ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲအပြီး နိုင်ငံရေးပါတီများ၏ အားပြိုင်မှုကြောင့် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေးမှာ နှောင့်နှေးလျက်ရှိသော်လည်း မထင်မှတ်ဘဲဝင်ရောက်လာသည့် ပြည်ပအရင်းအနှီးများကြောင့် ဘတ်ငွေတန်ဖိုးမှာ မြင့်တက်လာခဲ့မှု
ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲပြီးဆုံးပြီးနောက်တွင် တပ်မတော်အစိုးရကို ကျောထောက်နောက်ခံပြုထားသည့် ပါလန်ပရာချာရတ်ပါတီ (PPRP) သည် ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရန်အတွက် အပေးအယူလုပ်သည့်အနေဖြင့် ကြားနေနိုင်ငံရေးပါတီကြီးဖြစ်သော ဒီမိုကရက်ပါတီ၏ လွှတ်တော်အမတ်ဝန်ကြီးချုပ်ဟောင်း ချွန်လိပိုင်ကို အောက်လွှတ်တော်ဥက္ကဋ္ဌနေရာ ရရှိစေရန်အတွက် ထောက်ခံမဲပေးခဲ့ပြီး ဒီမိုကရက်ပါတီနှင့်ညှိနှိုင်းခဲ့ကြောင်း၊ သို့သော် ဒီမိုကရက်ပါတီသည် အစိုးရအဖွဲ့၌ လယ်ယာစိုက်ပျိုးရေးဝန်ကြီး၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနှင့် လူမှုဘဝလုံခြုံရေးဝန်ကြီးအစရှိသည့် ဝန်ကြီး (၃) နေရာကိုပါ ဒီမိုကရက်ပါတီဝင်များအားခန့်အပ်ရန် ထပ်မံတောင်းဆိုခဲ့သည့်အပေါ် PPRP က သဘောတူခြင်းမရှိသေးသည့်အတွက် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးဆွေးနွေးပွဲမှာ ရပ်ဆိုင်းလျက်ရှိကြောင်း သိရှိရပါသည်။
သက်ဆင်ကို လိုလားသောပွေထိုင်းပါတီဦးဆောင်သည့် မဟာမိတ်ပါတီများအဖွဲ့သည် မူလက ပွေထိုင်းပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ အမျိုးသမီးနိုင်ငံရေးသမား ဆူဒါရတ်အားဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းရန် စီစဉ်ထားခြင်းကို ဖျက်သိမ်း၍ ယင်လပ်အစိုးရလက်ထက်၌ ပို့ဆောင်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ချာချက်စီတီပတ်နှင့် တရားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူချိုက်ကာဆန်နစ်တီဆရီတို့အနက်မှ တစ်ဦးကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းရန် စီစဉ်နေကြောင်း၊ ကြားနေနိုင်ငံရေးပါတီကြီးများသည် PPRP နှင့် ညှိနှိုင်း၍မရပါက ပွေထိုင်းပါတီနှင့်ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းမည့် အနေအထားရှိကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲအပြီးနိုင်ငံရေးပါတီများ၏ အားပြိုင်မှုကြောင့် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေးမှာ နှောင့်နှေးလျက်ရှိသော်လည်းမထင်မှတ်ဘဲဝင်ရောက်လာသည့် ပြည်ပအရင်းအနှီးများကြောင့် ဘတ်ငွေတန်ဖိုးမှာ မြင့်တက်လာခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏ ကုန်ထုန်လုပ်မှုဆက်တိုက်တိုးတက်လာခဲ့ခြင်းကို အကြောင်းပြု၍ ထိုင်းစတော့ရှယ်ယာဈေးကွက်အတွင်းသို့ ပြည်ပနိုင်ငံများမှ အရင်းအနှီးများယခုရက်သတ္တပတ်အတွင်း ဆက်တိုက်ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်၊ မေလ (၂၈) ရက် (အင်္ဂါနေ့) တစ်ရက်တာကာလအတွင်း၌ပင် ထိုင်းစတော့ရှယ်ယာများကို ပြည်ပရင်းနှီးမြှုပ်နှံသူများက ဝယ်ယူမှုပမာဏသည် အမေရိကန်ဒေါ်လာ (၃၉၃) သန်းခန့်ရှိခဲ့ကြောင်း၊အလားတူယခုမေလအတွင်း ထိုင်းငွေတိုက်စာချုပ်များအား ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ စုစုပေါင်းဝယ်ယူမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၆၀၅) သန်းခန့်ရှိခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် အမေရိကန်အစိုးရသည် ထိုင်းနိုင်ငံအားငွေကြေးတန်ဖိုးကို တမင်နှိမ့်ချထားသည့် နိုင်ငံများစာရင်းတွင် ထည့်သွင်း၍ ကုန်သွယ်ရေးအရ အရေးယူရန် စဉ်းစားနေကြောင်းကို ကြိုတင်သတိပေးခဲ့သည့်အတွက် ထိုင်းဗဟိုဘဏ်အနေဖြင့် ဘတ်ငွေနှင့်ပတ်သက်သည့် ငွေကြေးမူဝါဒများကို အမြန်ဆုံးတင်းကြပ်နိုင်ရန် စီစဉ်နေခြင်းမှာလည်း ဘတ်ငွေတန်ဖိုးကိုမြင့်တက်စေသည့်အခြားအချက်တစ်ခုဖြစ်ကြောင်းသိရှိရပါသည်။
ဘတ်ငွေတန်ဖိုးသည် ယခုမေလအတွင်း ၀.၃% အထိမြင့်တက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊မေလ (၃၀) ရက် (ကြာသတေးနေ့) ၌ အမေရိကန်တစ်ဒေါ်လာလျှင်(၃၁.၈၀) ဘတ်လဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ လက်ရှိအချိန်၌ ဘတ်ငွေသည် အာရှဒေသသုံးငွေကြေးများအနက် အားအကောင်းဆုံးငွေကြေးအဖြစ် ရပ်တည်နေကြောင်း www.bangkokpost.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။