အီရန်နိုင်ငံအပေါ်စစ်ရေးအရထပ်မံမတိုက်ခိုက်နိုင်ရန်အတွက် သမ္မတဒေါ်နယ်ထရန့်၏ လုပ်ပိုင်ခွင့်ကိုထိန်းချုပ်သော ဆုံးဖြတ်ချက်ကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့

အမေရိကန် အောက်လွှတ်တော်သည် အီရန်နိုင်ငံအပေါ် စစ်ရေးအရတုန့်ပြန်မှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် သမ္မတဒေါ်နယ်ထရန့်၏ လုပ်ပိုင်ခွင့်ကိုထိန်းချုပ်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၉)ရက်(ကြာသပတေးနေ့)တွင်ချမှတ်ခဲ့ကြောင်း၊ အတိုက်အခံဒီမိုကရက်တစ်ပါတီသည် အီရန်အရေးကိစ္စနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရန့်၏ ဆောင်ရွက်မှုများကြောင့် အရှေ့အလယ်ပိုင်း ဒေသအတွင်းတင်းမာမှုများကို ပိုမိုမြင့်တက်လာမည့်အရေးကို စိုးရိမ်ပူပန်နေသည့်အတွက် သမ္မတ၏ အီရန်အရေးနှင့်ပတ်သက်သောစစ်ရေးအာဏာကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်ကာ အောက်လွှတ်တော်၌ အဆိုတင်သွင်းမဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုကရက်တစ်ပါတီမှတင်သွင်းသော အဆိုကို ဒီမိုကရက်တစ်အင်အားကောင်းသော အောက်လွှတ်တော်တွင် ဇန်နဝါရီလ(၉)ရက်နေ့၌ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၂၂၄)မဲ၊ ကန့်ကွက်မဲ(၁၉၄)မဲဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အောက်လွှတ်တော်၌ စုစုပေါင်းအမတ်နေရာ(၄၃၁)နေရာရှိသည့်အနက်  ဒီမိုကရက်တစ်ပါတီ (၂၃၂)နေရာ၊ ရီပတ်ဗလစ်ကန်ပါတီ (၁၉၈) နေရာ၊ တစ်သီးပုဂ္ဂလ(၁)နေရာ အသီးသီးရရှိထားကြောင်း၊ ဇန်နဝါရီလ(၉)ရက် (ကြာသပတေးနေ့)တွင် အောက်လွှတ်တော်သို့ အမတ်ဦးရေ(၄၁၈)ဦးတက်ရောက် မဲပေးခဲ့ကြကြောင်း၊ အောက်လွှတ်တော်၏ ယခုဆုံးဖြတ်ချက်တွင် သမ္မတဒေါ်နယ်ထရန့်အနေဖြင့် အမေရိကန်ကွန်ဂရက်လွှတ်တော် (အထက် လွှတ်တော်+အောက်လွှတ်တော်)၏ထောက်ခံမှုကိုမရရှိပါက အီရန်အပေါ် စစ်ရေးအရ ထပ်မံအရေးယူရန် စီစဉ်နေမှုကို ရက်ပေါင်း(၃၀)အတွင်းရပ်ဆိုင်းရန်တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီက ယခုဆုံးဖြတ်ချက်သည် လွှတ်တော် အနေဖြင့် သမ္မတ၏စစ်ရေးဆောင်ရွက်မှုများကို စစ်ဆေးနိုင်ရန်အတွက် အာဏာအပ်နှင်းထားသော ဆုံးဖြတ်ချက်ဖြစ်သည်ဟုပြောကြားခဲ့ကြောင်း၊ သို့သော်ရီပတ်ဗလစ်ကန်အမတ်များကမူ လွှတ်တော် အနေဖြင့် သမ္မတ၏ စစ်ရေးအာဏာအပေါ်ထိန်းချုပ်မှုကြောင့် အမေရိကန်ပြည်ထောင်စုအတွက် အန္တရာယ်ကျရောက်မည့်အချိန်တွင် သမ္မတ၏တုံ့ပြန်မှုများမှာ နှေးကွေးသွားနိုင်သောကြောင့် ယခု ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြကြောင်း သိရှိရပါသည်။အမေရိကန်အောက်လွှတ်တော်မှ အတည်ပြုချက်ရယူပြီးသော ယခုဆုံးဖြတ်ချက်ကို အထက် လွှတ်တော်၌ မကြာမီမဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း၊ အထက်လွှတ်တော်တွင်အမတ်နေရာ(၁၀၀) ရှိသည့်အနက် ရီပတ်ဗလစ်ကန်ပါတီက (၅၃)နေရာ၊ ဒီမိုကရက်တစ်ပါတီက (၄၅)နေရာနှင့် တစ်သီးပုဂ္ဂလ (၂)နေရာတို့အသီးသီးပိုင်ဆိုင်ထားရာ သမ္မတဒေါ်နယ်ထရန့်အတွက် အခြေအနေကောင်းများ ဖြစ်ထွန်း နိုင်ကြောင်း၊  သို့သော် အထက်လွှတ်တော်ရှိ ရီပတ်ဗလစ်ကန်ပါတီအမတ်အချို့သည်  ဒေါ်နယ်ထရန့်၏ စစ်ရေးလုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်လိုသည့် သဘောထားရှိကြသောကြောင့် အောက်လွှတ်တော်မှ တင်သွင်းသည့် ယခုအဆိုကိုအထက်လွှတ်တော်တွင်မဲခွဲရာ၌ သမ္မတဒေါ်နယ်ထရန့်အနေဖြင့် အနိုင်ရရှိသည့်တိုင် မဲကွာဟချက်ကျဉ်းမြောင်းဖွယ်ရှိကြောင်း www.cnbc.com website တွင် ဖော်ပြပါရှိပါသည်။