအပေါ် ဝူဟန်ဗိုင်းရပ်စ်ပြဿနာ ကြောင့် ဆိုးကျိုးသက်ရောက်စေကာထိုင်းဘတ်ငွေ(၁၀၀)ဘီလီယံခန့် ဝင်ငွေဆုံးရှုံးမှုများ ဖြစ်ပေါ် နိုင်မှု

ထိုင်းနိုင်ငံအပါအဝင် အာရှဒေသရှိခရီးသွားလုပ်ငန်းကဏ္ဍများအပေါ် ဝူဟန်ဗိုင်းရပ်စ်ပြဿနာ ကြောင့် ဆိုးကျိုးသက်ရောက်စေကာထိုင်းဘတ်ငွေ(၁၀၀)ဘီလီယံခန့် ဝင်ငွေဆုံးရှုံးမှုများ ဖြစ်ပေါ် နိုင်မှု

၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလမှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၇)ရက်အထိကာလအတွင်း ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် တရုတ်နိုင်ငံ၌ သေဆုံးသူအရေအတွက်မှာ (၈၁)ဦးအထိ မြင့်တက်လာခဲ့ပြီး သေဆုံးသူ (၈၁)ဦးအနက် (၇၆)ဦးမှာ ဝူဟန်မြို့တည်ရှိရာ ဟူပေပြည်နယ်မှ ဖြစ်ပြီး ကျန်(၅)ဦးမှာ မူဟိုင်နန်ကျွန်းအပါအဝင် အခြားသောဒေသများမှ ဖြစ်ကြောင်း၊ ရောဂါ ကူးစက်ခံထားရသူအရေအတွက်မှာလည်း (၂၇၀၀)ဦးကျော်သို့ ရောက်ရှိနေပြီး အဆိုပါပမာဏ၏ ထက်ဝက်ခန့်မှာလည်း ဟူပေပြည်နယ်မှပင်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဝူဟန်ဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ၌သာမကထိုင်းနိုင်ငံအပါအဝင် အခြားကမ္ဘာ့နိုင်ငံပေါင်း(၁၄)နိုင်ငံသို့ပင် ကူးစက်ပျံ့နှံ့ နေပြီဟု သိရှိရပါသည်။

ဝူဟန်ဗိုင်းရပ်စ်ပြဿနာသည် ထိုင်းနိုင်ငံအပါအဝင် အာရှဒေသရှိခရီးသွားလုပ်ငန်းများ အတွက် ထိုင်းဘတ်ငွေ ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၂၆၀ ဘီလီယံ)ခန့် ရှိသော ဝင်ငွေပမာဏကို ဆုံးရှုံးရနိုင်သည်ဟု ထိုင်းနိုင်ငံရှိရန်ဂျစ်တက္ကသိုလ်မှ စီးပွားရေးသုတေသနဌာန ညွှန်ကြားရေးမှူး အာနူဆွန်းန်တာမာဂျားက ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၆)ရက်တွင် ပြောကြား ခဲ့ကြောင်း သိရှိ ရပါသည်။

အာနူဆွန်းန်တာမာဂျားကပြောကြားရာ၌ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုပြဿနာကို ၂၀၂၀ ပြည့်နှစ်၊ မတ်လဆန်းပိုင်းတွင် ထိန်းချုပ်နိုင်မည်ဆိုပါက ထိုင်းနိုင်ငံ၏ ခရီးသွား လုပ်ငန်း အပါအဝင် ဆက်စပ် စီးပွားရေးလုပ်ငန်းများနှင့် အာရှဒေသရှိအခြားသောနိုင်ငံများ၏ ခရီးသွား လုပ်ငန်း ကဏ္ဍများအတွက် ဝင်ငွေပမာဏထိုင်းဘတ်ငွေအနည်းဆုံး (၈၀)ဘီလီယံမှ အများဆုံး (၁၀၀) ဘီလီယံခန့်အထိ ဆုံးရှုံးရဖွယ်ရှိကြောင်း၊ သို့သော်လာမည့် မတ်လဆန်းပိုင်းအထိ ဝူဟန်ဗိုင်းရပ်စ် ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ခြင်းမရှိပါကထိုင်းနိုင်ငံနှင့်အခြားသောအာရှနိုင်ငံများ၏ ခရီးသွားလုပ်ငန်းများအတွက် ဝင်ငွေဆုံးရှုံးရမှုပမာဏမှာအဆိုပါပမာဏထက် ပိုမိုများပြား နိုင်ကြောင်း၊ ဝူဟန်ဗိုင်းရပ်စ် ပျံ့နှံ့မှု ပြဿနာ၏ ဆိုးကျိုးသက်ရောက်မှုသည် လွန်ခဲ့သော (၁၇)နှစ် ခန့်က ဖြစ်ပွားခဲ့သည့် ကူးစက်မြန် ပြင်းထန်ဆိုးရွားသောအသက်ရှုလမ်းကြောင်း ရောဂါ(SARS) ထက် ပိုမိုပြင်းထန်နိုင်ခြေရှိကြောင်း၊ ယခု ၂၀၂၀ ပြည့်နှစ်အတွင်း အာရှဒေသရှိ ခရီးသွားလုပ်ငန်း ကဏ္ဍ တိုးတက်မှုပမာဏမှာ ၇% ခန့် အထိရှိနိုင်သည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းကခန့်မှန်းထားသော်လည်း ဝူဟန်ဗိုင်းရပ်စပ်ပျံ့နှံ့မှုပြဿနာ၏ ဂယက်ကြောင့် အာရှခရီးသွားလုပ်ငန်းကဏ္ဍတိုးတက်မှုပမာဏမှာ ၅% အောက်သို့ပင် ကျဆင်း နိုင်သည် ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ထိုင်းအစိုးရသည် ယခု ၂၀၂၀ ပြည့်နှစ်အတွင်းထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှု ပမာဏမှာ (၄၁.၈)သန်းခန့်ရှိရန်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍမှ ဝင်ငွေရရှိမှုပမာဏမှာ ထိုင်းဘတ်ငွေ (၂.၂)ထရီလီယံခန့်အထိရရှိရန် မျှော်မှန်းထားကြောင်း၊ သို့သော် ဝူဟန်ဗိုင်းရပ်စ် ပျံ့နှံ့မှုနှင့်ပတ်သက်၍ တရုတ်အာဏာပိုင်များသည် ခရီးသွားလာရေးဆိုင်ရာ တားမြစ်ပိတ်ပင်မှု များ ပြုလုပ်နေပြီဖြစ်ရာ ထိုင်းနိုင်ငံသို့ တရုတ်နိုင်ငံသားခရီးသွားများ ဝင်ရောက်မှုပမာဏမှာ ခရီးသည် ဦးရေ(၁)သန်းမှ(၂)သန်းခန့်အထိလျော့ကျသွားနိုင်ကြောင်းသိရှိရပါသည်။

ယခုအခါ တရုတ်အစိုးရသည် ရောဂါပျံ့နှံ့မှုပိုမိုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ တရုတ်နှစ်သစ်ကူး ကာလအားလပ်ရက်ကို (၃)ရက်တိုး၍ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂)ရက်နေ့အထိ တိုးမြှင့် သတ်မှတ်ခဲ့ပြီး ဟူပေပြည်နယ်တစ်ခုလုံးအား ခရီးသွားလာမှုများဖြတ်တောက်ရပ်ဆိုင်းခဲ့ကြောင်း၊ ဟူပေပြည်နယ်အပြင် ရှန်ဒေါင်းပြည်နယ်အပါအဝင် ဘေကျင်း၊ ရှန်ဟိုင်း၊ ရှီအန်းနှင့် တီယန်ကျင်း မြို့ကြီးများတွင် ခရီးရှည်ပြေးဆွဲသော ခရီးသည်တင်ဘတ်စ်ကားများ ဝင်/ထွက်သွားလာမှုကို ပိတ်ပင်ထားကြောင်း၊ နိုင်ငံအတွင်းရှိဂွမ်ဒေါင်း၊  ကျန်းရှီပြည်နယ်နှင့်အခြားမြို့ကြီး(၃)မြို့တို့တွင် ဒေသခံများအနေဖြင့် အများပြည်သူဆိုင်ရာနေရာများတွင် နှာခေါင်းစည်းများ (masks) တပ်ဆင် ထားကြရန် အမိန့်ထုတ်ပြန်ထားသည်ဟုသိရှိရပါသည်။

အမေရိကန်အစိုးရသည် ဝူဟန်မြို့ရှိ အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်သံတမန် ဝန်ထမ်းများအတွက် ဝူဟန်မြို့မှဆန်ဖရန်စ္စကိုမြို့သို့ လေယာဉ်ဖြင့် ခေါ်ဆောင်ရန် စီစဉ်လျက် ရှိကြောင်း၊ အလားတူ ပြင်သစ်အစိုးရနှင့် ပြင်သစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း PSA တို့သည် ဝူဟန်မြို့နှင့်အခြားသော ပြည်နယ်များမှ ပြင်သစ်ဝန်ထမ်းများနှင့် ပြင်သစ်နိုင်ငံသား များကို နေရာပြောင်းရွှေ့ ပေးရန်စီစဉ်လျက်ရှိကြောင်း၊ ဂျပန်အစိုးရသည်လည်းတရုတ်အစိုးရနှင့် ပူးပေါင်း၍ ဂျပန်နိုင်ငသားများအား ပြောင်းရွှေ့နေရာချထားရန် စီစဉ်သွားမည်ဖြစ်ကြောင်း၊ ဝူဟန်မြို့ရှိ ဆော်ဒီအာရေဗျနိုင်ငံသားများသည်လည်း ပြောင်းရွှေ့ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံရှိ ဆော်ဒီအာရေဗျသံရုံးနှင့်ဆက်သွယ်လုပ်ဆောင်ကြရန် ဆော်ဒီအစိုးရက သတင်း ထုတ်ပြန်ထားကြောင်း၊ အလားတူဂျော်ဒန်အစိုးရသည် ဝူဟန်မြို့မှ ၎င်းနိုင်ငံသားများကို ခေါ်ထုတ်ရွှေ့ပြောင်းရန် တရုတ် အစိုးရထံမှ ခွင့်ပြုချက်တောင်းခံရရှိထားသည်ဟု သိရှိရကြောင်း www.nationthailand.com အင်တာနက် website တွင်ဖော်ပြထားပါသည်။

ခရစ်တိုငွေကြေး၏ကံကြမ္မာ

ခရစ်တိုငွေကြေး၏ကံကြမ္မာ

ဆောင်းတွင်းဝင်ကာစတစ်ရက်မှာ ကျွန်တော်ခြံထဲမှာနေပူစာလှုံပြီး Cryptocurrencies အကြောင်းဆောင်းပါး(၃)စောင်ကိုဖတ်ရင်းအတွေးနယ်ချဲ့မိပါတယ်။

မီတာခတက်မှာစိုးလို့ဇနီးသည်ကလည်းနေခင်းကြောင်တောင်မီးထွန်းပြီး စာဖတ်တာ မကြိုက်ချင်၊ ကိုယ်ကလည်း ဒီဆောင်းပါးသုံးစောင်ကိုဖတ်ရင်း နားမလည်တာရော၊ မျက်လုံး မကောင်းတာရော၊ မီးမလင်းတာရောနဲ့ ရှေ့ကိုသိပ်မရောက်ချင်ဘူး။ ဆောင်းပါးတွေ ကလည်းရှည်ပါ့။ ဘာတဲ့ “တိုးတက်လာတဲ့ခေတ်စနစ်ကြားမှာ သတိပြုရမယ့် ဒီဂျစ်တယ် ငွေကြေးတဲ့၊ နောက်တစ်စောင်က ခရစ်တိုငွေကြေးဘာလဲဘယ်လဲ”တဲ့၊ အခုနောက်ဆုံး ပြန်ဖတ် နေတာက“ခရစ်တိုအဖွဲ့၏ဒိုင်ယာရီ(သို့)Cryptocurrenciesနှစ်စဉ်မှတ်တမ်း”တဲ့။

ဒီဆောင်းပါးတွေဖတ်ရင်းနဲ့အတွေးနယ်ချဲ့မိပါရဲ့။ လူတွေက Bitcoin,Dascoin, Scion ဆိုပြီးဝယ်စုနေကြတာ။ မြတ်ချင်တာတစ်ခုပဲရှိတယ်၊ထဲထဲဝင်ဝင်ဘာမှမသိကြဘူး။

ဘယ်လိုပဲဖြစ်ဖြစ်၊ ကမ္ဘာကြီးဟာရွာကြီးတစ်ရွာလိုဖြစ်နေပြီဆိုတာရယ်၊ တိုးတက် လာတဲ့ နည်းပညာတွေရယ်ကြောင့် ကမ္ဘာနဲ့အဝှမ်းသတင်းတွေကို ချက်ချင်းသိနိုင်တဲ့ခေတ် ရောက်နေပြီ။ လူတိုင်းခေတ်နဲ့အညီ အမှီလိုက်နိုင်ဖို့ လိုသလိုနောက်ကျကျန် နေတာမျိုးလည်း မဖြစ်သင့်သေးဘူးပေါ့လေ။ ဒါကြောင့်ကျွန်တော်လည်းဟိုတစ်စဒီတစ်စနဲ့လိုက်ရှာ ဖတ်ကြည့် မိတယ်။

ကုန်သွယ်ရေးစစ်ပွဲနှင့်ငွေကြေးစျေးကွက်ဖတ်စာ

ယခုလတ်တလောအခြေအနေအရကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ ကြားကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်နိုင်ငံက ဒေါ်လာဈေးကွက် ခိုင်မြဲလာဖို့ အခြေအနေနဲ့ တရုတ်နိုင်ငံကလည်း ဒေါ်လာအပေါ်မှီခိုတာလျော့ချပြီး ယွမ်ငွေ ဈေးကွက်ခိုင်မာလာစေဖို့ရည်ရွယ်လုပ်ဆောင်နေတာမြင်တွေ့နေရပါတယ်။ တရုတ်ယွမ်ငွေ ဟာယခင်က နိုင်ငံတကာငွေကြေးဈေးကွက်အတွင်း နံပါတ်(၄)နေရာရှိခဲ့ရာကနေ  ၂၀၁၉ ခုနှစ်၊ ဇူလိုင်လကစလို့ နံပါတ်(၆)နေရာကိုကျဆင်းသွားခဲ့ပြီးရူပီးငွေနဲ့ ယွမ်ငွေတို့ဟာ တန်ဖိုးအကျဆုံးအာရှငွေကြေးများအဖြစ်ရောက်ရှိခဲ့ပါတယ်။

အဲဒီလိုအင်အားကြီးနိုင်ငံကြီးတွေရဲ့ ငွေကြေးဈေးကွက်နေရာ လုလုပ်ဆောင်နေချိန်မှာ Cryptocurrencyလို့ခေါ်တဲ့ငွေကြေးစနစ်တစ်ခု ပေါ်ပေါက်နေရာဝင်ယူ လွှမ်းမိုးလာတာကို စောင့်ကြည့်ဖို့တော့လိုအပ်လာပါတယ်။ ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းမှာ ကမ္ဘာ့လူဦးရေ အများဆုံး သိရှိသုံးစွဲနေကြတဲ့Facebook ကနေ Libra အမည်နဲ့ ခရစ်တိုငွေကြေး တစ်မျိုး ကို ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းမှာ စတင်အသုံးပြုနိုင်တော့မယ်လို့ သတင်းများ ထွက်ပေါ် လာပြီးနောက်ပိုင်းနိုင်ငံတကာမှာရှိတဲ့စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေက စိတ်ဝင်စားမှု ရှိလာ ခဲ့ပါတယ်။ အဓိက စိတ်ဝင်စားတဲ့အကြောင်းရင်းကတော့ ခရစ်တိုငွေကြေးကို သုံးစွဲရာ တွင် လွတ်လပ်စွာရွေ့ပြောင်းနိုင်ခြင်း၊ ပြောင်းလဲလုပ်ဆောင်နိုင်ခြင်း၊ ဗဟိုထိန်းချုပ်မှုမရှိခြင်း အစရှိတဲ့ လွတ်လပ်မှုဘောင်အကွပ်မဲ့မှုအပေါ် ကြိုက်နှစ်သက်လာခြင်းက အဓိကသဘောတရား ပဲ ဖြစ်ပါတယ်လို့ ငွေကြေးသမိုင်းဆိုင်ရာဖတ်စာစာအုပ်ပေါ်ထွက်လာခဲ့ပါတယ်။

ပြူတစ်ပြူတစ်ဖြစ်လာတဲ့Facebook Libra ခရစ်တိုငွေကြေး

ထူးခြားမှုတစ်ခုကFacebook တည်ထောင်တဲ့ မာခ်ဇူကာဘတ်အနေနဲ့ ခရစ်တို ငွေကြေးနဲ့ ပတ်သက်လို့လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Libraအမည်နဲ့လုံခြုံမှု၊ တည်ငြိမ်မှုနဲ့ ညီညွတ်တဲ့ စည်းကမ်းချက်တွေပါဝင်တဲ့ ခရစ်တိုငွေကြေးတစ်မျိုးကို စိတ်ကူးရခဲ့တာပါပဲ။ ထပ်မံစိတ်ဝင်စားမှု တစ်ခုကတော့ အဲဒီခရစ်တိုငွေကြေးကို၎င်းနဲ့ စီးပွားရေး လုပ်ဖေါ်ကိုင်ဖက်တွေ ဖြစ်တဲ့ Master  ၊ Visa  ၊ Uber အစရှိတဲ့ကမ္ဘာ့ကုမ္ပဏီလုပ်ငန်းကြီး (၂၈)ခုက ပူးပေါင်း ပါဝင်မှာဖြစ်ပြီး၂၀၂၀ပြည့်နှစ်၊ ပထမ(၆)လတာကာလအတွင်းစတင်ထုတ်ဝေသွားမယ်လို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်။ Libra ခရစ်တိုငွေကြေးကိုလူသိများတဲ့Bitcoin နဲ့ချိတ်ဆက် မှာ မဟုတ်ဘူးလို့လည်း ထည့်သွင်းပြောကြားခဲ့တာကြောင့် ပိုလို့တောင် စိတ်ဝင်စားဖို့ လည်းကောင်းနေပြီ။

စျေးကွက်ကို ဘယ်လိုနေရာယူ လုပ်ဆောင်မယ်ဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲကလည်း ကမ္ဘာ့စီးပွားရေးကို ပြောင်းလဲ စေနိုင်တဲ့အတွက်ကြောင့် နိုင်ငံအသီးသီးကနားစွင့်နေသလို အမေရိကန်ဒေါ်လာငွေကြေး စျေးကွက်အပေါ်မှာလည်းသက်ရောက်မှုများစွာရှိလာနိုင်တယ်လို့သုံးသပ်နေကြပါတယ်။ ဆန့်ကျင်ဖက်နိုင်ငံအချို့ကလည်းအမေရိကန်ဒေါ်လာတစ်ခုတည်းအပေါ်အလွန်အမင်း မှီခိုအားကိုးနေရမှုကိုလျော့ချလိုတဲ့သဘောနဲ့ ခရစ်တိုငွေကြေးတွေအပေါ် စိတ်ဝင်စားမှု ရေချိန်မြင့်လာပေမဲ့အမေရိကန်အပါအဝင် အနောက်နိုင်ငံအချို့ကလည်း ကန့်ကွက် နေကြတော့ ခရစ်တိုနဲ့ပတ်သက်ပြီး လွန်ဆွဲပွဲကြည့်နေရသလိုဖြစ်နေပါတယ်။

ငွေကြေးဆိုင်ရာနည်းပညာများဆင့်ကဲပြောင်းလဲလာမှု

Financial Technology ငွေကြေးဆိုင်ရာနည်းပညာတွေခေတ်နဲ့ အညီ တိုးတက် ပြောင်းလဲလာနေတဲ့အတွက်ကြောင့် ကိုင်တွယ်လို့မရတဲ့ငွေကြေးစနစ် (Digital Money) တစ်မျိုးပေါ်ထွက်လာတာဖြစ်ပါတယ်။ Cryptocurrency(ခေါ်)Digital Currency များဟာ သုံးစွဲသူတစ်ဦးနဲ့တစ်ဦးလက်ခံကြတဲ့သမားရိုးကျရင်းနှီးမြှုပ်နှံမှုမဟုတ်တဲ့ Digital Money (ခေါ်) Coin စနစ်ဟာလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ Financial သမိုင်းကြောင်းနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာငွေကြေးနည်းပညာများ အရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်လာတဲ့ ၁၉၅၀ပြည့်လွန်နှစ်တွေမှာ ငွေကြေးသယ်ဆောင်ရတဲ့ ဝန်ထုပ်ဝန်ပိုးကိုလျှော့ချဖို့ ခရက်ဒစ်ကတ်တွေပေါ်ပေါက်တီထွင်အသုံးပြုလာခဲ့ပါတယ်။

၁၉၆၀ ပြည့်လွန်နှစ်များမှာ ခရက်ဒစ်ကတ်ကိစ္စများလုပ်ပေးရတဲ့ ဝန်ထမ်းတွေရဲ့ နေရာမှာအစားထိုးဖို့အတွက်ATMစက်တွေသုံးစွဲလာခဲ့တယ်။ ၁၉၇၀ ပြည့်လွန်နှစ်များမှာ အီလက်ထရွန် နစ်စတော့များစတင်ပေါ်ပေါက်လာခဲ့ပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေမှာတော့ ပိုမို တိကျမြန်ဆန်မှုရှိတဲ့အချက်အလက်၊မှတ်တမ်းတွေသိမ်းဆည်းထားနိုင်တဲ့စနစ်များပေါ်ပေါက်လာခဲ့တယ်။ ၁၉၉၀ ပြည့်လွန်အရောက်မှာအင်တာနက်နဲ့ အီး-ကောမားစ် စီးပွားရေး လုပ်ငန်းတွေ ထွန်းကားလာပြီး ရင်းနှီးမြှုပ်နှံသူတွေကို လက်လီရောင်းချနိုင်တဲ့ အွန်လိုင်း စတော့ဝက်ဘ်ဆိုက်များဆင့်ကဲဆင့်ကဲပေါ်ပေါက်လာတယ်လို့မှတ်သားမိပါတယ်။

Cryptocurrency၏သမိုင်းကြောင်း

ဒီဂျစ်တယ်ငွေကြေးဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို လေ့လာကြည့်မယ် ဆိုရင် Cryptocurrency အနေနဲ့Bitcoinကိုစံထားရမှာဖြစ်ပါတယ်။ Bitcoin အစပေါ်ပေါက်လာပုံ ကလည်း၂၀၀၈ခုနှစ်အတွင်းက ဂျပန်အမည် “ဆာတိုရှီနာကာမိုတို”အဖွဲ့က အဆင့်မြင့် ကွန်ပျူတာတွေနဲ့ Network ကွန်ရက်တစ်ခုကိုBlockchain System နည်းပညာအခြေခံပြီး Digital Currency လုပ်ဆောင်မှုပုံစံသစ်White Paper စာတမ်းတစ်စောင်ကိုကမ္ဘာကို ချပြခဲ့ပါတယ်။ အဲ့ဒီ DigitalCurrency စာတမ်းရေးသား၊ နည်းပညာတီထွင်သူကို “ဆာတိုရှီနာကာမိုတို”လို့ခေါ်ဝေါ်နေကြပေမဲ့ ဘယ်သူဘယ်ဝါသူဖြစ်တယ်လို့ တိတိပပ မသိရှိကြပါဘူး။ အဲ့ဒီအဖွဲ့ကBitcoinအမည်နဲ့ Digital Currency တစ်မျိုးကို ၂၀၀၉ခုနှစ်မှာစတင်တီထွင်ခဲ့ပြီး၂၀၁၀ပြည်နှစ်မှစလို့ စျေးကွက်ဝင် Cryptocurrency တစ်ခု အဖြစ် ပေါ်ထွက်လာတာ အခုထိတိုင်ပါပဲ။ ယနေ့ကမ္ဘာပေါ်မှာ စျေးကွက် Cryptocurrency အမျိုးပေါင်း(၁၅၀၀)ကျော်လည်ပတ်နေတယ်လို့သိရှိရပါတယ်။

Cryptocurrencyများအပေါ်သိပ္ပံပညာရှင်သုတေသီများ၏သုံးသပ်ချက်

Cryptocurrencyတွေထုတ်လုပ်အသုံးပြုလို့တစ်နှစ်ကိုကာဗွန်ဒိုင်အောက်ဆိုဒ်တန်ချိန်ပေါင်း(၂၂)မက်ဂါတန်ခန့်ထုတ်လွှတ်ပေးနေတဲ့အဲဒီပမာဏဟာ LasVegas နဲ့ Hamburg တို့လိုမြို့ကြီးတွေမှာထုတ်လွှတ်ပေးနေတဲ့ပမာဏနဲ့ တူညီနေတယ်လို့Technical University of Munich(TUM)မှသုတေသီများကဆိုကြပါတယ်။ Bitcoin လို Cryptocurrency တွေဟာ တကယ်မရှိတဲ့ virtual currency ဖြစ်ပေမဲ့လည်း သူတို့ အသုံးပြုနေတဲ့ စွမ်းအင် အရင်းအမြစ်တွေကတော့ တကယ့်လက်တွေ့အရာတွေကိုအခြေခံထားခြင်းဖြစ်ပါတယ်။ Bitcoin mining တူးဖော်ခြင်းလို့ တင်စားခေါ်ထားတဲ့ တွက်ချက်လုပ်ဆောင်မှုတွေဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်မှာပဲတစ်ဖြည်းဖြည်းတွင်ကျယ်လာပြီး၂၀၁၇ခုနှစ်ထက်၂၀၁၈ခုနှစ်က(၄)ဆခန့် ပိုမိုများပြားလာတယ်လို့သိရတယ်။ ပညာရှင်တွေရဲ့လေ့လာမှုတွေအရBitcoin mining လုပ်ငန်းဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် အများအပြားထုတ်လုပ်နေတယ်လို့ သိရပါတယ်။

Cryptocurrency ရိုက်ခတ်မှုမှတ်တမ်းများ

–        ၂၀၁၈ခုနှစ်နှစ်ကုန်ပိုင်းမှာ  IMFအဖွဲ့က Digitalငွေကြေးထုတ်လုပ်မှုနဲ့ ပတ်သက်လို့ လေ့လာစမ်းစစ်မှုတွေပြုလုပ်သင့်တယ်လို့ကမ္ဘာ့ဗဟိုဘဏ်တွေကိုတိုက်တွန်းပြောကြားခဲ့ခြင်း၊

–        ၂၅-၁-၂၀၁၉ရက်မှာဂျပန်နိုင်ငံရှိမိုင်နိချိသတင်းစာထုတ်ဝေရေးလုပ်ငန်းနဲ့ ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်း(၇)ခုတို့ထံသို့ ဆိုင်ယာနိုက်ဟုယူဆရတဲ့အဆိပ်တွေ လိမ်းကြံ ထားတဲ့ခြိမ်းခြောက်စာတစ်စောင်ကိုအုံရှင်ရီကျို ဦးဆောင်တဲ့ဘာသာရေးအစွန်း ရောက်အဖွဲ့က အမည်အမျိုးမျိုးနဲ့ ပေးပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၃၁၃၀၀)တန်ဖိုးရှိ Bitcoinယူနစ်တွေကိုပေးရန်ခြိမ်းခြောက်စာများပေးပို့ခဲ့ခြင်း၊

–        ၂၀၁၉နှစ်စပိုင်းကကမ္ဘာ့ရင်းနှီးမြှုပ်နှံသူတွေဟာအမေရိကန်-တရုတ် ကုန်သွယ်ရေး ဂယက်ကြောင့် စတော့ရှယ်ယာဈေးကွက်နဲ့ငွေကြေးဈေးကွက်တွေမှာ ရင်းနှီးမြှုပ်နှံ သူတွေက Bitcoin ကိုပြောင်းလဲရင်းနှီးမြှုပ်နှံလာကြတဲ့အတွက် Bitcoin တစ်ယူနစ် ကို အမေရိကန်ဒေါ်လာ(၈၀၀၀)ကျော်သို့ရောက်ရှိလာခဲ့ခြင်း၊

–        အိန္ဒိယနိုင်ငံရှိ“၂၀၁၉ခုနှစ်၊ဒီဂျစ်တယ်ငွေကြေးများတားမြစ်ခြင်းနဲ့ လုပ်ထုံးလုပ်နည်း များဆိုင်ရာဥပဒေ” ဥပဒေမူကြမ်းမှာ ဒီဂျစ်တယ်ငွေကြေးနဲ့ ပတ်သက်ဆက်နွယ်တဲ့ ပြစ်မှုတစ်ခုခုကိုကျူးလွန်ပါကထောင်ဒဏ်(၁၀)နှစ်အထိကျခံရမည်ဖြစ်သည်ဟုပါရှိခြင်း၊

–        ၂၀၁၉ခုနှစ်၊နှစ်လယ်ပိုင်းကFacebook မှ Libra ဒီဂျစ်တယ်ငွေကြေး အစီအစဉ် ကြေညာချက်ထွက်ပေါ်လာပြီးနောက်ပိုင်းကမ္ဘာ့တစ်ဝှမ်းငွေကြေးဆိုင်ရာအရေးယူ ဆောင်ရွက်ရေးအဖွဲ့(FATF)နဲ့ ကမ္ဘာ့ဘဏ်တွေကကမ္ဘာတစ်ဝှမ်းရှိဒီဂျစ်တယ်ငွေကြေး Exchangeတွေကိုသက်ဆိုင်ရာအစိုးရကစောင့်ကြည့်စစ်ဆေးကြပ်မတ်ဖို့နဲ့ Libra ငွေကြေးအပေါ်စက်မှုထိပ်သီး(၇)နိုင်ငံမှသုံးသပ် လေ့လာမှုများပြုလုပ်ဖို့စီစဉ်နေခြင်း၊

–        တရုတ်ဗဟိုဘဏ်ရဲ့ လေ့လာမှုအရ Libra ငွေကြေးကိုဖွံ့ဖြိုးဆဲနိုင်ငံက အသုံးပြု ပါကအဆိုပါနိုင်ငံရဲ့ ငွေကြေးတွေအလိုအလျှောက် ပျောက်ကွယ်သွားနိုင်ပြီး ငွေကြေး ခဝါချမှုတွေ၊ အကြမ်းဖက်မှုတွေကို  ငွေကြေးထောက်ပံ့မှုနဲ့ ဆက်နွှယ်လာနိုင်တဲ့ အတွက် အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာအချက်အလက်တွေ (KYC)ကိုသိရှိ မှတ်တမ်းတင် ထားဖို့ လိုအပ်ခြင်း၊

–        ၁၁-၇-၂၀၁၉ရက်မှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့  Twitter စာမျက်နှာမှ တစ်ဆင့် Facebookအနေနဲ့  Libra ငွေကြေးထုတ်ဝေလိုပါက ဘဏ်လုပ်ငန်း စည်းမျဉ်းစည်းကမ်းများလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ခြင်း၊

–        အမေရိကန်ကွန်ဂရက်လွှတ်တော်က ဒီဂျစ်တယ် ငွေကြေးများထုတ်ဝေခြင်း တို့ကို ဆောင်ရွက်နေသည့် နည်းပညာဆိုင်ရာကုမ္ပဏီများအားတားမြစ်ပိတ်ပင်မည့်ဥပဒေ တစ်ရပ်ပြဋ္ဌာန်းရန်စီစဉ်နေခြင်း၊

–        ၂၀၁၉ ခုနှစ်၊ဇူလိုင်လလယ်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမေရိကန် အောက်လွှတ်တော်ရဲ့   ကြားနာစစ်ဆေးမှု၌ Facebook မှ တာဝန်ရှိသူကLibraဒီဂျစ်တယ်ငွေကြေးနဲ့ ပတ်သက်လို့  တရားဝင်မှတ်ပုံတင် စာရင်းသွင်းရန်နေရာ အဖြစ် အမေရိကန် ပြည်ထောင်စုအစား ဆွစ်ဇာလန်နိုင်ငံကိုရွေးချယ်ထားခြင်းမှာ စည်းမျဉ်း စည်းကမ်း များ၊ ကြီးကြပ်မှုများကို တိမ်းရှောင်ရန်မဟုတ်ဘဲ နိုင်ငံတကာပြဌာန်းချက်များနဲ့ အညီလုပ်ဆောင်နေခြင်းသာဖြစ်တယ်လို့ ပြောကြားခဲ့ခြင်း၊

–        ၂၄-၇-၂၀၁၉ရက်တွင်နိုင်ငံတကာအစိုးရများရဲ့ကန့်ကွက်မှုများရှိနေသော်လည်း Libra ငွေကြေးကိုထုတ်ဝေသွားမယ်လို့ Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ်မှ အတည်ပြုပြောကြားခဲ့ပြီးဆွစ်ဇာလန်ငွေကြေးဈေးကွက်ကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ (FINMA)မှLibraငွေကြေးအပေါ် စောင့်ကြည့်ထိန်းချုပ်မှုများပြုလုပ်သွားရန်စီစဉ် နေခြင်း၊

–        ၂၀၁၉ခုနှစ်၊ဩဂုတ်လအတွင်းက တရုတ်ဗဟိုဘဏ်ရဲ့ ငွေကြေးဈေးကွက် သုတေသီ များမှကိုယ်ပိုင်ဒီဂျစ်တယ်ငွေကြေးထုတ်ဝေမည့်ကိစ္စအား(၅)နှစ်ခန့်အချိန်ယူလေ့လာ ပြင်ဆင်လုပ်ဆောင်ခဲ့ပြီး ယွမ်ငွေနည်းတူအသုံးပြုနိုင်တဲ့ တရုတ်နိုင်ငံသုံးငွေကြေး တစ်ခုအဖြစ်ပါသတ်မှတ်သုံးစွဲသွားရန်စီစဉ်ထားခြင်း၊

–        ၂၀၁၉ခုနှစ်၊ စက်တင်ဘာလအတွင်းက ဆွစ်ဇာလန်နိုင်ငံ၊ ငွေရေးကြေးရေးနဲ့ ဘဏ္ဍာရေးအာဏာပိုင်အဖွဲ့(FINMA)ကနိုင်ငံအခြေစိုက်ဖြစ်တဲ့ SEBA Crypto AG နဲ့ Sygnum  AG ဘဏ်လုပ်ငန်းနှစ်ခုကို Bitcoin နဲ့ Ethereumဒီဂျစ်တယ်ငွေကြေး နှစ်မျိုးနဲ့ပတ်သက်၍ ကမ္ဘာပေါ်မှာ Blockchainနည်းပညာကိုအသုံးပြုကာ ဒီဂျစ်တယ် ငွေကြေးများကို ဘဏ်လုပ်ငန်းလုပ်ပိုင်ခွင့်ရရှိခဲ့တဲ့ ပထမဆုံးသော ဘဏ်များ ဖြစ်လာခဲ့ခြင်း၊

–        ၂၀၁၉ ခုနှစ်၊စက်တင်ဘာလအတွင်းကအမေရိကန်အောက်လွှတ်တော်ရဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများကော်မတီအဖွဲ့က Libraငွေကြေးနဲ့ ပတ်သက်လို့  ဆွစ်ဇာလန် အာဏာပိုင်တွေနဲ့တွေ့ဆုံပြီး အဓိကထားဆွေးနွေးသွားမှာ ဖြစ်ကြောင်း ပြောကြား ခဲ့ခြင်း၊

–        Bitcoin ဈေးနှုန်းဟာ ၂၀၁၇ ခုနှစ်မှာ  အမေရိကန်ဒေါ်လာ ၂၀၀၀၀ ခန့်ရှိခဲ့ရာမှ ၂၀၁၈ခုနှစ်အတွင်း အလွန်အမင်းတန်ဖိုးကျဆင်းခဲ့သော်လည်း၂၀၁၉ ခုနှစ်အတွင်းမှာ မူအမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ပြဿနာနဲ့ Facebook မှ ထုတ်ဝေမယ့် Libraဒီဂျစ်တယ်ငွေကြေးတို့ရဲ့ ဂယက်များကြောင့် အမေရိကန်ဒေါ်လာ (၉,၀၀၀) ဝန်းကျင်သို့ပြန်လည်ဖြစ်ပေါ်လျက်ရှိကြောင်း၊ ၂၀၁၉ခုနှစ်အတွင်း ဟက်ကာများ က ခိုးယူခဲ့တဲ့ Bitcoin စုစုပေါင်းတန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ (၄.၂) ဘီလီယံခန့်ရှိခဲ့ခြင်း၊

–        ၂၀၁၉ခုနှစ်၊အောက်တိုဘာလအတွင်းက ဥရောပတိုက်မှာ Libra ဒီဂျစ်တယ် ငွေကြေးကို တားမြစ်ပိတ်ပင်ဖို့ အတွက်ပြင်သစ်နိုင်ငံက ဦးဆောင်ပြီး ဂျာမနီ၊ အီတလီ၊စပိန်နဲ့ နယ်သာလန်နိုင်ငံတို့ပါဝင်တဲ့ ဥရောပထိပ်သီး စီးပွားရေးအင်အားကြီး မဟာမိတ်(၅)နိုင်ငံတို့က လှုပ်ရှားမှုများစတင်ပြုလုပ်လျက်ရှိခြင်း၊

–        ၂၀၁၉ ခုနှစ်၊နိုဝင်ဘာလမှာ (၁၁)နှစ်တာကာလအတွင်းလည်ပတ်သုံးစွဲနေတဲ့ bitcoin ယူနစ်မှာ(၂၀၀,၀၀၀)ခန့်အတွက် အပြန်အလှန်ငွေကြေးလွှဲပြောင်းခ (Transaction Fees)မှာ အမေရိကန်ဒေါ်လာ(၁)ဘီလီယံခန့်ရှိတဲ့အတွက်ကမ္ဘာပေါ်မှာ ငွေကြေး လွှဲပြောင်းမှုအများဆုံးနဲ့ လူသုံးအများဆုံး ဒီဂျစ်တယ်ငွေကြေးတစ်ရပ်အဖြစ် ရပ်တည် လျက်ရှိခြင်း၊

–        ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ(၁၂)ရက်မှာ Libra ဒီဂျစ်တယ်ငွေကြေးနဲ့ Calibra digital wallet တို့မှာ တင်းကျပ်သော ငွေကြေးဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များ ကြောင့် Facebook Pay အား အစားထိုးကြိုတင်လုပ်ဆောင်သွားမယ်လို့ Facebook ကုမ္ပဏီမှ ထုတ်ပြန်ကြေညာခဲ့ခြင်း၊

–        ၂၀၁၉ခုနှစ်၊နိုဝင်ဘာလမှာ တရုတ်အစိုးရက ထူးချွန်တဲ့ တပ်မတော်သားများအပေါ် ပေးအပ်မဲ့ဆုကြေးကိုတရုတ်နိုင်ငံမှတရားဝင်ထုတ်ဝေမဲ့ ဒီဂျစ်တယ်ငွေကြေးနဲ့ ပေးအပ် သွားမယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)ပိုင် သတင်းဌာနက ဖော်ပြခဲ့ပြီး၊ တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်ဒီဂျစ်တယ်ငွေကြေးကို ၂၀၂၀ နှစ်ဦး ပိုင်းမှာ စတင် ထုတ်လုပ်သုံးစွဲနိုင်ဖို့ စီစဉ်လျက်ရှိခြင်း၊

–        ၂၀၁၉ခုနှစ်၊အောက်တိုဘာလမှာ ဗင်နီဇွဲလားနိုင်ငံရှိ ပင်စင်စားဝန်ထမ်းများအတွက် ခရစ်စမတ်အပိုဆုကြေးကို ပက်ထရိုဒီဂျစ်တယ်ငွေကြေးနဲ့ အစားထိုးပေးအပ်သွားဖို့ စီစဉ်လျက်ရှိတယ်လို့ ဖော်ပြခဲ့ခြင်း၊(ပက်ထရိုတစ်ယူနစ်မှာ ရေနံစိမ်းတစ်စည် တန်ဘိုး နဲ့ ညီမျှပါတယ်)

–        မြန်မာနိုင်ငံအနေနဲ့ Cryptocurrencyနဲ့ ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများက UNODC Cryptocurrencies and Darknet Investigation Workshop ပြုလုပ်ခဲ့ပြီးCryptocurrency နဲ့ ပါတ်သက်လို့ သိမ်းဆည်းခြင်းနဲ့ အခြားနိုင်ငံများရဲ့ အခြေအနေ၊အိမ်နီးချင်းထိုင်းနိုင်ငံမှာ ဆောင်ရွက်မှုအခြေအနေ တို့ကို ရှင်းလင်းဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း၊

အကြံပေးတိုက်တွန်းချက်

ကမ္ဘာ့နိုင်ငံအများစုမှာဖြစ်ပေါ်နေတဲ့ သတင်းအချက်အလက်တွေအရ Cryptocurrencies နဲ့ပတ်သက်ပြီးလက်ခံခြင်း၊ပြောင်းလဲလိုခြင်း၊ကန့်ကွက်လိုခြင်း၊စောင့်ကြည့်ဝေဖန်နေခြင်း၊အရေးယူနိုင်ရန်ပြင်ဆင်နေခြင်းအစရှိတဲ့ သတင်းတွေကြားသိနေရတဲ့အတွက် အကောင်းဖက်ရော၊ အဆိုးဖက်ပါ ဦးတည်နေတယ်လို့ပြောရင် မမှားနိုင်ပါဘူး၊ ဒါပေမဲ့ Facebook က Libra ကိုမကြာမီထုတ်လုပ်မဲ့သတင်းထွက်ပေါ်ပြီးနောက်ပိုင်းကမ္ဘာ့အင်းအားကြီးနိုင်ငံအချို့ကအဆိုးဘက်ကနေဝေဖန်ပြောဆိုလုပ်ဆောင်လာမှုတွေပြုလုပ်နေကြပါတယ်။

ဒါ့ကြောင့် Bitcoinနဲ့ Libra တို့ရဲ့ အဓိကဆုံမှတ်ကို လေ့လာကြည့်ရင် bitcoin ကို Currency ငွေကြေးတစ်ခုအဖြစ်သတ်မှတ်မထားဘဲ Digital access ကြားခံထုတ်ကုန် တစ်ခုအနေဖြင့်သာသတ်မှတ်ထားခြင်းလို့ယူဆရမှာဖြစ်တယ်။ Facebookရဲ့ Libra ကတော့ ငွေကြေးတစ်ခုလိုလုပ်ဆောင်နေတယ်လို့ အမေရိကန်အစိုးရအနေနဲ့ ရှုမြင်သုံးသပ် လာခဲ့ ပါရင် Cryptocurrenciesရဲ့ ကံကြမ္မာဟာဆိုးရွားလာနိုင်ပါတယ်၊ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ထိုင်းနိုင်ငံမှာလည်း ဒီဂျစ်တယ်ငွေကြေးနဲ့ ပတ်သက်လို့ ဥပဒေအား ၂၀၁၈ ခုနှစ်၊ မေလ (၁၃)ရက်မှာ ပြဌာန်းခဲ့ပြီး ထိုင်းနိုင်ငံငွေချေးသက်သေခံလက်မှတ်များလဲလှယ် ရောင်းဝယ်ရေး ကြီးကြပ်မှုကော်မရှင် (SEC)အား ကြီးကြပ်ခွင့် ပေးအပ်ထားတယ်လို့  ကြားသိရထားတဲ့ အတွက်မြန်မာနိုင်ငံအနေနဲ့လည်းဥပဒေထုတ်ပြန်ဖို့အနှေးနဲ့အမြန်ဆောင်ရွက်သင့်ပါတယ်။

အဓိကကျတဲ့ International Digital Money Exchange အခြေခံ အဆောက်အဦတွေဟာ အနာဂတ်ရဲ့ရင်းနှီးမြှပ်နှံမှုတစ်ခုလို့ ပြောဆိုကြပေမဲ့ ပြည်တွင်းမှာရှိတဲ့ အခြေချ စီးပွားရေးလုပ်ငန်း တစ်ခုမဟုတ်ဘဲခြေခြေမြစ်မြစ်မသိရတဲ့ပြည်ပရှိ ငွေကြေးဆိုင်ရာ လုပ်ငန်း တစ်ခုဟာလေထဲမှာတိုက်ဆောက်နေရသလိုပါပဲ။

စုကြေးကြောင့်ဆုံးရှုံးနစ်နာမှုတွေတရားတဘောင်ရောက်နေကြတာနေ့စဉ်နဲ့အမျှကြားသိနေရပါတယ်။ ဒါကငွေသားထည့်ငွေသားယူပြီး စုမဲလုပ်ကြတာဖြစ်လို့ မြင်သာထင်သာ ရှိတယ် လို့ဆိုရမှာပါ။  Cryptocurrencies ကို ရင်းနှီးလုပ်ကိုင်လိုတဲ့ သူတွေအနေနဲ့ ဗဟုသုတကလဲသိပ်မရှိ၊ ဥပဒေကလည်းအကာအကွယ်မဲ့နေရင်ဆုံးရှုံးနစ်နာမှုတွေပိုများမှာပါ။ ဒါကြောင့် Cryptocurrencies နဲ့ ပတ်သက်တဲ့ နည်းပညာပိုင်းကိုလည်း လေ့လာကြပါ၊ ဥပဒေပေါ်ထွက်လာဖို့လည်းဆုတောင်းကြပါလို့အကြံပေးရင်း …………

(၂၆-၁-၂၀၂၀ မြန်မာ့အလင်းသတင်းစာပါ သန်းတိုးနိုင်၏Cryptocurrency ၏ကံကြမ္မာ  ဆောင်းပါးကောင်းနုတ်ချက်)

ကမ္ဘာတစ်ဝန်း ဝူဟန်ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုကိုအကြောင်းပြု၍ ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာဆက်လက်မြင့်တက်ခဲ့မှု

ကမ္ဘာတစ်ဝန်း ဝူဟန်ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုကိုအကြောင်းပြု၍ ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာဆက်လက်မြင့်တက်ခဲ့မှု

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှ အစပြုခဲ့သည့် ဝူဟန်ဗိုင်းရပ်စ်မှာ ကမ္ဘာတစ်ဝန်းသို့ ကူးစက်ပျံ့နှံ့မှုများ ပိုမိုဖြစ်ပေါ်လာမည့် အပေါ်စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ဆက်လက်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလမှစတင်၍လက်ရှိ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၆)ရက်အထိ ကာလအတွင်းတရုတ်နိုင်ငံ၌ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးသူ (၅၆)ဦးအထိမြင့်တက် လာပြီး နိုင်ငံတစ်ဝန်းရောဂါကူးစက်ခံထားရသူ စုစုပေါင်းအရေအတွက်မှာ(၁,၉၇၅)ဦးအထိ ရှိနေပြီ ဖြစ်သည်ဟု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၆)ရက်တွင် တရုတ်နိုင်ငံကျန်းမာရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့ကြောင်း၊ ယခုအခါ ဟူပေပြည်နယ်ရှိ ဝူဟန်မြို့နှင့်အခြားမြို့ကြီး(၁၃)မြို့၊ (၁၄)မြို့ခန့်အား ရောဂါထိန်းချုပ်သည့်သဘောဖြင့် လမ်းပန်းဆက်သွယ်သွားလာရေးကဏ္ဍကို ရပ်ဆိုင်းပိတ်ပင်ကာ အခြားသောတားမြစ်ချက်များကိုလည်း ထုတ်ပြန်ထားကြောင်း၊ အလားတူ တရုတ်နိုင်ငံ၏မြို့တော်ဘေကျင်းနှင့် အခြားမြို့ကြီးများတွင်လည်း နှစ်သစ်ကူးပွဲလမ်းသဘင် ကျင်းပမည့် အစီအစဉ်များကို မပြုလုပ်ရန်တားမြစ်ခဲ့ကြောင်း၊ ထို့ပြင်တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ရှိ ဆိပ်ကမ်းမြို့ကြီးဖြစ်သော တီယန်ကျင်းမြို့၌လည်း ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၇)ရက် (တနင်္လာနေ့)မှစ၍ ခရီးရှည်ပြေးဆွဲသည့် ခရီးသည်တင် ဘတ်စ်ကားများနှင့် စင်းလုံးငှား ဘတ်စ်ကားများကို မြို့တွင်း/ မြို့ပြင်သို့ဝင်/ ထွက်သွားလာခွင့် ပိတ်ပင်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်ရှိ လူဦးရေ(၅.၆)သန်းနေထိုင်သော ရှန်းထိုမြို့၏ တစ်စိတ်တစ်ဒေသကို ကူးလူးသွားခွင့်ပိတ်ပင်ထားပြီး ည(၁၂)နာရီအချိန်မှစ၍ ကျန်းမာရေးအရေးပေါ် ကားများမှအပ မည်သည့် မော်တော်ယာဉ်ကိုမျှ ရှန်းထိုမြို့တွင်းသို့ ဝင်ရောက်ခွင့်မပြုတော့ကြောင်း၊ ရှန်းထိုမြို့သို့ ရထားဖြင့် ရောက်ရှိလာသူများကိုလည်း ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြန်လည်ထွက်ခွာသွားကြရန် တိုက်တွန်းညွှန်ကြားသွားမည်ဖြစ်သည့်အပြင် ဘတ်စ်ကားများ၊ ကူးတို့ယာဉ်များနှင့် အငှားယာဉ်များ အပါအဝင် အများပြည်သူဆိုင်ရာ သယ်ယူပို့ရေး အစီအစဉ်များကို ရပ်ဆိုင်းသွားမည်ဟု သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၆)ရက်(တနင်္ဂနွေနေ့)တွင် နောက်ဆုံးရရှိသည့် သတင်း အချက်အလက်များအရ ဝူဟန်ဗိုင်းရပ်စ်သည် တရုတ်နိုင်ငံအတွင်း၌သာမက ထိုင်းနိုင်ငံတွင်(၇)ဦး၊ ဟောင်ကောင်တွင် (၆)ဦး၊မကာအိုတွင်(၅)ဦး၊ ဩစတြေးလျတွင်(၄)ဦး၊ မလေးရှားတွင်(၄)ဦး၊ စင်ကာပူတွင်(၄)ဦး၊ ပြင်သစ်တွင်(၃)ဦး၊ ဂျပန်တွင်(၃)ဦး၊ တောင်ကိုရီးယားတွင်(၃)ဦး၊ ထိုင်ဝမ်တွင်(၃)ဦး၊ အမေရိကန်ပြည်ထောင်စုတွင် (၃)ဦး၊ ဗီယက်နမ် (၂)ဦး၊ နီပေါ (၁)ဦးနှင့် ဖိလစ်ပိုင်တွင် (၁)ဦးစသည့် တရုတ်နိုင်ငံ၏ ပြင်ပအခြားနိုင်ငံပေါင်း(၁၄)နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်နေပြီဟု သိရှိရပါသည်။

ဝူဟန်ဗိုင်းရပ်စ် ပိုမိုပျံ့နှံ့လာခြင်းကြောင့် တရုတ်နိုင်ငံတွင်သာမက အခြားနိုင်ငံများတွင်လည်း ကူးလူးဆက်သွယ်သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများကို ပိတ်ပင်တားမြစ်မှုများ ပိုမို ပြုလုပ်လာပါက ကမ္ဘာတစ်ဝန်း စီးပွားရေးဆုတ်ယုတ်အားပျော့မှုများပါ ဖြစ်ပေါ်လာမည်ကို စိုးရိမ် ပူပန်မှုများထွက်ပေါ်လာခြင်းနှင့်အတူ ရင်းနှီးမြှုပ်နှံသူများက ရွှေဝယ်ယူစုဆောင်းမှုများ ပြုလုပ် လာကြသောကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် ကမ္ဘာ့အကြီးမားဆုံး ရွှေရောင်းဝယ်ရေးကုမ္ပဏီကြီးဖြစ်သည့် SPDR Gold Trust သည် ယခုရက်ပိုင်းအတွင်း၌ ရွှေတန်ချိန်(၂)တန်နီးပါးခန့် ထပ်မံဝယ်ယူကာ အရန်ရွှေပမာဏကို တန်ချိန် (၉၀၀.၅၈)တန် အထိတိုးမြှင့်ခဲ့ခြင်းသည်လည်း ကမ္ဘာ့ရွှေဈေးနှုန်းကိုမြင့်တက်စေသည့် အခြားအချက် တစ်ခုဖြစ်ကြောင်းသိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၅)ရက်(စနေနေ့)တွင် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေလက်ငင်း ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၇၆% မြင့်တက်ခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၇၄) ဖြင့် ဈေးပိတ်သွားခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းသည် ဇန်နဝါရီလ(၈)ရက်နေ့နောက်ပိုင်း ရက်သတ္တပတ် (၂)ပတ်အတွင်း အမြင့်ဆုံးဖြစ်ကြောင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းသည် ယခုရက်သတ္တပတ်အတွင်း ၁% ခန့် မြင့်တက်ခဲ့ကြောင်းwww.cnbc.com ဖော်ပြထားပါသည်။

အမေရိကန် – တရုတ်ပထမအဆင့် ကုန်သွယ်ရေးသဘောတူညီချက်တွင် အများမျှော်မှန်းထားသကဲ့သို့ မဟုတ်ဘဲအဓိကကျသော တရုတ်ကုန်စည်များကို အခွန်ဆက်လက်ကောက်ခံရန် ဆုံးဖြတ်ခဲ့သည့်အတွက် ကမ္ဘာ့ရွှေဈေးနှုန်းမှာပြန်လည်မြင့်တက်လာခဲ့

အမေရိကန်-တရုတ်ပထမအဆင့် ကုန်သွယ်ရေးသဘောတူညီချက်တွင် အများမျှော်မှန်းထားသကဲ့သို့ မဟုတ်ဘဲအဓိကကျသော တရုတ်ကုန်စည်များကို အခွန်ဆက်လက်ကောက်ခံရန် ဆုံးဖြတ်ခဲ့သည့်အတွက်  ကမ္ဘာ့ရွှေဈေးနှုန်းမှာ ပြန်လည်မြင့်တက်လာခဲ့

အမေရိကန်ပြည်ထောင်စု နှင့်တရုတ်နိုင်ငံတို့အကြား ပထမအဆင့်ကုန်သွယ်ရေး သဘောတူညီချက်ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၅) ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါသဘောတူညီချက်တွင် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်လယ်ယာထွက်ကုန်ပစ္စည်းများ၊ ပင်လယ်စာများ၊ စက်ပစ္စည်းများ၊ လေယာဉ်များ၊ သံမဏိများနှင့် စွမ်းအင်ပစ္စည်းများ စုစုပေါင်းအမေရိကန်ဒေါ်လာ (၂၀၀)ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများကို (၂)နှစ်အတွင်း ဝယ်ယူရန်သဘောတူညီခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုဘက်ကမူ တရုတ်ကုန်ပစ္စည်းများ အားလုံးကို အခွန်ကင်းလွတ်ခွင့်မပေးဘဲ အမေရိကန်ဒေါ်လာ(၂၅၀)ဘီလီယံခန့်တန်ဖိုးရှိ  တရုတ်ကုန်စည် များအပေါ်၌ သွင်းကုန်ခွန် ၂၅% ကောက်ခံနေခြင်းကို ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စုက အခွန်ဆက်လက်ကောက်ခံမည့် တရုတ်ကုန်စည်များတွင် အမေရိကန် ကုန်ထုတ်လုပ်ငန်းများကပုံမှန်ဝယ်ယူနေသည့် တရုတ်ကုန်ပစ္စည်းများ၊ စက်ပစ္စည်းအစိတ်အပိုင်းများ၊ အီလက်ထရောနစ်ပစ္စည်းအစိတ်အပိုင်းများပါဝင်လျက်ရှိပြီး အဆိုပါကုန်ပစ္စည်းများအား သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပေးမည့်ကိစ္စကို တရုတ်နိုင်ငံ၏ အမေရိကန်ကုန်စည်များ ဝယ်ယူမှုအတိုင်းအတာကို ကြည့်၍ အမေရိကန်-တရုတ် ဒုတိယအဆင့်ကုန်သွယ်ရေးသဘောတူညီချက်တွင် ထည့်သွင်းစဉ်းစား သွားမည်ဟု အမေရိကန်အစိုးရကကြေညာခဲ့ကြောင်း၊ ဒုတိယအဆင့် ကုန်သွယ်ရေးသဘောတူညီချက်မှာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင်ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲကာလနောက်ပိုင်းမှ အကောင်အထည်ပေါ်ပေါက်လာဖွယ်ရှိကြောင်း သိရှိရပါသည်။

အမေရိကန်-တရုတ် ပထမအဆင့်ကုန်သွယ်ရေးသဘောတူညီချက်တွင် အများမျှော်မှန်းထား သကဲ့သို့  တရုတ်ကုန်စည်များအားလုံးအပေါ် သွင်းကုန်ခွန်ကင်းလွတ်ခွင့်မပါဝင်ဘဲ တရုတ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍ၌ အရေးပါသောကုန်ပစ္စည်းများအပေါ် အမေရိကန်ပြည်ထောင်စုကသွင်းကုန်ခွန် ဆက်လက် ထားရှိသည့်ဆုံးဖြတ်ချက်ကြောင့် ကုန်သွယ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေမည့်အရေးအပေါ် စိုးရိမ်စိတ်များနှင့်အတူ ကမ္ဘာ့ရွှေဈေးမှာမြင့်တက်လာခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၆)ရက် (ကြာသပတေးနေ့)နံနက်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေလက်ငင်းရောင်းဝယ်ယူမှုဈေးနှုန်းမှာ ၀.၇% မြင့်တက်ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၅၇.၀၂) သို့ရောက်ရှိခဲ့ကြောင်း www.cnbc.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

မလေးရှားဝန်ကြီးချုပ် မဟာသီယာကို အကြောင်းပြု၍ အိန္ဒိယနိုင်ငံက မလေးရှားစားအုန်းဆီများကို အဝယ်ရပ်ဆိုင်းမှုကြောင့် မလေးရှားစားအုန်းဆီဈေးကွက်အပေါ် ဆိုးကျိုးသက်ရောက်နိုင်

မလေးရှားဝန်ကြီးချုပ် မဟာသီယာကို အကြောင်းပြု၍ အိန္ဒိယနိုင်ငံက မလေးရှားစားအုန်းဆီများကို အဝယ်ရပ်ဆိုင်းမှုကြောင့် မလေးရှားစားအုန်းဆီဈေးကွက်အပေါ် ဆိုးကျိုးသက်ရောက်နိုင်

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်သည် ကက်ရှ်မီးယားပြဿနာတွင် အိန္ဒိယအစိုးရအား ကျူးကျော်သူအဖြစ်ခေါ်ဝေါ်သုံးစွဲခဲ့ပြီး အိန္ဒိယအစိုးရ၏ နိုင်ငံသားဥပဒေပြင်ဆင်ချက်နှင့်ပတ်သက်၍လည်း ရည်ရွယ်ချက်ရှိရှိဖြင့် မငြိမ်မသက်ဖြစ်အောင် ဖန်းတီးသောလုပ်ရပ်အဖြစ် ဝေဖန်ပြောကြားခဲ့ကြောင်း၊ အိန္ဒိယအစိုးရသည် မလေးရှားဝန်ကြီးချုပ် မဟာသီယာ၏ ပြောဆိုမှုများအပေါ် လက်တုန့်ပြန်သည့်အနေဖြင့် မလေးရှားစားအုန်းဆီများကို အိန္ဒိယနိုင်ငံသို့တင်သွင်းခြင်းမပြုရန် ယခုရက်ပိုင်းအတွင်း တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်၌ စားအုန်းဆီ အများဆုံးဝယ်ယူနေသည့် နိုင်ငံဖြစ်ပြီး မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ထံမှ နှစ်စဉ်စားအုန်းဆီ စုစုပေါင်းတန်ချိန် (၉) သန်းခန့် ဝယ်ယူလျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံသည် မလေးရှားနိုင်ငံတစ်ခုတည်းထံမှ တစ်နှစ်လျှင် စားအုန်းဆီတန်ချိန် (၃.၉) သန်းခန့် ဝယ်ယူနေသည့်နိုင်ငံဖြစ်ရာ အိန္ဒိယနိုင်ငံ၏ မလေးရှားစားအုန်းဆီအဝယ်ရပ်တန့်မှုသည် မလေးရှား စားအုန်းဆီဈေးကွက်အပေါ်၌ ဆိုးကျိုးသက်ရောက်မှုများဖြစ်ပေါ်စေပြီးပြိုင်ဘက် အင်ဒိုနီးရှားစားအုန်းဆီ ဈေးကွက်အပေါ်၌မူ အကျိုးကျေးဇူးများဖြစ်ပေါ်လာနိုင်ကြောင်း သိရှိရပါသည်။

မလေးရှား စားအုန်းဆီလုပ်ငန်းရှင်များ အသင်းဥက္ကဌ ဂျမီးလ်ဟာရွန်က ပြောကြားရာ၌ စားအုန်းဆီ ကဏ္ဍသည် မလေးရှားနိုင်ငံ၏ စုစုပေါင်း ပို့ကုန်ပမာဏအနက် ၄.၅% ကိုလည်းကောင်း၊ GDP ပမာဏ၏ ၂.၈% ကိုလည်းကောင်း ပိုင်ဆိုင်ထားသောကဏ္ဍဖြစ်ရာ အိန္ဒိယအစိုးရ၏ တားမြစ်ပိတ်ပင်မှုကြောင့် မလေးရှားနိုင်ငံတွင် အခက်အခဲများကြုံတွေ့နိုင်ကြောင်း၊ မလေးရှားနိုင်ငံသည် အိန္ဒိယဈေးကွက်ကို ဆုံးရှုံးသွားသည့်အတွက် အခြားဈေးကွက်များကို တိုးချဲ့ရှာဖွေရမည်ဖြစ်ရာအင်ဒိုနီးရှားနှင့် မလေးရှားတို့၏ စားအုန်းဆီဈေးကွက်ပြိုင်ဆိုင်မှုမှာ ပိုမိုပြင်းထန်လာနိုင်ပြီး အပြိုင်ဈေးလျှော့ရောင်းချရာမှတစ်ဆင့် နှစ်ဖက်စလုံး ဆုံးရှုံးမှုများနှင့် ကြုံတွေ့နိုင်သည်ဟုပြောကြားခဲ့ကြောင်း www. channelnewsasia.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

တောင်ငူမြို့၊ စုံစမ်းစစ်ဆေးမှု အတတ်ပညာ သင်ကျောင်း၌ ဦးစီးအရာရှိ (စုံစမ်းရေး) မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

တောင်ငူမြို့၊ စုံစမ်းစစ်ဆေးမှု အတတ်ပညာ သင်ကျောင်း၌ ဦးစီးအရာရှိ (စုံစမ်းရေး) မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ရှိ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှု အတတ်ပညာသင်ကျောင်း၌ ၁၀-၁-၂၀၂၀ ရက်နေ့ (၀၈၃၀)အချိန်တွင် ဦးစီးအရာရှိ (စုံစမ်းရေး) မွမ်းမံ သင်တန်း အမှတ်စဉ်(၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အခမ်းအနားတွင် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းနိုင်ထွန်းမှ အမှာစကား ပြောကြားခဲ့ပြီး သင်တန်းထူးချွန်ဆုရ သင်တန်းသားများအား ဆုချီးမြှင့်ပေးခဲ့ပါသည်။

ဦးစီးအရာရှိ (စုံစမ်းရေး) မွမ်းမံသင်တန်းသို့ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ သင်တန်းသား (၂၀)ဦး၊ သင်တန်းသူ(၂)ဦးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သင်တန်းသား(၃)ဦး၊ စုစုပေါင်း (၂၅)ဦးတို့ သင်တန်းကာလ ရက်သတ္တပတ် (၈)ပတ် တက်ရောက်ခဲ့ကြပါသည်။

အီရန်နိုင်ငံအပေါ်စစ်ရေးအရထပ်မံမတိုက်ခိုက်နိုင်ရန်အတွက် သမ္မတဒေါ်နယ်ထရန့်၏ လုပ်ပိုင်ခွင့်ကို ထိန်းချုပ်သော ဆုံးဖြတ်ချက်ကို အမေရိကန်အောက်လွှတ်တော်ကအတည်ပြုခဲ့

အီရန်နိုင်ငံအပေါ်စစ်ရေးအရထပ်မံမတိုက်ခိုက်နိုင်ရန်အတွက် သမ္မတဒေါ်နယ်ထရန့်၏ လုပ်ပိုင်ခွင့်ကိုထိန်းချုပ်သော ဆုံးဖြတ်ချက်ကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့

အမေရိကန် အောက်လွှတ်တော်သည် အီရန်နိုင်ငံအပေါ် စစ်ရေးအရတုန့်ပြန်မှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် သမ္မတဒေါ်နယ်ထရန့်၏ လုပ်ပိုင်ခွင့်ကိုထိန်းချုပ်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၉)ရက်(ကြာသပတေးနေ့)တွင်ချမှတ်ခဲ့ကြောင်း၊ အတိုက်အခံဒီမိုကရက်တစ်ပါတီသည် အီရန်အရေးကိစ္စနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရန့်၏ ဆောင်ရွက်မှုများကြောင့် အရှေ့အလယ်ပိုင်း ဒေသအတွင်းတင်းမာမှုများကို ပိုမိုမြင့်တက်လာမည့်အရေးကို စိုးရိမ်ပူပန်နေသည့်အတွက် သမ္မတ၏ အီရန်အရေးနှင့်ပတ်သက်သောစစ်ရေးအာဏာကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်ကာ အောက်လွှတ်တော်၌ အဆိုတင်သွင်းမဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုကရက်တစ်ပါတီမှတင်သွင်းသော အဆိုကို ဒီမိုကရက်တစ်အင်အားကောင်းသော အောက်လွှတ်တော်တွင် ဇန်နဝါရီလ(၉)ရက်နေ့၌ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၂၂၄)မဲ၊ ကန့်ကွက်မဲ(၁၉၄)မဲဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အောက်လွှတ်တော်၌ စုစုပေါင်းအမတ်နေရာ(၄၃၁)နေရာရှိသည့်အနက်  ဒီမိုကရက်တစ်ပါတီ (၂၃၂)နေရာ၊ ရီပတ်ဗလစ်ကန်ပါတီ (၁၉၈) နေရာ၊ တစ်သီးပုဂ္ဂလ(၁)နေရာ အသီးသီးရရှိထားကြောင်း၊ ဇန်နဝါရီလ(၉)ရက် (ကြာသပတေးနေ့)တွင် အောက်လွှတ်တော်သို့ အမတ်ဦးရေ(၄၁၈)ဦးတက်ရောက် မဲပေးခဲ့ကြကြောင်း၊ အောက်လွှတ်တော်၏ ယခုဆုံးဖြတ်ချက်တွင် သမ္မတဒေါ်နယ်ထရန့်အနေဖြင့် အမေရိကန်ကွန်ဂရက်လွှတ်တော် (အထက် လွှတ်တော်+အောက်လွှတ်တော်)၏ထောက်ခံမှုကိုမရရှိပါက အီရန်အပေါ် စစ်ရေးအရ ထပ်မံအရေးယူရန် စီစဉ်နေမှုကို ရက်ပေါင်း(၃၀)အတွင်းရပ်ဆိုင်းရန်တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီက ယခုဆုံးဖြတ်ချက်သည် လွှတ်တော် အနေဖြင့် သမ္မတ၏စစ်ရေးဆောင်ရွက်မှုများကို စစ်ဆေးနိုင်ရန်အတွက် အာဏာအပ်နှင်းထားသော ဆုံးဖြတ်ချက်ဖြစ်သည်ဟုပြောကြားခဲ့ကြောင်း၊ သို့သော်ရီပတ်ဗလစ်ကန်အမတ်များကမူ လွှတ်တော် အနေဖြင့် သမ္မတ၏ စစ်ရေးအာဏာအပေါ်ထိန်းချုပ်မှုကြောင့် အမေရိကန်ပြည်ထောင်စုအတွက် အန္တရာယ်ကျရောက်မည့်အချိန်တွင် သမ္မတ၏တုံ့ပြန်မှုများမှာ နှေးကွေးသွားနိုင်သောကြောင့် ယခု ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြကြောင်း သိရှိရပါသည်။အမေရိကန်အောက်လွှတ်တော်မှ အတည်ပြုချက်ရယူပြီးသော ယခုဆုံးဖြတ်ချက်ကို အထက် လွှတ်တော်၌ မကြာမီမဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း၊ အထက်လွှတ်တော်တွင်အမတ်နေရာ(၁၀၀) ရှိသည့်အနက် ရီပတ်ဗလစ်ကန်ပါတီက (၅၃)နေရာ၊ ဒီမိုကရက်တစ်ပါတီက (၄၅)နေရာနှင့် တစ်သီးပုဂ္ဂလ (၂)နေရာတို့အသီးသီးပိုင်ဆိုင်ထားရာ သမ္မတဒေါ်နယ်ထရန့်အတွက် အခြေအနေကောင်းများ ဖြစ်ထွန်း နိုင်ကြောင်း၊  သို့သော် အထက်လွှတ်တော်ရှိ ရီပတ်ဗလစ်ကန်ပါတီအမတ်အချို့သည်  ဒေါ်နယ်ထရန့်၏ စစ်ရေးလုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်လိုသည့် သဘောထားရှိကြသောကြောင့် အောက်လွှတ်တော်မှ တင်သွင်းသည့် ယခုအဆိုကိုအထက်လွှတ်တော်တွင်မဲခွဲရာ၌ သမ္မတဒေါ်နယ်ထရန့်အနေဖြင့် အနိုင်ရရှိသည့်တိုင် မဲကွာဟချက်ကျဉ်းမြောင်းဖွယ်ရှိကြောင်း www.cnbc.com website တွင် ဖော်ပြပါရှိပါသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများနှင့် အစိုးရထောက်ခံရေးဆန္ဒပြပွဲများ ပြိုင်တူဖြစ်ပွားခဲ့ရာ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများနှင့် အစိုးရထောက်ခံရေးဆန္ဒပြပွဲများ ပြိုင်တူဖြစ်ပွားခဲ့ရာ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူထောင်ပေါင်းများစွာသည် ဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာနှင့် ၎င်း၏အစိုးရအားဆန့်ကျင်သည့်အနေဖြင့် ဘန်ကောက်မြို့ရှိ ဗာချိုင်ရာဘန်ဂျာတက်စ်ပန်းခြံ၌ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၁၂)ရက်(တနင်္ဂနွေနေ့)နံနက်ပိုင်းတွင် စုဝေးဆန္ဒပြခဲ့ကြပြီး နိုင်ငံရေးလွတ်လပ်ခွင့် ပိုမို တိုးမြှင့်ပေးရန်အစိုးထံသို့တောင်းဆိုခဲ့ကြသည်ဟုသိရှိရပါသည်။ ယခုစုဝေးကျင်းပပြုလုပ်သော အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲသည် ထိုင်းနိုင်ငံ၌ တစ်လအတွင်း ဒုတိယအကြိမ်မြောက် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဆန္ဒပြသူများမှ အာဏာရှင်စနစ်အားမလိုလားဘဲ စစ်မှန်သည့် ဒီမိုကရေစီအစိုးရကိုသာ လိုလားသည့်အတွက် “အာဏာရှင်စနစ်အားတွန်းလှန်ကြ”ဟူသော ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြကြောင်း၊ အဆိုပါဆန္ဒပြပွဲသို့ လူထောင်ပေါင်းများစွာသည် တီရှပ်များနှင့် ခါးစည်းများဝတ်ဆင်၍ဆန္ဒပြခဲ့ကြကာ ဆန္ဒပြပွဲစီစဉ်သူများ၏ ပြောကြားချက်အရ အဆိုပါ ဆန္ဒပြပွဲသို့ပါဝင်ရန် လူပေါင်း(၁၀,၀၀၀)ခန့်စာရင်းပေးသွင်းထားခဲ့ပြီး ထိုင်းနိုင်ငံ၏အခြားသော ပြည်နယ် များ၌ပါ ကျင်းပပြုလုပ်သွားရန်စီစဉ်ထားကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံသည် ယခင်ကာလများကဲ့သို့ မည်သည့်အရာမျှပြောင်းလဲတိုးတက်မှုမရှိသည့်အပြင် နိုင်ငံ၏စီးပွားရေးမှာလည်းတိုးတက်လာခြင်းမရှိသည့်အတွက် ယခုကဲ့သို့အစိုးရအားစုဝေးကာဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟုသိရှိရပါသည်။

အလားတူ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၁၂)ရက်(တနင်္ဂနွေနေ့)နံနက်ပိုင်း၌ပင် ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာနှင့် ထိုင်းအစိုးရအား ထောက်ခံသူ(၁၀,၀၀၀)ခန့်သည် ဘန်ကောက်မြို့ရှိ လုံမ္ပနီ ဥယျာဉ်သို့ စုရုံးရောက်ရှိလာခဲ့ပြီး ပရာရွတ်ချန်အိုချာအား ထိုင်းဝန်ကြီးချုပ်အဖြစ် ဆက်လက်ရပ် တည်ပေးရန် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း၊ အစိုးရထောက်ခံသူများသည် လုံမ္ပနီဥယျာဉ်၌ နံနက်(၀၅ : ၃၀)မှ စတင်၍ စုရုံးရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး “ပရာရွတ်အတွက်ဆက်လက်ချီတက်ကြ” ဟူသော စာသား များရေးထိုးထားသည့်တီရှပ်နှင့်ဦးထုပ်များဝတ်ဆင်ကာ နိုင်ငံတော်သီချင်းအားသီဆို၍ ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း၊ အစိုးရအားထောက်ခဲ့သည့်ဆန္ဒပြသူများအနေဖြင့် ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာသည် ထိုင်းနိုင်ငံ၏ငြိမ်းချမ်းရေးပြန်လည်ရရှိအောင် လုပ်ဆောင်ပေးသူဖြစ်ပြီး တိုင်းပြည်တိုးတက်ရေးအတွက် များစွာပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့သူဖြစ်သည့်အတွက် ယခုကဲ့သို့ ဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာအား ထိုင်းဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန် ထမ်းဆောင် ပေးရန် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရှိရပါသည်။

ထိုင်းနိုင်ငံ၌ဖြစ်ပွားလျက်ရှိသော နိုင်ငံရေးတင်းမာမှုများသည် ယခင်ကာလများနှင့်နှိုင်းယှဉ်ပါက ပိုမိုဆိုးရွားလာခြင်းမရှိသော်လည်း ထိုင်းအထွေထွေ​ရွေးကောက်ပွဲအပြီး ဆက်လက်ဖြစ်ပေါ် နေသည့် နိုင်ငံရေးမငြိမ်သက်မှုများကြောင့် ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ နှေးကွေးလျက်ရှိပြီး အိမ်နီးချင်းဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့နှင့်နှိုင်းယှဉ်ပါက ကျဆင်းလျက်ရှိသည်ဟု သိရှိရကြောင်းဖြင့် www.bangkokpost. com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။